Monday, August 09, 2010

စကားကြီး ဆယ်မျိုး

ဇူလိုင် ၁၂ ရက်နေ့က တင်ခဲ့တဲ့ ပို့စ်ရဲ့ ကွန်မန့်မှာ ကိုဧရာက စကားကြီးဆယ်မျိုး အကြောင်းကို ပြန်ဖတ်ကြည့်ချင်တယ်လို့ ပြောထားတာကတကြောင်း၊ ကျမကိုယ်တိုင်လည်း ဒီစကားကြီး ဆယ်မျိုးကို ဘလော့မှာ သိမ်းထားချင်တာက တကြောင်းတို့ကြောင့် ဆယ်စောင်တွဲထဲကနေ ပြန်ရိုက်ပြီး လင်္ကာနဲ့တကွ တင်ပြလိုက်ပါတယ်။ ပြန်ဖတ်ချင်သူ ကိုဧရာနှင့်တကွ မှတ်သားလေ့လာလိုသူ အားလုံးအတွက်ပါ … ။
***
စကားကြီး ဆယ်မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြား သတ်မှတ်ထားသည်။ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

ရေကူးညာတင်၊
ကောက်ပင်ရိတ်လှီး၊
ရေစီးဖောင်ဆန်၊
အိုးတန်ဆန်ခပ်၊
ဆီပွတ်ကျည်ပွေ့၊
ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊
ကြက်ဆုတ်ခွပ်ပစ်၊
ရေစစ်သည့်အင်၊
ခက်တင်မောင်းနင်း၊
အခြင်းဆယ်ပါး ဤစကားကို
မှတ်သားဝမ်းတွင်း လေ့စေမင်း။
***
၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာကတင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် “ရေကူးညာတင်ပြောနည်း” မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသောစကားကို သာဓက ထုတ်အပ်၏။

လင်္ကာ
ရေကူးညာတင်၊ ထုံးပုံပြင်ကို၊ လင်္ကာကျဉ်းရုံး၊ ဓိပ္ပါယ်ကုံးသော်၊ အူထုံးလေငြား၊ သူဌေးသားကို၊ သမားဇီဝက၊ ရက်သတ္တ၀ယ်၊ ကုမည်ရွယ်လည်း၊ မလွယ်လေဟန်၊ အကျယ်ဉာဏ်ဖြင့်၊ ကယ်မှန်ခုနစ်လ၊ အိပ်သော်မှလျှင်၊ ကုမနိုင်မည်၊ သို့ဆိုသည်ကို၊ အလီနှိမ့်ချ၊ လေးငါးလနှင့်၊ သုံးလနှစ်လ၊ တစ်လတိုင်အောင်၊ မစွမ်းဆောင်မှ၊ ရက်သတ္တတွင်၊ မုချမလွဲ၊ အိပ်ပျော်ဆဲဝယ်၊ ၀မ်းခွဲပြီးခါ၊ အူထုံးရာကို၊ လွယ်ကာဖြေရှင်း၊ သွင်းမြဲသွင်း၍၊ နေရင်းတိုင်းသာ၊ ပြီးစေရာသည်၊ ရေကူးညာတင် စကားတည်း။
***
၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် “ကောက်ပင်ရိတ်လှီး ပြောနည်း” မည်၏။ သူဌေးသားနှစ်ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။

လင်္ကာ
ကောက်ပင်ရိတ်လှီး၊ ပုံတနည်းမှာ၊ ရှေးအခါဝယ်၊ ဥစ္စာကြွယ်ငြား၊ သူဌေးသားသည်၊ မြှားပစ်ရာဝယ်၊ ဗျိုင်းသူငယ်ကို၊ အလွယ်ဖြင့်သာ၊ ရခဲ့ပါသော်၊ အာသာရှိငြား၊ တဦးသားက၊ ငါ့ဗျိုင်းမှန်လျက်၊ သင့်လက်နက်ကြောင့်၊ အသက်ခန္ဓာ၊ ဆုံးရရှာပြီ၊ သာမညဗျိုင်း၊ ဘောမပိုင်းနှင့်၊ နေ့တိုင်းရက်စဉ်၊ ရွှေစင်တကျပ်၊ ချီလာလတ်၍၊ မပြတ်ငါ့အား၊ ပေးလာငြား၏၊ စကားထိုသို့၊ ဆိုတုံမြို့သော်၊ မချို့ဧကန်၊ အကယ်မှန်မူ၊ ယမန်လူက၊ ထို့တူပေးငြား၊ နှစ်,လ များကို၊ မိန့်ကြားစမ်းပါ၊ ဆိုသောခါလျှင်၊ ကြာရှည်လှပြီ၊ အခါလည်ဟု၊ ပြောသည်ခဏ၊ ရေတွက်ဆသော်၊ သုံးရာ့ခြောက်ဆယ်၊ ထိုရက်ဝယ်တွင်၊ ရွှေစင်သုံးရာ၊ ခြောက်ဆယ်သာပြီ၊ ငါ့အိမ်ရှေ့တွင်၊ ထားသည့်အင်ကို၊ နေ့စဉ်ခိုးယူ၊ သင်မူလက်ခံ၊ သို့ဖြစ်ဟန်ကြောင့်၊ အမြန်ပေးလေ၊ ဆိုတုံလေသော်၊ မနေရွံ့ကြောက်၊ ပေးရမြောက်သည်၊ ကောက်ပင်ရိတ်လှီး စကားတည်း။
***
၃။ ရေစီးဖောင်ဆန်ပြောနည်း
ဖောင်ကြီးသည် အညာသို့ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် “ရေစီးဖောင်ဆန်ပြောနည်း” မည်၏။ ဟံသာဝတီဘုရင် ရာဇဓိရာဇ်က “အဆွေတော်” ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓကထုတ်အပ်၏။

လင်္ကာ
ရေစီးဖောင်ဆန်၊ ပြောဆိုဟန်မှာ၊ ဒွါရာဝတီ၊ ရွှေပြည်သနင်း၊ ဘုရင်မင်းသည်၊ တနင်းသာရီ၊ စစ်မက်ချီ၍၊ နေသည်ခဏ၊ တပ်ကြီးချလျှင်၊ ရာဇာ့ဓိရာဇ်၊ သိတုံလစ်သော်၊ တားမြစ်အံ့ငှာ၊ တောင်းပန်စာဖြင့်၊ ပညာရှိမတ်၊ စေလွှတ်လတ်လျှင်၊ ထိုစာတွင်၌၊ အဆွေတော်ဟု၊ ရေးဖော်လေချက်၊ မနှစ်သက်၍၊ အမျက်ပြင်းစွာ၊ ထွက်သောခါဝယ်၊ ရာဇာဓိရာဇ်၊ သံတော်စစ်က၊ အနှစ်ရသာ၊ အထူးပါအောင်၊ မြတ်စွာဗုဒ္ဓ၊ ပမာပြ၍၊ ဘုရာ့နောင်တော်၊ ဤသို့ခေါ်ဟု၊ ဆွေတော်လည်းစစ်၊ မင်းမဖြစ်မီ၊ အကြည်တော်ဟု၊ မခေါ်ထိုက်ပေ၊ မင်းဧကရာဇ်၊ ထီးဆောင်းဖြစ်မှ၊ ဧကရာဇ်ချင်း၊ ဆက်စာသွင်းသော်၊ အဆွေတော်ဟု၊ ရေးဖော်မြဲပေ၊ လျှောက်တင်လေသော်၊ ရွှေပြည်ဘုရင်၊ သဘောဝင်၍၊ ပြောအင်ဆိုနည်း၊ လွန်မြှောက်ချီးသည်၊ ရေစီးဖောင်ဆန် စကားတည်း။
***
၎။ အိုးတန်ဆန်ခပ်ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် “အိုးတန်ဆန်ခပ်” ပြောနည်းမည်၏။ သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘနှစ်ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
အိုးတန်ဆန်ခပ်၊ စကားရပ်ကို၊ မှတ်စိမ့်သောငှာ၊ အလင်္ကာဖြင့်၊ မယ်ပါရိက၊ ဒုကူလတို့၊ ဖြစ်ကြပျက်အင်၊ မျက်မမြင်ကို၊ သက်ငင်ဆွဲကာ၊ သုဝဏ္ဏာလျှင်၊ တောမှာတစေ၊ လုပ်ကျွေးနေ၍၊ ရှည်ကြာကာလ၊ တိုင်ရောက်မှလျှင်၊ ဗာရာ့ပြည့်ရှင်၊ မုဆိုးသွင်က၊ တောခွင်လည်ရာ၊ သုဝဏ္ဏာကို၊ မြင်ပါသော်ငြား၊ ထိုသူ့အားကို၊ သားကောင်အသွင်၊ စိတ်ဝယ်ထင်၍၊ မဆင်ခြင်လစ်၊ လေးနှင့်ပစ်သော်၊ ဆိုးညစ်ကြမ္မာ၊ ကံကြောင့်သာဟု၊ ပြစ်ဆာမတင်၊ မွေးမိခင်နှင့်၊ ဖခင်ကိုသာ၊ လုပ်ကျွေးပါဟု၊ သာယာသံချို၊ လျှောက်ပန်ဆို၍၊ ထိုခဏတွင်၊ ဇီဝိန်ပြတ်ကြွေ၊ သားမောင်သေမှ၊ မိနှင့်ဖတို့၊ ရောက်လာကြလျှင်၊ သိကြားမြင်သော်၊ ပူပင်သောက၊ မရှိကြလင့်၊ သားလှသက်ရှင်၊ မျက်စိမြင်နှင့်၊ ရွှေစင်သပြာ၊ အိုးရတနာကို၊ လိုရာတခု၊ လျှောက်တင်ပြုလော့၊ ယခုအလို၊ ပြည့်အံ့ဆိုလျှင်၊ လိုရာမတ၊ ရွှေအိုးရ၍၊ သားလှမျက်နှာ၊ မြင်လိုပါဟု၊ သုံးဖြာလုံးကို၊ သိမ်းပိုက်ဆိုသည်၊ ဉာဏ်ကို အားကိုး၊ စကားမျိုးသည်၊ အိုးတန်ဆန်ခပ် ပြောနည်းတည်း။
***
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကိုရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် “ဆီပွတ်ကျည်ပွေ့ပြောနည်း” မည်၏။ ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မန်ကျည်းနှစ် လည်းကောင်း၊ ကျွန်းလည်းကောင်း။ ရှားနှစ်လည်းကောင်း၊ ကျွန်းလည်းကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့မှာ၊ မင်းရာဇာသည်၊ မဟာစေတီ၊ တည်ရာကြံ့ခိုင်၊ ပိန္နဲတိုင်ကို၊ အလိုရှိလစ်၊ မန်ကျည်းနှစ်လျှင်၊ ကျစ်လစ်အသား၊ မာ၏လားဟု၊ မေးငြားသောခါ၊ မန်ကျည်းလည်းမာ၊ ကျွန်းလည်းမာဟု၊ ပညာအလျောက်၊ ဆိုတုံမြောက်၍၊ နောက်ထပ်တခါ၊ ရှားနှစ်သာလျှင်၊ မာပါလိမ့်သား၊ မေးပြန်ငြားသော်၊ ရှားနှစ်ကားမာ၊ ကျွန်းလည်းမာဟု၊ ထပ်ကာမနေ၊ လျှောက်တင်လေ၍၊ မင်းဧကရာဇ်၊ ကျွန်းသားစစ်ကို၊ နှစ်သက်ချမ်းမြေ့၊ ဘောဝယ်တွေ့သည်၊ ဆီပွတ်ကျည်ပွေ့ ပြောနည်းတည်း။
***
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် “ဆင်ဝှေ့ရန်ရှောင်ပြောနည်း” မည်၏။
ရက်မအောက် မြေကြီးထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်မင်းက အဖျက်ခိုင်းရာ အိမ်ရှေ့မင်းစိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓကထုတ်အပ်၏။

လင်္ကာ
ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်သော်၊ ဘုန်းခေါင်ညီရင်း၊ အိမ်ရှေ့မင်းသည်၊ ကြည်ခြင်းသဒ္ဓါ၊ ကျောင်းဆောက်ရာတွင်၊ တွင်းပြင်ထက်အောက်၊ မြေသို့ရောက်အောင်၊ တပြောင်ပြောင်ပင်၊ အရောင်ဓီးဓီး၊ ယိုစီးမတတ်၊ ရွှေချလတ်လျှင်၊ မြို့ဝန်မြင်သော်၊ မလျော်လေချက်၊ တိုက်ပွတ်ဖျက်၍၊ ရက်မအောက်က၊ မြေသို့ကျမှ၊ သိရသောခါ၊ ဒါယကာလျှင်၊ ပြင်းစွာအမျက်၊ ဒေါသထွက်၍၊ ချက်ချင်းသတ်မည်၊ ခေါ်စေသည်တွင်၊ ရှိဦးတင်လျက်၊ အရှင်ဘုရား၊ သတို့သားလျှင်၊ မင်းဖျားဧကရာဇ်၊ ဖြစ်မည်ဧကန်၊ မုချမှန်၍၊ ထိုယံကာလ၊ ကျောင်းဆောက်မှလျှင်၊ ရွှေချဖို့ရာ၊ ချွင်းသည်သာဟု၊ ပညာရှေ့ဆောင်၊ ရန်ဝှေ့ရှောင်သည်၊ နောက်နောင်မှတ်ရန် စကားတည်း။
***
၇။ တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်း ခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် “တောင်သူယာခုတ်ပြောနည်း” မည်၏။ အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့် ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွါးပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
တောင်သူယာခုတ်၊ မိန့်ထုတ်ဝစန၊ ပုံဆိုပြသော်၊ ရဋ္ဌ၀ိဒေ၊ ၀ိဓိပြည်၌၊ ၀ိဒေဟရာဇ်၊ မင်းစစ်နရိန်၊ ဘုန်းရာဇိန်၏၊ သုခမိန်ကျော်၊ မဟော်ပညတ်၊ သိန်းအမတ်တို့၊ ဆိုလတ်များစွာ၊ စကားမှာ၌၊ ပညာဓန၊ ထိုနှစ်ဝတွင်၊ ဓနအမြတ်၊ သိန်းအမတ်က၊ ဆိုလတ်သောခါ၊ ပညာသာမြတ်၊ မဟော်မတ်က၊ ထပ်၍တဖန်၊ ဆိုလေပြန်သော်၊ မဟော်သဓာ၊ ငယ်နုစွာမို့၊ မှန်ရာမသိ၊ ဥစ္စာရှိမှ၊ ခယ၀ပ်တွား၊ လူအများတို့၊ စကားနာခံ၊ သိန်းဆိုပြန်သော်၊ မဟော်ဝိဒူ၊ သိတတ်သူက၊ ဓနဥစ္စာ၊ ရှိပေရှာလည်း၊ ရောဂါဥပဒ်၊ ကပ်ငြိသောခါ၊ မသိပါလျှင်၊ ပညာရှိရှေ့၊ ဆည်းကပ်၍သာ၊ မှီခိုလာ၏၊ ပြောပြန်ဘိက၊ ၀ိဒေဟရာဇ်၊ ရှင်မင်းစစ်သည်၊ အနှစ်ဥစ္စာ၊ ရတနာနှင့်၊ ပြည်ရွာရဋ္ဌ၊ အစိုးရ၍၊ များစွာ့လူပေါင်း၊ ခ၀ပ်ညောင်းသည်၊ စကားချီသော်၊ မဟော်သေနက၊ ပဏ္ဍိတက၊ ဗုဒ္ဓမြတ်စွာ၊ စိန္တေယျာမှာ၊ ဥစ္စာမရှိ၊ သို့ဖြစ်ဘိလည်း၊ ဉာဏ်ကြီးမြုတေ၊ ထွန်းတောက်ဝေ၍၊ ဒေ၀,ဗြဟ္မာ၊ မနုဿာတို့၊ ပူဇာမြို့ဟု၊ ဗဟုဝစနာ၊ ပြောကြရာတွင်၊ ရှေးလျှင်အစ၊ သိမ်ငယ်ပဟု၊ နောက်မှကြီးလျှက်၊ သီးသီးတက်၍၊ မိန့်မြွက်ထူထောင်၊ ဉာဏ်စွမ်းပြောင်သည်၊ တောင်သူယာခုတ် စကားတည်း။
***
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ ဆုတ်ဟန်ပြု၍ တကယ်ခွပ်သော အခါမှသာ စီး၍ ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် “ကြက်ဆုတ်ခွပ်ပစ်ပြောနည်း” မည်၏။ က၀ိသေတ္တုမဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ခြင်းကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့ အပြန်အလှန်ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
ကြက်ဆုတ်ခွပ်ပစ်၊ ပြောလစ်ဝစန၊ ရက္ခပုရံ၊ တိုင်းနိုင်ငံက၊ ဉာဏ်ပညာရှိ၊ မတ်က၀ိနှင့် ပြည်ကြီးအင်းဝ၊ နဂရတွင်၊ မတ်လုလင်တို့၊ နိုင်ဖို့စကား၊ စစ်ထိုးငြားသော်၊ နှစ်ပါးပြည်ရွာ၊ စည်ပင်သာဟု၊ နှစ်ဖြာနှစ်ဝ၊ ပြောကြလေရာ၊ ရာသီဆယ့်နှစ်လ၊ လူထိုမျှတို့၊ ပွဲမှမချဉ်း၊ အင်းဝက၀ိ၊ ဆိုလတ်ဘိက၊ ဓည၀တီ၊ တိုင်းရွှေပြည်မှ၊ မတ်ကျော်လှလည်း၊ များစွာ့လူပေါင်း၊ သောင်းသောင်းအုတ်အုတ်၊ ကျွန်ုပ်တို့ကို၊ ကြည့်သည်ဆိုသော်၊ ထိုအင်းဝမတ်၊ ပညာတတ်လည်း၊ ကြီး, လတ်, ငယ်စု၊ ကြည့်ရှုဆိုရာ၊ ဟုတ်ပါလိမ့်မည်၊ နောက်ဆုတ်လည်ရွေ့၊ အချက်တွေ့ကို၊ ကြိုး၍တခါ၊ တို့ပြည်ရွာမှာ၊ ဂဇာပြောင်ဆင်၊ ကကြိုးပြင်၍၊ တနေ့သုံးခါ၊ ရေချပါလည်း၊ ကြည့်လာမရောက်၊ တောဆင်ပေါက်တို့၊ ရောက်လတ်သောခါ၊ ကြည့်တို့ပါ၏၊ ပမာပုံသွင်၊ အမတ်သင်လည်း၊ တောဆင်အလား၊ မယဉ်ပါး၍၊ အများအားထုတ်၊ ကြည့်လိမ့်ဟုတ်သည်၊ ကြက်ဆုတ်ခွပ်ပစ်စကားတည်း။
***
၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်ခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် “ရေစစ်ပမာ ပြောနည်း” မည်၏။ သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကားပြောကြားပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
ရေစစ်ကရား၊ စကားရုဠီ၊ ပြောကြမည်ဟု၊ ကြံစည်ပြုငြား၊ လေးယောက်သားနှင့်၊ တပါးသူအို၊ သစ္စာဆို၍၊ အလိုမတူ၊ မယုံသူကို၊ ကျွန်မူမသွေ၊ စေစားလေဟု၊ အပြိုင်ပြုက၊ လေးဝယောက်ျား၊ လူငယ်များတို့၊ စကားပေါ့သွပ်၊ မပြောတတ်လျှင်၊ ထပ်၍တဖန်၊ မြွက်ပြန်လေတုံ၊ စကားပုံမှာ၊ ၀ါပင်ကပေါက်၊ လေးယောက်သင်တို့၊ ဆိုလေမြို့သော်၊ မယုံတို့ပါ၊ ပြန်ပြောခါလည်း၊ ကျွန်သာအစစ်၊ ဆိုသည်ဖြစ်လည်း၊ နစ်အံ့ကျွန်တွင်း၊ အရင်းအဖျား၊ ဘိုးသက်ကြားလျှင်၊ ဆီးတားပတ်ရစ်၊ စကားမြစ်သည်၊ ရေစစ်ကရား ပြောနည်းတည်း။
***
၁၀။ ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်းမဆို၊ မဟုတ်ဟုလည်းမဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် “ခက်တင်မောင်းနင်းပြောနည်း” မည်၏။ “ဤသူ ငါ့တူမဟုတ်ဟု မည်သူပြောသနည်း” ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
ခက်တင်မောင်းနင်း၊ ပြောဆိုရင်းမှန်၊ ယမန်ရှေးခါ၊ မတ်ဗိုလ်ပါတို့၊ ယုတ်မာဆိုးညစ်၊ သူခိုးစစ်ကို၊ သတ်ပစ်အံ့ငှာ၊ ဖမ်းယူရာတွင်၊ သာမညသူ၊ မဟုတ်မူ၍၊ တောင်ဖီလာဆရာ၊ တူရင်းချာဟု၊ ဆိုရှာအတွင်း၊ မတ်ခပင်းလည်း၊ ကပ်ချဉ်းဆရာ၊ လျှောက်တုံပါသော်၊ ဆရာတော်လည်း၊ မြွက်ဖော်ငါ့တူ၊ ပြောလိုက်မူက၊ ငါ့မှာမုသား၊ မလွတ်ငြားချေ၊ မပြောနေလည်း၊ သေအံ့လုလင်၊ ဉာဏ်ဆင်ခြင်၍၊ လုလင်တူရင်း၊ မဟုတ်ခြင်းကို၊ ဘယ်သူဆိုဟု၊ မြွက်ဆိုမိန့်ဟ၊ မျက်မှောင်ချ၍၊ မကျမတင်၊ ပြောသောသွင်သည်၊ ခက်တင်မောင်းနင်း ပြောနည်းတည်း။
***
ရည်ညွှန်း။ ... ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ

15 comments:

နေ၀သန် said...

စကားပြောရတာ တကယ်ကို အခက်ခဲဆုံးအလုပ်ပါ...။ ဒီစကားကြီး ဆယ်ခွန်းကို အင်မတန်သဘောကျတယ်....


ခင်မင်တဲ့
နေ၀သန်

Ko Paw said...

အင်း... စကားကြီးဆယ်မျိုးအကြောင်း ကျနော်ရေးမလို့ တေးထားတာ ဒီတခါတော့ မမေဓာဝီ ဦးသွားပြီ။ ဒီတော့ ကွန်မင့်မှာပဲ ရေးလိုက်တော့မယ်။

ယခု ၂၁ ရာစုထဲတွင် ဧကန်ဒိဌ အောင်မြင်ကြီးပွားစေသော ခေတ်သစ် စကားကြီးဆယ်မျိုးမှာ

(၁) ငါ့စကားနွားရ ပြောနည်း..... (ဒီနည်းကို ဗိုလ်ချုပ်ဌေးဦးကျွမ်းတယ်)

(၂) ဆင်ကန်းတောတိုး ပြောနည်း.... (ဒီနည်းကို ရဲချုပ်ခင်ရီကျွမ်းတယ်။)

(၃) အရူးချီးပန်း ပြောနည်း.... (ဗိုလ်ချုပ်ကျော်ဆန်း ကောင်းကောင်းကျွမ်းတယ်)

(၄) ရေလာမြောင်းပေး ပြောနည်း.... (ဒီဗီဘီ သတင်းထောက်တွေ ပြောတတ်တယ်။)

(၅) တောင်စဉ်ရေမရ ပြောနည်း.....

(၆) ကရားရေလွှတ် ပြောနည်း (ဝါ) ရေပက်မဝင်ပြောနည်း....

(၇) ဗလောင်းဗလဲ ပြောနည်း...

(၈) ထမင်းရည်ပူလာ လျှာလွှဲ ပြောနည်း... (နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကျွမ်းသည်)

(၉) ဘုတောကာ ပြောနည်း (အဖွဲ့ချုပ်က ဦးလွင်ကျွမ်းသည်)

(၁၀) တဇောက်ကန်းပြောနည်း.... (ရုရှားဘလော့ဂါများ ကျွမ်းပါသည်။)

ကိုကိုမောင်(ပန်းရနံ့) said...

စကားကြီး ဆယ်ခွန်းပြီးတော့ စကားကြီး ခြောက်ခွန်းကို ဆက်လက် တင်ပေးဦးလေ မမမေ။းဝ)

လင်္ကာလေးတွေနဲ့ဆိုတော့ ပိုမှတ်မိလွယ်တာပေါ့။ ဒါပေမဲ့ လင်္ကာတွေကို စိတ်မ၀င်စားတတ်တဲ့သူတွေအတွက် စကားပြေလေးနဲ့ဆို ပိုပြီး စိုပြေသွားမယ်ထင်တယ်။ အင်းး ဒါပေမဲ့လဲ အဲဒီလို စကားပြေနဲ့အတူဖော်ပြမယ်ဆိုရင်တော့ ပို့စ်တွေ ခွဲပြီးရေးရလောက်တယ်။

အခုလို စိတ်ရှည်စိတ်လက်နဲ့ စကားကြီးဆယ်ခွန်းကို ကူးယူဖော်ပြပေးတာနဲ့ကို ကျေးဇူးတင်လှပါပြီလေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sonata-cantata said...

စကားကြီး ဆယ်ခွန်းကို ပြန်လည်ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကိုပေါရဲ့ စကားကြီးဆယ်မျိုးကိုလည်း ဖတ်ပြီး ပြုံးသွားပါတယ်။
- ဧရာ

sonata-cantata said...

စကားကြီး ဆယ်ခွန်းကို ပြန်လည်ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကိုပေါရဲ့ စကားကြီးဆယ်မျိုးကိုလည်း ဖတ်ပြီး ပြုံးသွားပါတယ်။
- ဧရာ

Anonymous said...

ကိုပေါချန်ထားခဲ့တဲ့ ၃ ခုကို ဖြည့်လိုက်ပါတယ်။

၅) တောင်စဉ်ရေမရ ပြောနည်း..... (မခင်ဦးမေ ကျွမ်းတယ်)

(၆) ကရားရေလွှတ် ပြောနည်း (ဝါ) ရေပက်မဝင်ပြောနည်း.... (ငယ်နိုင်၊ ရီတာ၊ ကိုပေါ ကျွမ်းတယ်)

(၇) ဗလောင်းဗလဲ ပြောနည်း... (မေငြိမ်း ကျွမ်းတယ် - ကိုပေါအဆိုအရ) :D

Ko Paw said...

ဟား...ဟား.... အပေါ်က အမည်မသိ ဖြည့်သွားတာကို သဘောကျတယ်။ ကျနော်တော့ ကိုယ့်ရှူးကိုယ့်ပတ်တာပဲ။ ပေးသွားတဲ့ ဥပမာလေးတွေက ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းသို့ပါပဲ။း-)

SHWE ZIN U said...

မမေဓါဝီ ရေ

ဗဟုသုတ ရစရာ လေးတွေ တင်ပေးတဲ့ မမေဓါဝီ ကိုရော မူရင်း စာရေးသူ ကိုရော လေးစားလျှက်ပါ

နှုတ်ပိတ် ရေငုံ စကားပြောနည်း ကိုသုံးပြီး ပြန်သွားပြီနော်

ခင်မင်လျှက်
ရွှေစင်ဦး

သတ်ပုံမပါတဲ့ အက္ခရာ said...

အမ ဆီ စာတွေ လာလာဖတ်ပေမဲ့ ၊ ခုမှ ကွန်းမန့် ရေးဖြစ်တော့တယ် ။ အမ စာတွေ အရမ်းဖတ်လို့ကောင်းပါတယ် ။ တစ်ခုခု တော့ ရလိုက်တာပဲ ။

မေဓာဝီ said...

စကားကြီး ဆယ်မျိုးကို နှစ်သက်ကြလို့ တင်ပေးရကျိုးနပ်ပါတယ်။

ကိုပေါရေ ... ကိုပေါရဲ့ စကားကြီး ဆယ်မျိုးလဲ ကောင်းသားပဲ၊ ခေတ်သစ် မော်ဒန် စကားကြီး ဆယ်မျိုးပေါ့၊ ဒီတခါ ကျမဦးသွားပေမဲ့ အဓိပ္ပါယ်ချင်း မတူတာမို့ ကိုပေါ တင်ချင်တင်လို့ရပါတယ်။ ရေးထားပြီးသား နှမြောစရာမို့ပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ... နောက်ထပ်လဲ ဆယ်စောင်တွဲထဲက မှတ်သားစရာလေးတွေ ကောက်နုတ်တင်ပြပါအုံးမယ်။

Anonymous said...

ကြီးမေရေ
မန့်မရလို့ နောက်တခါလာပြီးထပ်ဖတ်ပါတယ်
ပို့စ်အသစ်တွေတင်ပေးပါ တင်ပေးပါ ဘာပြောနည်းလဲတော့ သိဘူးဗျ
ကြီးမေရေးပေးတာတွေရော တင်ပေးတာတွေရော အားလုံးကြိုက်စ်

ခင်မင်စွာဖြင့်
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားကြီး ၁၀မျိုးအတွက် ကျေးဇူးပါ။
လိုချင်ရင်တောင် လိုက်ရှာဖို့ ခက်နေချိန်မှာ ခုလိုဖော်ပြပေးတာ တကယ်ကျေးဇူးတင်ပါတယ်..

swe said...

စကားကြီး ဆယ်မျိုးကို ငယ်ငယ်က ကြားဖူးခဲ့ပါတယ် တချို.ကို မေ.ကုန်လို. ဘယ်ရှာရမှန်း မသိဖြစ်နေစဉ် ဒီ blog ကိုရောက်လာမိတာ ခုတော့ ပြန်ကူးယူခွင့်ရ လိုက်ပါတယ်။
တင်ပေးသူအား ကျေးဇူးပါ။

ရာဇာထွေး said...

မင်္ဂလာပါအမရေ...မျက်စိလည်လမ်းမှားပြီးရောက်လာတာပါ.။ ဒါပေမယ့်အမှားကောင်းပါ အမရေ..ကျွန်တော်ဖတ်ချင်တာတွေရှိနေလို့ပါ..တချို့တွေလည်းယူသွားတယ်နော်..စိတ်မဆိုးပါနဲ့နော်..သူငယ်ချင်းတွေလည်းဖတ်စေချင်လို့ပါ..အမ လင့်လေးကိုလည်းညွှန်လိုက်ပါ့မယ် အမ ..
ခင်မင်စွာဖြင့်

ရာဇာထွေး said...

မင်္ဂလာပါအမရေ..အကုန်မသွားတယ်နော်...စိတ်မဆိုးပါနဲ့နော်..လေးစားစွာဖြင့်