Friday, July 11, 2008

ဖောင်တိန်လေးရဲ့ အစနဲ့အဆုံး

အစ

သူ၏ ဘ၀သက်တမ်းတလျှောက် ဖောင်တိန်များစွာ ပိုင်ဆိုင်ခဲ့ဖူးပါသည်။ ရေးလို့ကောင်းသော ... ရေးလို့ မကောင်းသော၊ အဖိုးတန်သော ... အဖိုးနည်းသော၊ ပုံစံဆန်းသစ်သော ... ပုံစံရိုးရှင်းသော ဖောင်တိန်လေးများကို သူ သုံးစွဲဖြစ်ခဲ့သည်။ ထိုထို ဖောင်တိန်များစွာထဲမှ တချောင်းတည်းသော ဖောင်တိန်ကလေးကိုတော့ အမြတ်တနိုးထားကာ အစဉ်တစိုက် သုံးလေ့ရှိခဲ့၏။

တကယ်တမ်း ထိုဖောင်တိန်ကလေးက သူ၏ ဖောင်တိန်တော့ဖြင့် မဟုတ်ပါချေ။ အဖေက အမေ့အတွက် ရည်ရွယ်ထားသော ဖောင်တိန်ကလေး ...။ ဒီဖောင်တိန်ကလေးကို မြင်ပြီး သဘောကျသဖြင့် ခဏတဖြုတ် ယူငင်သုံးစွဲခဲ့ရမှ နှစ်သက် မြတ်နိုးမိကာ အမြဲသုံးဖြစ်သွားခြင်း ဖြစ်သည်။

ဖောင်တိန်ဆိုတာကလည်း ရေးခါစမှာ သိပ်အဆင်ပြေလှသည် မဟုတ်။ ရေးရင်းရေးရင်း နစ်ချောသွားမှသာ အရေးလည်း သွက်လာသလို လက်ရေး လက်သားလည်း လှပသေသပ်မှုရှိသည်ပင်။
***
သူတို့ ပဉ္စမတန်းအရောက်မှာ ဖောင်တိန် ဘောပန် စတင်သုံးစွဲခဲ့ရသည်။ ကျောင်းမှ ဖောင်တိန်နှင့် မင်အိုး များကို ကိုယ့်ကိုယ်တာနှင့် ထုတ်ပေးသည်။ ကျောင်းက ထုတ်ပေးသော ဖောင်တိန်တွေက အမျိုးအစား သိပ်မကောင်းလှ။ တခါတလေ အောက်ပြုတ်ကျတာနှင့် နစ်ကျိုးတတ်သေးသည်။ ပိုင်းလော့၊ ပတ်ကား၊ ဟီးရိုး၊ ခရော့စ် အစရှိသည့် ဖောင်တိန် အမျိုးများစွာထဲမှ သူမြတ်နိုးသည့် ဖောင်တိန်ကလေးက Wisdom ဆိုသည့် အမျိုးအစားဖြစ်သည်။

ဒီဖောင်တိန်ကလေး သူယူသုံးခါစတုန်းက အဖေမသိသေး။ သုံးတာကြာပြီးနောက်ပိုင်း အဖေသိသွားတော့လည်း သူယူသုံးခြင်းအတွက် မငြူစူခဲ့ပါ။ ကြည်ဖြူစွာပင် သူ့ကို အားပေးခဲ့ပါသည်။

သည်လိုနှင့် ဖောင်တိန်ကလေးကို သုံးပြီး ကိုယ်ပိုင်ခံစားချက် စာတိုပေစ ကဗျာအပိုင်းအစများ၊ မြန်မာမှု မြန်မာစာပေ နှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများ၊ ဘာသာရေးနှင့် ဆက်နွယ်ရာ ဆက်နွယ်ကြောင်းများ စသည်ဖြင့် ရေးခဲ့မိသည်။ ဒီကြားထဲ ဝေဖန်ရေး လေကန်ရေးများလည်း ကြိုကြား ကြိုကြား ပါသေးသည်ပေါ့။

ဖောင်တိန်ကလေးကြောင့် သူ့ကို ခင်မင်ကြသော မိတ်ဆွေများ တိုးပွါးခဲ့ရသလို ငြိုးသူ ရန်ဘက်များလည်း ပွါးများခဲ့ရသည်။
ဖောင်တိန်ကလေးကြောင့် သူ့ကို အားပေးသူများရှိသလို ခြိမ်းခြောက်သူများလည်း ရှိခဲ့သည်။
ဖောင်တိန်ကလေးကြောင့် သူ့ကို ဖေးမလက်ကမ်းသူများ ရှိသလို အဆင်းဘီးတပ်သူများလည်း ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ... သူကတော့ ဖောင်တိန်ကလေးကို ကိုင်ပြီး ယုံကြည်မိရာ ခံစားမိရာ များကို ရေးသားနေမိဆဲ။

ဒီလိုအဖြစ်မျိုးတွေ ကြုံရတာကို အဖေသိသွားတော့ သူ့ကို သတိပေးခဲ့ပါသည်။ ဒါပေမဲ့ ခေါင်းမာပြီး ဇွတ်တရွတ်နိုင်လှသော သူက အဖေ့သတိပေးချက်ကို မနာခံခဲ့။

... ... ... ... ... ... ...
... ... ... ... ... ... ...
... ... ... ... ... ... ...

ဒီလိုနှင့် နောက်ဆုံးတော့ ... ဖောင်တိန်ကလေးကြောင့် သူချစ်သော သူများနှင့် ခွဲခွါပြီး အဝေးတနေရာကို လွင့်ပါးခဲ့ရသည်။
လေအဝှေ့မှာ သစ်ပင်ထက်မှ သစ်ရွက်တရွက် ကြွေလွင့်သလို ... မိခင်ပင်အိုထက်မှ ... တစတစ တရွေ့ရွေ့ ဝေးကွာရင်း ... ။

ဘယ်သူတွေနှင့် ဘယ်လိုပင် ကွဲကွာခဲ့ပေမဲ့ ဖောင်တိန်ကလေးကို မလွတ်တမ်း သူဆုပ်ကိုင်ထားခဲ့သည်။ သူ့ဘ၀မှာ ဒီဖောင်တိန်ကလေး ရှိနေလျှင် ပြည့်စုံသည်ဟု ထင်မှတ်ယူဆ ခဲ့မိသည်။

ဒီဖောင်တိန်ကလေးက သူ၏ မိတ်ဆွေကောင်း ...
ဒီဖောင်တိန်ကလေးက သူ၏ ရဲဘော်ရဲဘက် ...
ဒီဖောင်တိန်ကလေးက သူ၏ လက်တွဲဖော် ...
ဒီဖောင်တိန်ကလေးသည်ပင်လျှင် သူ၏ ဘ၀တခုနှယ် ... ။
***
တနေ့တော့ အဖေနှင့် ဖုန်းပြောရခိုက် အဖေက ဖောင်တိန်လေး အကြောင်းကို တခုတ်တရ မေးလေသည်။ ဒီဖောင်တိန်လေးကို အဖေက မသုံးစေချင်တော့တာကြာပြီ။ သူက ရံဖန်ရံခါ သုံးမိနေဆဲ။ ဒါကို အဖေသိတော့ စိတ်ပူစွာ ပြောလေသည်။

'ဒီဖောင်တိန်လေးကို မသုံးပါနဲအုံး သမီးရယ် ...'
'သမီးရေးချင်တာတွေကို သမီးမြတ်နိုးတဲ့ ဒီဖောင်တိန်လေးနဲ့ပဲ ရေးနေရတာလေ အဖေရဲ့'

သူက ထုံးစံအတိုင်း စောဒက တက်မိ၏။ ထိုအခါ အဖေက ...
'သမီး ... သမီးဖောင်တိန်လေး နာမည်က wisdom မဟုတ်လား။ wisdom ဆိုတာ ဉာဏ် ပညာအမြော် အမြင်ပဲ။ အမြော်အမြင်ရှိသူတယောက်ဟာ အခါအခွင့် မသင့်သေးရင် မျက်စိရှိလျက် အကန်းလို နေရတယ် ... နားရှိလျက်နဲ့ အပင်းလိုနေရတယ် ... ပါးစပ်ရှိလျက်နဲ့ အအ'လို နေရတယ် ... အခုအချိန်မှာ သမီးဖောင်တိန်လေးကို သုံးရမယ့် အချိန် မဟုတ်သေးဘူး။ သမီးကို မရေးနဲ့လို့ အဖေ မပြောပါဘူး ... သမီးရေးချင်တာတွေကို တခြားဖောင်တိန်တွေနဲ့ ရေးပေါ့ ...။ အဖေပြောတာ နားလည်လားသမီး ... '

'ဟုတ် ...'
ဟုတ်ကဲ့လို့တောင် မပြောမိဘဲ ဟုတ်တလုံးသာ ငုံးတိတိ တုန့်ပြန်မိသည်။ စိတ်ထဲကနေတော့ ...
ဦးနှောက်ရှိလျက်နဲ့ မတွေးရဘူးလား ...
နှလုံးသားရှိလျက်နဲ့ မခံစားရဘူးလား ... အဖေ ...
အဖေပြောတဲ့ အခါအခွင့် သင့်ချိန်ကျတော့ ... သမီးဖောင်တိန်လေးလဲ အိုမင်းမစွမ်း ဖြစ်လောက်ပြီ အဖေ ... ဟု စောဒက တက်နေမိဆဲ .... ။

ဒါပေမဲ့ ...
ကျေးဇူးရှင် မိခင် ဖခင်နဲ့တကွ ဦးလေး အဒေါ် မောင်နှမများအားလုံးရဲ့ ဆန္ဒကို သူ့လို လေလွင့် ရွက်ဝါ တ ရွက်က ဘယ်လိုလွန်ဆန် နိုင်မှာလဲ ... ။

ဒါနဲ့ပဲ ....
အဖေနှင့် ဖုန်းပြောပြီးချိန်မှာတော့ ... လေးလံသော သက်ပြင်းနှင့်အတူ ဆုံးဖြတ်ချက်တခု ချလိုက်မိသည်။
ဒီဆုံးဖြတ်ချက်ဟာ သူ့အတွက် ခက်ခဲလှပါသည်။ သို့ပေမဲ့ ... ဒါဟာ ကျေးဇူးရှင်တွေအပေါ် ကျေးဇူးဆပ်ခြင်းတမျိုးဟု မှတ်ယူ တွေးတောပြီး ....
***
အဆုံး

အနက်ရောင် ဖောင်တိန်လေးက သူ့လက်ထဲမှာ ခန့်ညားစွာ တောက်ပလို့နေ၏။ နောက်ဆုံးအနေဖြင့် ဖောင်တိန်လေးကို သေချာ လှည့်ပတ်ကြည့်ရှုနေမိသည်။ သက်မဲ့ဖောင်တိန်လေးက
မင်း ... ငါ့ကို စွန့်ခွါသွားတော့မှာလား ... ဟု သူ့ကို မေးနေသယောင်ယောင်။
အဖြေမရှိသော ထိုမေးခွန်းကို မည်ကဲ့သို့ တုန့်ပြန်ရမလဲ။
သူ မသိပါ။
နောက်ဆုံးမှာတော့ ဖောင်တိန်ကလေးကို ညင်သာစွာ ဗူးကလေးထဲ ထည့်လိုက်သည်။

မင်း ... ခဏ အနားယူပါဦး ဖောင်တိန်ကလေးရေ ...
တနေ့နေ့မှာ ... မင်းကို ပြန်ပြီး အသုံးပြုခွင့်ရမယ်လို့ ငါမျှော်လင့်နေပါတယ် ...
အဲဒီနေ့ ဘယ်နေ့ဆိုတာတော့ .... ငါကိုယ်တိုင်လဲ မသိပါဘူး ...
ဘာတခုမှ ရေရာမှု မရှိတဲ့ ဒီလောကကြီးမှာ ... ငါ မသေသေးပဲဖြစ်ဖြစ်... ဒါမှမဟုတ် စွမ်းနိုင်သေးရင်ပဲ ဖြစ်ဖြစ် ... မင်းနဲ့ ပြန်ပြီး ဆုံတွေ့ခွင့် ရှိမှာပါ ...

ဗူးအဖုံးလေးကို ပိတ်လိုက်စဉ် ထပ်ခနဲ မြည်သွားသော အသံလေးက မိုးကြိုးလို မြည်ဟည်းပြီး ရင်ကို ပြင်းထန်စွာ ရိုက်ခတ် တုန်လှုပ်စေ၏။

မျက်စိကို မှိတ်လိုက်သည်။
အမြင်အာရုံ ပျောက်ကွယ်သွားပေမဲ့ ပိတ်မရတဲ့ နားမှ အသံမျိုးစုံ ကြားယောင်နေဆဲ။
အသက်ကို ပြင်းပြင်းရှူမိစဉ်မှာ နှာဖျားသို့ ၀န်းကျင်မှ ရနံ့မျိုးစုံ တိုးဝှေ့ဝင်နေဆဲ။
အတွေးအာရုံထဲမှာ စိတ်ကူးမျိုးစုံ မြူးကွန့်မိနေဆဲ ... ။
စက္ကန့်မလပ်လှုပ်ရှားနေသော နှလုံးသားထဲမှာတော့ .... တဆစ်ဆစ် နာကျင်စွာ ခံစားမိနေဆဲ .... ။
.... .... .... .... ....
.... .... .... .... ....
.... .... .... .... ....
***
အားလုံးကို ကျေးဇူးတင်စွာ ဒီစာစုလေးနဲ့ နှုတ်ဆက်ပါတယ်။

မေတ္တာဖြင့် ...
မေဓာဝီ

၁၁ ဇူလိုင် ၂၀၀၈
၁၆း၄၃ နာရီ

32 comments:

Ko Paw said...

အင်း...ဒီတခါတော့ ဖောင်တိန်ရှိလျက် အရေးခက်၏...ဖြစ်နေပြီ။

ဖောင်တိန်ကလေးနဲ့ ရေးတဲ့စာစုတွေ မကြာခင် ပြန်မြင်ရစေကြောင်း ဆုတောင်းပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ။

ဒီဘလော့ဂ်ကလေးကိုတော့ ဖွင့်ထားပါဦး။ ကျနော် ကိုပြူးကျယ်သို့ပေးစားများကို ဖတ်ချင်လို့ပါ။

Anonymous said...

ဖောင်တိန်က အဓိက မဟုတ်ပါဘူး။
wisdom သုံးခွင့်မရရင် cross သုံးလဲ ရပါတယ်။
ခဲတံသုံးလဲ ဘာဖြစ်လဲ။
အဓိက က အဓိကပဲ။
မင်းအဖေ ပြောသားပဲ .. use your wisdom!

ကလိုစေးထူး said...

ပို့စ်အသစ်ပြန်တင်လာလို့ ၀မ်းသာရပေမယ့် စာအသွားအလာကို ကြည့်ပြီးတော့ စိတ်မကောင်းဖြစ်ရပြန်တယ်။ ဖောင်တိန်ဆိုတာ အိတ်ထဲမှာ ထည့်သိမ်းထားရတဲ့ အရာမှမဟုတ်တာ မမေ...။ လက်ညောင်းလို့၊ ဒါမှမဟုတ် မင်မရှိသေးလို့ဘဲ ဖြစ်ဖြစ် အခြေအနေအရ တခဏ နားရတာမျိုးပဲ ဖြစ်သင့်တာ မဟုတ်လား။

Anonymous said...

အမ...
စာမြင်လို့ ၀မ်းသာအားရ ဖတ်လိုက်တာ...
အမ စာ ပြန်မရေးနိုင်တဲ့ အကြောင်းရေးထားတာကိုး...
ဲ့
အမ.. အိမ်နဲ့ သေချာပြန်ညှိကြည့်ပါလား အမရ။
စာဖတ်ပရိသတ်တွေကို အမပေးတဲ့ အတွေးအခေါ် အရေးအသားတွေက အရမ်းကို အကျိုးရှိတဲ့ အတွက်
အဲဒီဖောင်တိန်လေးနဲ့ အမရဲ့ စွမ်းဆောင်ချက်တွေကို တနေ့တော့ အမတို့အိမ်က နားလည် လာမှာပါ။
ဘာပဲဖြစ်ဖြစ်...
ညီမတို့ကတော့ လာလာချောင်းနေမှာပဲ။

အမစာတွေကို ကြိုက်လို့ ..
လေးစားလျက်
ညီမ

ဇက် said...

ပြန်လာပြီကိုး။ ကောင်းလျင့်တည်း။ ၀ဲလ်ကမ်းဘက်။း)

Thet Oo said...

ဒါပေမဲ့ ...
ကျေးဇူးရှင် မိခင် ဖခင်နဲ့တကွ ဦးလေး အဒေါ် မောင်နှမများအားလုံးရဲ့ ဆန္ဒကို သူ့လို လေလွင့် ရွက်ဝါ တရွက်က ဘယ်လိုလွန်ဆန် နိုင်မှာလဲ ... ။

ကိုယ့်ဘ၀ကို ကိုယ်ပိုင်ပါတယ်။ တရားသဘောအရ တယောက်ထဲလာပြီး တယောက်ထဲပဲ ပြန်သွားရပါတယ် ဆိုတာကိုလည်း မမေ့ပါနဲ့။

တန်ခူး said...

မေရေ… postအစက မေ့လက်ရာမှာ မေ့မျောလို့ … လုံးဝ မရိပ်မိပဲ… postအဆုံးမှာ တကယ် ရက်စက်စွာ ခွဲရက်ပြီပေါ့… ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်တာမို့  တိတ်တိတ်သာ ကြေကွဲတော့မယ်လေ… တို့ ကတော့ ဖောင်တိန် အဟောင်းလေးဖြစ်ဖြစ် အသစ်လေးဖြစ်ဖြစ် မေလက်ရာဆို နှစ်သက်စမြဲမို့  မေ့ခြေရာတွေ ရှာဖွေနေဦးမှာပါ… မေ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ….

Anonymous said...

Ma May, thanks for coming back to your supporters after long long time, your brothers and sisters all around the world. I am happy to see you here again. I would like to tell you what i feel on your this very new post so i mailed this message to you here. I can catch what you mean i think so i understand u but i feel something on your post title, " Beginning and End of the pen". Actually this post is not End of your post i think, so let me know what is your idea? Is this the end of your post? You ended your post by saying good bye to all your friends, and supporters. So i fell this post is not the last one, then why you say so. Anyway i want you to walk on your right platform . Thanks. Aung Khai.( Maung Khai)

အက္ခရ said...

တွေးမိတွေးရာ ရေးမိရေးရာ...တဲ့လေ။

mirror said...

eleven web ကိုဝင်ကြည့်ရင်းက
ညီမနဲ့ blog name ချင်းတူနေလို့ပါ။

Anonymous said...

မမေ...
အခြေအနေနဲ့ အချိန်အခါရောက်တဲ့အခါ ဘူးထဲကထွက်လာမယ့် မမေရဲ.ဖောင်တိန်ကလေးကို စောင့်မျှော်နေမယ်နော်...

Ye Yint said...

I am very sorry for a muted nib as a new reader for the first time.I think ,I have no chance to read from you who can express your feeling without knowing some of the clues.If your Pen recover,pls press it http://irrawaddy.burmabloggers.net
BBFN.....Thank you Mis Doe

ညီအကိုများ said...

အားပေးလျက်ပါ..မမေဓာဝီရေ... အရာခပ်သိမ်းအဆင်ပြေပါစေဗျာ

Anonymous said...

happy birthday ama,

urs ,

nyima

တီး said...

မမေရေ
စစရာရာ အဆင်ပြေပါစေဗျာ။ ခုလိုမျိုး အင်တာနက်စာမျက်နှာပေါ်မှာ မမေမရေးတာ ခဏနားထားပေမယ်လို့ တကယ်တော့ မမေစာတွေဆက်ရေးနေမယ်လို့ ယုံကြည်ပါတယ်။ မြန်မာချက်မှာ စပြီးခင်မင်ခွင့်ရခဲ့တယ့် အချိန် မေဓာဝီ ခေမာသီ ဝေဘာဂီဆိုပြီး နောက်ပြောင်ပြီးသိခွင့်ရခဲ့တယ့် အချိန်ကနေ အပိန်အပဲ့လို အချိန်မျိုးကနေ ခုလိုချိန်ထိ မမေတစ်ယောက်ကို သတိရမိပါတယ်။ မမေလဲ ရောက်ရာအရပ်မှာ အဆင်ပြေပါစေ။
တစ်လက်စတည်း မွေးနေ့အတွက်ပါဆုတောင်းပေးပါတယ် မမေ။

တီး

တီး said...

မမေရေ အစ်မစာတွေဆက်ရေးမယ်လို့ ဆုတောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာ ခင်မင်ခွင့်ရခဲ့တယ့် မမေကို အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
တီး

တန်ခူး said...

မေရေ… စိတ်သွားတိုင်း ကိုယ်ပါသော မွေးနေ့ ပေါင်း ရာထောင်သောင်း တိုင်ပါစေ… လွမ်းလျက်…

ခြားနားသူ said...

လာမယ့် စက်တင်ဘာ (၅) ရက်နေ့ဟာ ကျောင်းသားတပ်မတော်က သတ်မှတ်ထားတဲ့ ဒီမိုကရေစီသူရဲကောင်းများနေ့ပါ။ ဒီမိုကရေစီသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော အာဇာနည် ခွပ်ဒေါင်းရဲဘော်တွေအကြောင်းအပါအ၀င် မြို့ပြ၊ ကျေးလက် တိုက်ပွဲများအကြောင်းရေးသားခဲ့ကြတဲ့ သံခဲ (ဆေး/ မန်း)၊ ကိုတိုက်မောင်း။ ကိုထက်မိုး၊ ကမာပုလဲ၊ မြင့်ဇေ၊ ညိုထက် (လမ်းသစ်ဦး)၊ တမာခင်၊ ကိုဈာန်၊ ငြိမ်းစု၊ သားချစ်/ဟစ်တိုင် ... တို့ရဲ့ စာ၊ ကဗျာများအား ဖေါ်ပြသွားမည်ဖြစ်ကြောင်း .....

အရေးတော်ပုံအောင်ရမည်။

Ye'Yint said...

လာလာချောင်းတာ..ပို့စ်အသစ်မရှိတော့ရှိတာပဲဖတ် ပြန်ရတာ..ဖတ်ဖတ်မောလှပြီ..ဟော..ဟဲ...

မေဒါဝီရေ
တပြည်တရွာဆီက
ဧရာဝတီသားလေးမှာ
ကဗျာမသီ၊
စာမြည်သံမကြားတော့(ငှက်သံမဟုတ်)
..ကွယ်...ဗာရာဏသီ ချဲ့မပြောတော့ပါဘူး
မေဒါဝီပြန်ခဲ့ပါလို့.....။ ။

တခါတခါကဗျာရေးတဲ့--ပုရစ်
http://irrawaddy.burmabloggers.net
(မှတ်ချက်-ဖေါင်တိန်လေးပါယူခဲ့နော်)
BBFN

Maydarwii said...

ယိုင်ယိုင်ရော့ရော့
အားပျော့ဆဲ ခြေလှမ်းများနဲ့
တလှမ်းချင်း တလှမ်းချင်း ...
ဖြည်းညှင်းစွာလျှောက်နေခိုက်
လည်ပြန်လှည့်ကြည့်လိုက်တော့ ...
ဟိုးးးးးးးးး နောက်မှာ ကျန်ရစ် ...
တနှစ်ပြည့်ခဲ့ပါပကော ... ။

လွန်ခဲ့တဲ့နှစ်
၂၀၀၇ အောက်တိုဘာ
ဒီလိုနေ့မှာပဲ
အမိမြေကိုခွဲခွါ ...
မိဘနှစ်ပါးကို ခွဲခွါ ...
သံယောဇဉ်ပေါင်းများစွာ ဖြတ်
အနာဂတ်ဘ၀သစ်တခုအတွက်
ခရီးထွက်ခဲ့ရတယ်။

ခရီးလမ်းတလျှောက်
မှောင်မှောင်မိုက်မိုက်
ခလုတ်တိုက်လိုက် လဲကျလိုက်
ဆူးတွေစူးလိုက် နွံနစ်လိုက်
စိတ်ညစ်တဲ့အခါ ငိုကြွေး
စိတ်အေးတဲ့အခိုက် ရယ်မော
ဒေါသတွေ ဖြစ်လိုက်
လောဘတွေ ညစ်လိုက်
သောကတွေနဲ့ မောလျရတဲ့ ညပေါင်းများစွာ
အခါခါကြုံတွေ့ခဲ့ရ
ဘ၀ဆိုတာ ဒီလိုလား ....
ခါးသီးလှပါရဲ့။

ဒါပေမဲ့လည်း
တလှမ်းပဲလျှောက်လျှောက်
နှစ်လှမ်းပဲရောက်ရောက်
ဆက်လက်လျှောက်နေရင်း
အားတင်းရှေ့ဆက် ...
သန်းခေါင်ထက် ညဥ့်မနက်ပေမဲ့
အရုဏ်တက် နေမင်း
အလင်းဆိုတဲ့ မျှော်လင့်ချက်နဲ့
မျက်ကမ်း တစ္ဆေမကြောက်
ဆက် လက် လျှောက် လှမ်း
ပန်း တိုင် ဆီ သို့ ...
ဦးတည်လို့ ... ။ ... ။

Anonymous said...

တိုက်တိုက်ဆိုင်..
ဒီနေ့မှ လာကြည့်တာ..
ကဗျာလေးတပုဒ် ဖတ်လိုက်ရတယ်..။

ဘဝဆိုတာ..ဒီလိုပါပဲ..။
လျောက်ရင်းနဲ့နစ်
နစ်ရင်းနဲ့ ရုန်း
ဒီလိုနဲ့ တရွေ့ရွေ့
တနေ့နေ့မှာ အေးချမ်းမှူတွေရနိုင်ကောင်းပါရဲ့
မျှော်လင့်ရင်းနဲ့ အသက်ဆက်
ပျော်ရွှင်ခြင်းတွေအထပ်ထပ်နဲ့
ငြိမ်းချမ်းပါစေ..။

ညီမ

ကိုဝေ said...

အမမေဓါဝီ
အမရဲ့စာဖတ်ပရိသတ်တယောက်ပါ။ အရေးရောအပြောပါမတတ်လို့ကွန်မန့်တွေမရေးရဲခဲ့ပါ။
ကလကာနောက်ကွယ်ကနေအားပေးလေးစားနေပါတယ်။
နောင်များမှာလည်းအမရဲ့စာကောင်းစာသန့်တွေအများကြီးဖတ်ပါရစေ။
ခုခေတ်လူငယ်တွေစာပေလေ့လာမှူအားနည်းနေချိန်မှာအမတို့လို
ဗဟုသုတကြွယ်ဝတဲ့လူတွေရဲ့ဘလော့တွေကိုဖတ်ရတာတကယ်ကိုအကျိုးများပါတယ်။
အမရဲ့ကလောင်လေးအမြန်ဆုံးအသုံးပြုနိုင်ပါစေ။

Taungpyartan said...

ဒီတခါပဲဝင်ဖတ်ဖူးပေမဲ.
ရေးထားတာလေးအရမ်းခံစားလို.ရလို.
အမြဲလာအားပေးမယ်

wizard said...

မေဓါဝီ
တပြည်တရွာဆီကပြန်မလာတော့လည်း
ဘလော့ဖတ်ခွင့်မရှိတဲ့သူများအတွက်ဝေမျှချင်လွန်းလို့
ဖေါင်တိန်လေးတစ်ချောင်းတော့ပိုင်ရှင်မသိလိုက်ခင်ယူ သွားပြီဗျာ
ဒီနေရာမှာ http://symposium.22web.net သွားတင်ထားတယ်။ပါမစ်တောင်းတာပါမေဓါဝီရေ့...
:-)

Wizard

sally said...

အမရေ..ဖောင်တိန်လေးနဲ့အတူပြန်လာပါတော့နော်..မျှော်ရင်လွန်းလို့မောလှပီ....၁နှစ်တောင်ပြည့်တော့မယ်နော်...အိမ်ကိုတောင်းပန်ပီးရအောင် ပြန်ရေးပါနော်.

PAUK said...

မမေရေ..
မဟန ဖက်မှာတွေ့လို့ လာဖတ်တာပါ..
အရမ်းစွဲဆောင်နိုင်တာပဲ...
မင်းသိင်္ခ အကြောင်းရေးထားတာရော..ဟာသ
စာစောင် ၂စောင်အကြောင်းရော..
စာလုံးပေါင်း သတ်ပုံအကြောင်းတွေရော..
မပြီးသေးဘူး..ဆက်လာဖတ်ပါဦးမယ်..

nwelay said...

Ma May,
Actually I can understand your family's demand but how could you stand your own demand? Demand of Wisdom is not a bearable force. For me, I may use every chance I get to apply my Wisdom. I wish I could THINK, WRITE and DISCUSS in freedom. So, I tried not to think I'm bounded with anything. Anyway, it's your choice. We value your privacy. But we wish you'll be back with your Wisdom, as soon as possible. Thanks for your shared thoughts.

Anonymous said...

အမရေ...

စာတွေအမြန်ဆုံးပြန်ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

Ma May,

I just miss you and thought of dropping a line or two.

Wish you all the best and hope that you'll be back to this bloggers' world.

p.s. I don't have burmese font here.

malayy

ကိုဌေးကျော် said...

အော်...မဖတ်မိတာတောင် ကြာခဲ့ပြီဘဲ...ကျွန်တော့် အီးမေးလ်ထဲဝင်လာတော့မှပဲ ပြန်သတိထားမိတယ်...ကျွန်တော်တို့က တော့ အပေါ်ကတစ်ယောက်ပြောသလိုပါပဲ..ဖေါင်တိန်ရှိလျှက် အရေးခက်နေတဲ့ အမျိုးအစားထဲ ပါနေတယ်လို့ပဲ ဆိုပါရစေဗျာ..ကျွန်တော် အင်တာနက်စတင် အသုံးချစက တွေ့ရှိခဲ့တဲ့ မမေဓါဝီရဲ့ ဘလော့ကလေးကို ဒီနေ့အထိ နှစ်သက်နေမိဆဲပါပဲဗျာ...mr.htaykyaw@gmail.com

yangonthar said...

အစ်မရေ
ဦးနှောက်ရှိနေလို့  တွေးလိုက်တိုင်း ဘဝကို ခါး သက်မိတယ် .... နှလုံးသားရှိလို့ ခံစားမိတိုင်း တအားစူးပြီးနာကျင်မိတယ် ..... ကံဆရာ အလှည့်မှာ လူးလှိမ့်နေအောင်ခံစားနေရတာက ပိတ်ကားနောက်ကွယ်မှာ ..... ကနေရတာက အသောခန်း.... တိတ်တိတ်ကလေးပဲ ငိုနေရ တယ် ....
အဆင်ပြေပါစေ အစ်မမေ
ရန်ကုန်သား :)

khin oo may said...

အမြော်အမြင်ရှိသူတယောက်ဟာ အခါအခွင့် မသင့်သေးရင် မျက်စိရှိလျက် အကန်းလို နေရတယ် ... နားရှိလျက်နဲ့ အပင်းလိုနေရတယ် ... ပါးစပ်ရှိလျက်နဲ့ အအ'လို နေရတယ် ... အခုအချိန်မှာ သမီးဖောင်တိန်လေးကို သုံးရမယ့် အချိန် မဟုတ်သေးဘူး။ သမီးကို မရေးနဲ့လို့ အဖေ မပြောပါဘူး ... သမီးရေးချင်တာတွေကို တခြားဖောင်တိန်တွေနဲ့ ရေးပေါ့ ...။ အဖေပြောတာ နားလည်လားသမီး ... '

အဖေ့စကားကိုကြိုက်တယ်။