Wednesday, August 11, 2010

သာစွလေ ...

နေ့စဉ်နဲ့အမျှ အင်တာနက် စာမျက်နှာတွေပေါ်က သတင်းတွေပဲ ဖတ်ဖတ်၊ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွေပဲ ကြည့်ကြည့် ဣဋ္ဌာရုံသတင်းထက် အနိဋ္ဌာရုံက ပိုများနေတတ်တယ်။ စီးပွါးရေး ပြဿနာတွေ၊ လူမှုရေး အငြင်းပွါးမှုတွေ၊ လူသေမှု လူသတ်မှု စတဲ့ ရာဇ၀တ်မှုတွေ၊ စစ်ပွဲတွေ၊ အစွန်းရောက်သူတို့၏ အဓိပ္ပါယ်မဲ့လုပ်ရပ်တွေ စတဲ့သတင်းတွေကို အမြဲလိုလို မြင်နေ ကြားနေရတယ်။ မြန်မာ့သတင်း ဖတ်ပြန်တော့လဲ အလိုမကျစရာ၊ အားမရစရာတွေနဲ့ ဒေါသမနဿတွေ ပွါးရပြန်တယ်။ အဲဒီလို သတင်းတွေဖတ်ပြီး ကြည့်ပြီးတိုင်း လူကညစ်ညူး ထိုင်းမှိုင်းပြီး စိတ်တွေ မကြည်လင်တော့ဘူး။

ဟိုအရင်တုန်းကတော့ … အပြင်လက်တွေ့ဘ၀မှာ လူတွေနဲ့ ဆက်ဆံရတာ ငြီးငွေ့ခဲ့ဖူးတယ်။ စိတ်ရှုပ်စရာ ပစ္စက္ခက ခေတ္တပုန်းရှောင်ချင်တဲ့အခါ အင်တာနက်ကမ္ဘာလေးထဲမှာ စီးမျောရင်း သာယာခဲ့ဖူးတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို လစ်လျူရှုပြီး ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ သိချင် စူးစမ်းချင်တယ်၊ ရပ်ကွက်ထဲက အဒေါ်ကြီး နေမကောင်းလို့ ဆေးရုံတင်ရတာ သွားမမေးအားဘူး၊ ဟိုကမ္ဘာတခြမ်းမှာ ဘယ်သူတွေဘာဖြစ်နေလဲဆိုတာ စိတ်ဝင်စားခဲ့မိတယ်။ ဒီလိုနဲ့ သိချင်လို့ စူးစမ်းရင်း အတော်အသင့် သိလာတဲ့အခါ မသိချင်တော့ပြန်ဘူး။ လူ့စိတ်ဆိုတာ အဆန်းသားလား။

ခုဒီကိုရောက်နေချိန်မှာ နေ့တိုင်း မြင်ရကြားရတဲ့ သတင်းတွေက ပိုပြီး စိတ်မသက်သာစရာ။ တီဗီက သတင်းတွေနဲ့ လွတ်အောင် အင်တာနက်ထဲဝင်ပြန်တော့လဲ ထူးမခြားနား သတင်းတွေနဲ့ တိုးပြန်တယ်။ ဘယ်လိုလုပ်ရမလဲ … ။
***
ဒီလိုနဲ့ နေသာတဲ့ နေ့တနေ့မှာ တီဗီပိတ် ကွန်ပျူတာပိတ်ပြီး အိတ်ကလေးတလုံးနဲ့ ဂါးဒင်းစန်တာကို ရောက်သွားတယ်။ သစ်ပင် ပန်းပင်လေးတွေ တိရစ္ဆာန်လေးတွေ တွေ့ရမြင်ရတာ စိတ်ချမ်းသာစရာ … ။ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ လေပြေရဲ့ လတ်ဆတ်မှုတွေကြောင့် ညစ်ညူးနေတဲ့ စိတ်တွေ ပြန်ပြီး လန်းဆန်းလာတယ်။

နောက်ရက် ဘာမင်ဂမ်ကျောင်းကို သွားတော့လဲ ကျောင်းပရ၀ုဏ်ထဲ ၀င်လိုက်တာနဲ့ စေတီထက်က ဆည်းလည်းသံ တလွင်လွင်က စိတ်ကို ကြည်နူးစေတယ်၊ သဒ္ဓါတရားပွါးများစေတယ်။ ဘုရားရိပ် တရားရိပ်ကို ခိုလှုံရတော့ စိတ်တွေငြိမ်းချမ်း အေးမြ ကြည်လင်လို့ပေါ့။ ဒီလိုကျတော့လဲ လောကကြီးက သာယာလွန်းလိုက်တာလို့ တွေးမိပြီး ပီတိတွေ ဖြစ်လို့ … ။

ဒါနဲ့ပဲ ကဗျာတပုဒ်ရေးဖြစ်တယ်။ အနိဋ္ဌာရုံတွေကနေ ဝေးကွာနေတဲ့ အခိုက်အတန့်လေးမှာ သာယာတဲ့ လောကကြီးက အနားမှာ ရှိနေတယ်လေ။ ဒီသာယာမှုလေးကိုပဲ ဖက်တွယ်ပြီး စိတ်ချမ်းမြေ့စရာ လောကကြီးအဖြစ် ခဏတဖြုတ် စိတ်ကူးယဉ်မိတဲ့ ကဗျာဆိုပါတော့၊ ဖတ်ကြည့်ကြပါအုံး ... ။
***
“သာစွလေ”

သာစွလေ …
ဤမြေမှာကြီး
ဤအသီးနှင့်
ထိန်ညီးပွင့်ဆန်း
ဤသည့်ပန်းနှင့်
စိမ်းလန်းစိုဝင်း
မြမြက်ခင်းနှင့်
တေးချင်းသံသာ
သာရကာနှင့်
ဝေဆာသာမော
ဤသည့်တောဝယ်
သောကမြူဝေး
ငြိမ်းအေးပေစွ

သာစွလေ … ။

သာစွလေ …
ဤမြေစခန်း
စေတီနန်းနှင့်

သင်္ကန်းရောင်ဝါ
မြတ်သံဃာနှင့်
မေတ္တာဖြန့်ကျက်
ဓမ္မစက်နှင့်
မိန့်မြွက်သံလွင်
ဓမ္မသဘင်နှင့်
များဖြင်စည်ဝေ
ဤသည့်မြေမှာ
သာသနာလွှမ်း
ငြိမ်းချမ်းပေစွ
သာစွလေ … ။
***
မေဓာဝီ
၆၊ သြဂုတ်၊ ၂၀၁၀
၁၀း၃၁ နာရီ

11 comments:

Anonymous said...

ကဗျာလေးကောင်းတယ် ... ဟုတ်တယ် စိတ်ညစ်စရာ တွေ များလာတော့လည်း တခါတလေ စိတ်သက်သာရာ ကြည်နူးစရာ လေးတွေ လည်း ခံစားချင်မိတာ လူ့သဘာဝ ဘဲ လေ ...

mie nge

Anonymous said...

ကြီးမေ
ကဗျာရွတ်သွားပြီဗျ ကောင်းတယ်
ကမ္ဘာပေါ်ရှိလူသားအားလုံး မေတ္တာတွေဖြန့်ကျက်ပြီးနေနိုင်ကြပါစေ
ဒေါ်လေးခေါ်လည်း ရပါတယ်ဗျ ဒါလည်း အမည်တစ်ခုပေါ့ ရှမ်းပြောင်းဖူး ကောင်းတာလေးတွေ ရတော့မှ ဓါတ်ပုံရိုက်ပြီးပေးမယ်နော ကြီးမေရေ ရွှေပြည်ကဈေးနဲ့တွက်ကြည့်ပြီး ဈေးကြီးတယ်ပြောမိတာ သူ့အရပ်နဲ့ သူဇာတ်တော့ ဟုတ်ပေမပေါ့ ဘာဘဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာလေးတွေဖြစ်နေ လုပ်နေ စားနေရရင် ကောင်းတာဘဲ မဟုတ်လား
ကြီးမေ သောကမြူဝေးပြီး တရားဓမ္မများဖြင့် ပျော်စေ

ခင်မင်စွာဖြင့်
အရီးလေး seesein

SHWE ZIN U said...

မမေဓါ ကဗျာလေး အတိုင်း အမြန်ဆုံးရောက်နိုင်ပါစေလို့ တိတ်တခိုး ဆုတောင်း နေပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

“များဖြင်စည်ဝေ” မှာ “များဖြင့်စည်ဝေ” လာလို့
အန်တီ ....း)

ကိုအောင်(ပျူနိုင်ငံ) said...

“များဖြင်စည်ဝေ” မှာ “များဖြင့်စည်ဝေ” လာလို့
အန်တီ ....း)

မေဓာဝီ said...

ကိုအောင်ရေ ...
များဖြင် ပါပဲ။ များဖြင့် မဟုတ်ပါဘူး(အောက်ကမြစ် မပါပါဘူး။)
အပေါ်မှာရေးထားတဲ့ "ဓမ္မသဘင်နှင့်" က "ဘင်" နဲ့ "များဖြင်" က "ဖြင်" နဲ့ကို ကာရန်တူရေးထားတာပါ။ များဖြင် ဆိုတာ များပြားတယ် စည်ပင်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာပါ။ ကျမလဲ ကိုအောင်ပြောမှ စာအသုံးအနှုန်းနဲ့ စာလုံးပေါင်းများ မှားသွားသလားလို့ ဘုတ်အုပ် ပြန်လှန်ကြည့်တော့ ...

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနဲ့ ခွဲထားစာအုပ် စာမျက်နှာ ၁၉၃ မှာ "များဖြင်" ဆိုတဲ့ စာလုံးကိုတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ခုလိုသေချာဖတ်ရှုထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အမှုမဲ့ မဖတ်ဖူးဆိုတာ သိရတဲ့အတွက် ၀မ်းလည်းသာမိတယ်။ နောက်လဲ မှားတယ်ထင်တာပဲဖြစ်ဖြစ် အမှားတွေ့တာပဲဖြစ်ဖြစ် ခုလိုပဲ ပြောပြပေးပါနော်။

ဒေါ်လေးစည်းစိမ်ရေ ... ဒေါ်လေးက ကိုယ့်ကိုယ်ကို အရီးလေးဆိုတော့ အမကြီးလုပ်သူ မရွှေစင်က အရည်းကြီးဖြစ်သွားမှာပေါ့နော် ဟဲဟဲ။ (မရွှေစင် စိတ်မဆိုးနဲ့နော် ချစ်လို့နောက်တာ)

အားလုံးကို ကျေးဇူးပါ။

Anonymous said...

ကြီးမေ
အဘိဓမ္မာ ဘလော့ထဲ ၀င်တယ်ဗျ ၀င်လို့လည်းမရဘူး
နည်းလမ်းလေးရှိရင်ပေးပါအုန်း

ခင်မင်စွာဖြင့်
seesein

ကိုကိုမောင်(ပန်းရနံ့) said...

သာစွလေ...

ဤရိပ်မြုံနန်း
ဤစောင်းတန်းနှင့်

ဆည်းလည်းခတ်သံ
လွင့်ပျံပျံနှင့်

ရွှေရောင်ဝင်းဝင်း
တင့်တယ်ခြင်းနှင့်

ကြည်ညိုဖွယ်ရာ
စေတီသာနှင့်

ဤသည့်ဝနာ
တောရိပ်မှာလျင်
ကြည်သာရွှင်ပြ
အေးမြပေစွ
သာစွလေ....။


ခင်မင်လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)

ရေတမာ said...

ငြိမ်းအေးပေစွ သာစွလေ........း)

~ဏီလင်းညို~ said...

မမေရေ့

ဟုတ်မယ်.......စိတ်ညစ်စရာအကြောင်းတွေများနေမယ်ဆိုတာ....။
အနော်လည်း အားကြီးညစ်နေလို့ ဘာမှမလုပ်ချင်စိတ်တောင်ပေါက်နေတယ်......။
ကျန်းမာရေးကြောင့်ပါပဲ......း)
စေတီလေးက ကြည်ညိုစရာဗျာ......။
အသီးသီးနေတဲ့အပင်လေးက ဘာပင်လေးလည်းဗျာ.......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

khin oo may said...

အေးချမ်း၏။