Friday, February 02, 2007
story 3
ဒီဝတ္ထုလေးကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကျော်လောက်က ကျမ ရေးခဲ့တဲ့ ၀တ္ထုလေးပါ။ ၁၉၉၁ ခုနှစ် က ရွှေဝတ်မှုန် မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ စာတပုဒ်ဆိုပါတော့။ အခုတလော အဟောင်းအမြင်းတွေ ပြန်လည် တူးဆွချင်နေတာနဲ့ပဲ ဒီဝတ္ထုလေးကို ပြန်တင်လိုက်တာပါ။ နေးတစ်ဖိုရမ်မှာ တင်ဖူးတဲ့အတွက် တချို့လည်း ဖတ်ဖူးကောင်း ဖတ်ဖူးပါလိမ့်မယ်။ ကိုယ့် ဘလော့အတွက်တော့ အသစ်ပေါ့။
တခါတလေမှာ ဒီဇာတ်လမ်းထဲက ရေတွင်းအိုလေးလိုမျိုး ကိုယ်ကိုယ်တိုင် ခံစားခဲ့ရဖူးပါရဲ့ … ။
ကိုယ့်ဘ၀မှာ လုပ်နိုင်တာတွေရှိပါလျက်နဲ့ ပစ်ပယ်ခြင်း ခံရတဲ့အခါ … ဒီဝတ္ထုလေးကို ပြန်သတိရမိပြီး ကိုယ့်ကိုယ်ကို ပြန်အားပေး ခဲ့ရဖူးပါတယ်။
ကဲ … ဖတ်ကြည့်ကြပါအုံး … နည်းနည်းတော့ ရှည်တယ်။
ငယ်ငယ်တုန်းက လက်ရာပေါ့။
***
ကာလတန်ဖိုး
***
ကျုပ်အသက်ကို လူတချို့က သိပ်သိချင်ကြတယ်။
ကျုပ်အသက် အတိအကျကို ကျုပ်ဟာကျုပ်တောင် မသိဘူး။ ကျုပ် ဘယ်နှစ်ခုသားလဲဆိုတာ ကျုပ်ကိုယ်တိုင် သိမှမသိတာ။ ကျုပ်အထင်တော့ ကျုပ်အသက်ဟာ ၈၀ကျော် ၉၀ နီးပါးရှိမယ် မှတ်တာပဲ။ ဒီ့ထက် ပိုရင်သာပိုမယ် ..လျော့တော့ မလျော့တာ သေချာပါတယ်။
ကျုပ်ကိုအထင်မသေးနဲ့ဗျ၊ ကျုပ်ဖြတ်သန်းလာခဲ့တဲ့ ဘ၀သက်တမ်း တစ်လျှောက်လုံး လူသားတွေကို ကျုပ်ဘက်က တတ်နိုင်သလောက် ကူညီလာတာ။ ဘယ်လိုလူတွေဟာ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ စကားလေးနည်းနည်းပြောကြတာနဲ့ သိတယ်။ အသက်ပဲ ဒီလောက်ရှိနေပြီဗျာ။ လူကဲခတ်တော့မညံ့ပါဘူး။
ကျုပ်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ လူတွေဟာ တခါတလေ ရယ်စရာ၊ တခါတလေ စိတ်ပျက်စရာ၊ တခါတလေ ၀မ်းနည်းစရာကောင်းတဲ့ ဘ၀မျိုးစုံမှာ ကျင်လည်ဖြစ်ပျက်နေကြရတယ်။ အဲဒါကြောင့် ကျုပ်လည်း လူတွေကိုကြည့်ပြီး တခါတလေ ပြုံးမိတယ်၊ တခါတလေ မဲ့မိတယ်၊ တခါတလေ ကရုဏာသက်မိတယ်။
ဒါပေမဲ့ ဘယ်လိုလူတွေပဲဖြစ်ဖြစ် ကျုပ်ဆီက အကူအညီယူရင် မပေးဘဲ မနေပါဘူး။ အဆင့်အတန်းလည်း မခွဲခြားတတ်ပါဘူး။ လူတွေအားလုံးပေါ်မှာ ကျုပ်ထားတဲ့ စေတနာဟာ တပြေးညီပါပဲ။ လူတွေကတော့ ကျုပ်အပေါ်ကို တပြေးညီစေတနာမထားကြပါဘူး။ ဒါကိုလဲ ကျုပ်ကအပြစ်မမြင်ပါဘူးလေ။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့စကား ရှိသားပဲမဟုတ်လား။ သူတို့ ကျုပ်ကို ဘယ်လိုသဘော ထား ထား၊ ကျုပ်ကတော့ ပေးဆပ်ရမယ့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေမှာပဲ။
ကျုပ်ရဲ့ ခန္ဓာတည်သရွေ့ ...
ဟုတ်တယ် ...
ရေတွင်းတစ်တွင်းအဖြစ် ကျုပ်ဟာ လောကမှာရပ်တည်နိုင်တဲ့ အဆုံးစွန်ကာလ တစ်ခုအထိပေါ့ဗျာ ...။
***
ကျုပ်ဘ၀ထဲက အစောဆုံးမှတ်မိတဲ့ နေ့တစ်နေ့ရှိတယ်။
ကျုပ်ဖခင် ဆရာတော်ကြီး တောင်ဝှေး တဒေါက်ဒေါက်ထောက်ပြီး ၀မ်းသာလွန် ပီတိပြုံးတွေနဲ့ ကျုပ်ကို ငုံ့ကြည့်တဲ့နေ့။
ကျုပ်ကလည်း ဆရာတော့်မျက်နှာက အပြုံးတွေကြောင့် ကြည်နူးပြီး အပျော်ကြီးပျော်နေတာပေါ့။
အဲဒီနေ့မှာပဲ လူတွေ တစ်ယောက်ပြီးတစ်ယောက် ကျုပ်ကိုလာကြည့်ပြီး အံ့သြစကား၊ ချီးကျူးစကား၊ ၀မ်းသာစကားတွေပြောကြတယ်။ သူတို့ရဲ့စကားသံကို ကျုပ်ကြားရတော့ ...
“သြော် .. ငါဟာ လူတွေနဲ့ လူ့လောကကို တစ်စိတ်တဒေသ အထောက်အကူပေးဖို့ ဒီဘ၀ကြီးထဲ ရောက်လာရပါလား၊ ငါ့ဘ၀ကြီးဟာ မွန်မြတ်ပါပေတယ်”
ဆိုပြီး ကိုယ့်ဘ၀ကိုယ်ကျေနပ်နှစ်သက်နေခဲ့တယ်။
သူများပြောစကားအရ သိရတာကတော့ ဆရာတော်ကြီးက ဒီအရပ်မှာ ရေအခက်အခဲဖြစ်နေလို့ ရေတွင်းတစ်တွင်း တူးမယ်ဆိုပြီး ဆွမ်းစားကျောင်းနောက်ဘက်မှာ တူးဖို့ ဘုန်းကြီးတွေ၊ အရပ်ထဲက လူကြီးတွေနဲ့ တိုင်ပင်ကြတယ် .. တဲ့။ အဲဒီနေ့ကပဲ ကျုပ်ကို သန္ဓေစ-တည်ခဲ့တယ်လို့ ဆိုရမှာပေါ့ဗျာ။
အားလုံးနဲ့တိုင်ပင်၊ ငွေခံစရာရှိတာခံပြီး အလုပ်သမားတွေ၊ အရပ်ထဲကလူတွေနဲ့ စုပေါင်းပြီး တူးကြတာ ပျော်စရာသိပ်ကောင်းဆိုပဲ။ နောက်ဆုံး အုတ်ဘောင်လေးတက်၊ အချောကိုင် “အရပ်သူအရပ်သားများ ကောင်းမှု” လို့ ကမ္ပည်းထိုးအပြီးမှာ အားလုံးရဲ့ မျက်နှာတွေဟာ ကြည်နူးမှုတွေနဲ့ ပြည့်ဝပျော်ရွှင်နေကြတယ်တဲ့။
အဲဒီလို .. ကျုပ်ဟာ ဆရာတော်ကြီးနဲ့ အရပ်သူ အရပ်သားတွေရဲ့ ကျေးဇူးကြောင့် ရေချိုတွင်းလေး တစ်တွင်းအဖြစ်နဲ့ လောကအလယ်မှာ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ပြီး လူတွေကို ပြန်လည် ကျေးဇူးပြုနိုင် တာပေါ့ဗျာ။
ကျုပ်ရဲ့ဘ၀ဟာ ကျေးဇူးသိတတ်ခြင်းနဲ့ စခဲ့တာဆိုရင် မမှားပါဘူး။
***
ကျုပ်တို့ ဘုန်းကြီးကျောင်းလေးဟာ မြို့စွန်မြို့ဖျားက ရွာကလေးတစ်ရွာမှာပေါ့။ ခုတော့ လူစည်ကားတဲ့ ရပ်ကွက်တစ်ခု ဖြစ်နေပြီး အိမ်ကြီးအိမ်ကောင်းတွေလည်း များနေပါပြီ။
အဲဟိုတုန်းကတော့ ရွာထဲက အိမ်တွေအားလုံးဟာ တဲသာသာလေးပါ။ အကောင်းဆုံး အဆောက်အအုံ ဆိုလို့ ကျုပ်တို့ ဘုန်းကြီးကျောင်းနဲ့ သေဌေးဦးစံမတူ အိမ်ပဲရှိတာ။ ကျုပ်တို့ ကျောင်းဝင်းကြီးက အကျယ်ကြီး။ သီးပင်စားပင် ပန်းမာန်တွေ ဆိုတာလည်း စုံကစုံပါဘိနဲ့။ အင်မတန်သာယာတာ။ သစ်ပင် ပန်းပင်တွေကလည်း ကျုပ်ရှိမှ ပိုပြီးလန်းဆန်း ဝေဆာလာကြတာပေါ့။ ကျုပ်ဖြင့် ပီတိကို ဖြစ်လို့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရေတွေဟာ သိပ်မကြည်လင်သေးဘူး၊ တူးခါစကိုး။ သိပ်မကြည်တဲ့ ရေတွေကိုတောင် ရွာသားတွေက အမြတ်တနိုး သောက်သုံးကြတာ။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက် .. ဆိုပြီး ရေကို တန်ဖိုးထားကြတယ်။
မနက်တိုင် ဆိုရင် ကျောင်းသားလေးတွေ ကိုရင်လေးတွေက ကျောင်းထဲက သောက်ရေအိုးတွေ သုံးရေ အိုးတွေဖြည့်၊ တံမြက်စည်းလှည်း၊ ရေဖြန်း၊ သစ်ပင်ရေလောင်း၊ ကုဋီတွေဆေးပြီးရေဖြည့် နဲ့ လုပ်ကြ ကိုင်ကြရတယ်။ နေ့လည်ဘက်ဆို ကိုရင်ကြီးတွေ ဦးဇင်းငယ်တွေ ရေချိုးကြပြီး ညနေစောင်း လောက်ကျတော့ အရပ်ထဲက ယောကျာ်း၊ မိန်းမ၊ ကလေးတွေ ရေလာခပ်ကြတယ်။
လူတွေက စည်းကမ်းတော့ရှိကြပါတယ်။ ရန်ဖြစ်ကြတာတို့၊ လုခပ်ကြတာတို့ မရှိကြဘူး။ ကိုယ့်ပုံးလေး၊ ကိုယ့်အိုးလေးနဲ့ ကိုယ်ခပ်ပြီး ပြန်ကြတာပဲ။ လူငယ်ဘာဝ နောက်ကြပြောင်ကြတာတို့၊ စောင်းချိတ် ပြောကြတာတို့တော့ ရှိကြတာပေါ့။ ၀ါသနာပါတဲ့အမျိုးသမီးတွေ ရေခပ်ရင်း အတင်းပြောကြရင် ဇာတ်လမ်းစုံကို ကျုပ်ကြားရတယ်။
ပြောရဦးမယ်ဗျ။ ကာလသား ဖိုးမှတ်က မိသက်ကို လူပျိုစကားပြောတာ ဒီနားမှာပေါ့။
မိသက်က ရေအိုးလေးကို တွင်းဘောင်ပေါ် တင်လို့၊ ဖိုးမှတ်က ရေငင်ပေးလို့။ ပထမတော့ မိသက်က မူနေသေးတာ။ အင်းလေ .. မိန်းကလေးပဲ ဒါလောက်တော့ရှိမှာပေါ့။ နောက်တော့လည်း ကြိုက်သွားကြတာပါပဲ။ သူတို့နှစ်ယောက်ယူတော့ ဆရာတော်တို့ကိုတောင် ဆွမ်းကျွေးလိုက်သေးတယ်။ အဲသလို အဆင်ပြေပြေဖြစ် သွားတော့လည်း ကျုပ်တို့ကြည်နူးရတာပေါ့ဗျာ။
ရွာထဲကလူတွေ အတော်များများအကြောင်းကို ကျုပ်သိနေတာ အပျိုခေါင်း မအေးကြောင့်။ မအေးက တစ်ရပ်လုံးရဲ့ အိမ်တွင်းရေးကအစ သိပြီးအတင်းက အင်မတန်ပြောတတ်တယ်။ သူပြောတဲ့ အတင်းဆိုတာကလဲ တကယ်တော့ အမှန်အကန်တွေပါ။ ကွယ်ရာပြောလို့သာ အတင်းလို့ သတ်မှတ်ရတာ။ သူပြောသမျှဟာ လုပ်ကြံတာ၊ ရန်တိုက်တာမပါဘူး။
အဲဒီတုန်းက လူတွေဟာ ရိုးသားကြတော့ ကျုပ်လဲ စိတ်ချမ်းသာတာပေါ့။
ကျုပ် စိတ်ထိခိုက်ရတဲ့ နေ့ကတော့ ကျုပ်ရဲ့ဖခင်ဖြစ်တဲ့ တစ်ရပ်ရွာလုံး အားကိုးလေးစား ကြည်ညိုကြ တဲ့ ဆရာတော်ကြီး ပျံတော်မူသွားတဲ့နေ့ပေါ့။ အဲဒီနေ့က ထူးထူးခြားခြား ကိုရင်လေးတွေ ကျောင်းသားလေးတွေ ရဲ့ အသံက တိတ်လို့။ ခါတိုင်းဆို ရေလာခပ်ရင် တစ်ဦးနဲ့ တစ်ဦး စကြ နောက်ကြနဲ့ ဆူညံနေတာ။ ခုတော့ ကျောင်းသားလေး တစ်ယောက်က စကားကျယ်ကျယ် ပြောတာတောင် သူတို့က တားမြစ်နေကြတယ်။
“ဆရာတော် နေမကောင်းဘူးကွ တိတ်တိတ်နေကြ” တဲ့ ။
ကျုပ် စိုးရိမ်သွားတာပေါ့။ ဆရာတော် ဘယ်လိုနေလဲ၊ သိပ်များဖြစ်နေသလား ဆိုတာ သိပ်သိချင်သွားတယ်။
နေ့လည်လည်းကျရော ဦးပဉ္စင်းတစ်ပါး ဆွမ်းစားရင်း တန်းလန်းပြေးထွက်လာပြီး ကျုပ်ရဲ့ အုတ်ဘောင်ကို ဦးတိုက်ပြီး ငိုပါလေရော။ ကျုပ်လည်းထင့်ခနဲ ဖြစ်သွားတယ်။ ပြီးတော့ အဲဒီဦးပဉ္စင်းက-
“တပည့်တော်တို့ကို ဆုံးမစကားတွေ ပြောပြီး သွန်သင်မယ့်သူ မရှိတော့ဘူး၊ ရွှေတောင်သဖွယ် ကျေးဇူးရှင် ဆရာတော်ကြီးရယ်၊ အရှင်ဘုရားရဲ့ ရေတွင်းက ရေကြည်လေးတွေ ကိုတောင် ကြည့်မသွား လိုက်ရပါလား၊ သောက်မသွားလိုက်ရပါလား” လို့ မချိတင်ကဲ ပြောပြီး ငိုနေတယ်။ ကျုပ်ဖြင့်လေ .. စိတ်ထဲမှာ မကောင်းလိုက်တာ။ ရင်ကို နင့်နေတာပဲ။ သေခြင်းတရားတို့ အနိစ္စ သဘောတို့ဆိုတာ ဘုန်းကြီးကျောင်းမှာ နေလို့ နားရည်ဝအောင် ကြားနေရပေမဲ့ လက်တွေ့ရင်ဆိုင်ရတော့ ကျုပ်ဝမ်းနည်းမိတယ်။
ဟုတ်ပါရဲ့လေ .. ကျုပ်ဆီက ရေကြည်အေးမြ တစ်ပေါက်လောက်ကိုမှ ဆရာတော်မသောက်ရသေးခင် သေမင်းတမန်တော်က လူ့လောက က ခေါ်ဆောင်သွားခဲ့ပြီ။ ကျုပ် ဆရာတော့်အပေါ် တာဝန်မကျေဘူး။ ဆရာတော့်ကျေးဇူးတွေ အပြည့်အ၀ မဆပ်ရသေးဘူး။
ဒါပေမဲ့လေ ..
ဆရာတော့်ကိုယ်စား ကျန်ရှိနေတဲ့ ရဟန်းသံဃာနဲ့ လူအပေါင်းကို ကျုပ်ပေးဆပ်စရာရှိတာ ပေးဆပ်မယ်။ တာဝန်ကျေအောင် ထမ်းဆောင်ပြီး လောကအကျိုးကို သယ်ပိုးသွားပါ့မယ်။
ကတိပါ ဆရာတော်။
***
နောက်ပိုင်းမှာတော့ ကျောင်းထိုင်ဆရာတော် အသစ်တက်ပြီး အရင်ဆရာတော်ရဲ့ သြ၀ါဒအတိုင်း ရပ်ရွာအကျိုး၊ သာသနာ့အကျိုးတွေကို ဆက်လက်ဆောင်ရွက်ကြတယ်။ ကျုပ်ရှိရာမှာတော့ အရင်လို လူစည်ကားမြဲပါပဲ။
စစ်ကြီးဖြစ်တော့ မြို့ကလူတွေကပါ ဘုန်းကြီးကျောင်းမှာလာခိုလှုံကြတယ်။ ကျုပ်ရဲ့နဘေး မန်ကျည်းပင်ကြီး အောက်က ကွပ်ပစ်မှာ ၀ိုင်းဖွဲ့ထိုင်ကြပြီး တစ်နေ့တစ်နေ့ နိုင်ငံရေးအကြောင်း ဆွေးနွေးတိုင်ပင် နေကြတာ ကြက်သီးထစရာပဲ။ လူငယ်လေးတွေ တိုင်ပင်နေကြတာများ ပြောက်ကျားစနစ်တို့ဘာတို့သုံးပြီး တိုက်ခိုက်ကြဖို့ ဆိုတာလည်း ပါတယ်။ စိတ်ဓာတ်တွေ တက်ကြွနေလိုက်ကြတာလေ။ ဆရာတော့်စကား တစ်ခွန်းတောင် သတိရလိုက်မိသေးတယ်။
“ရန်ကို ရန်ချင်း မတုံ့နှင်းနဲ့” “သည်းခံခြင်းသည် မြတ်သောအကျင့်” တဲ့။ ဒါပေမဲ့လည်း လူငယ်တွေပဲလေ။ ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်တာ လုပ်ပေါ့။ သူတို့တွေရှိတာ ကျုပ်အဖို့ ဗဟုသုတ တိုးပွားပါတယ်။ မသိသေးတဲ့ နိုင်ငံတကာ အကြောင်း၊ စစ်ရေးအကြောင်းတွေ၊ နိုင်ငံရေးပရိယာယ်တွေ၊ ခေါင်းဆောင်ကြီးတွေ၊ သခင်တွေအကြောင်း စသဖြင့် သိရတာပေါ့။
အရင်ကတော့ ရပ်ကြောင်း၊ ရွာကြောင်း၊ ဘုရားအကြောင်း၊ တရားအကြောင်းတွေလောက်သာ ကျုပ်က သိရတာမဟုတ်လား။ နေရတာကလဲ ဘုန်းကြီးကျောင်းဆိုတဲ့ တရားရိပ် သံဃာရိပ်မှာ နေရတာကိုး။
ခုမှ နိုင်ငံတို့၊ စစ်ပွဲတို့၊ ကမ္ဘာတို့ဆိုတာ သိရတော့ သြော် .. ငါမသိသေးတာတွေ အများကြီးပါလား လို့ တွေးမိတယ်။ ဒီလိုပါပဲဗျာ။ တဖြည်းဖြည်းအသက်ကြီးလာလေ .. မသိတာတွေ ပိုသိ သိလာလေ၊ သိစရာတွေကလည်း ပိုများလာလေပဲ။
ပြီးတော့ ကျုပ်ရဲ့ ရေတွေကလည်း တစ်နေ့ထက်တစ်နေ့ ကြည်လင်အေးမြလာပြီ။ ကျုပ်ကြောင့် အားလုံး စိတ်ချမ်းသာရပြီ။
ကျုပ်ရော .. တစ်နေ့ထက်တစ်နေ့ စိတ်ချမ်းသာနေတယ်လို့ ထင်သလား ..။
ထင်နေကြပါသလားဗျာ ...။
***
ဒီဘက်ခေတ် ရောက်လာတော့ ကျုပ်ကိုအရင်ကလို မသုံးချင်ကြတော့ဘူး။ တိုးတက်လာပြီ ခေတ်မီလာကြပြီ။ ရွာကလဲ အရင်လို မဟုတ်တော့ဘူး။ လူကုံထံရပ်ကွက်တစ်ခု ဖြစ်နေပြီ။ တဲအိမ်လေးတွေလည်း မရှိတော့ဘူး တိုက်တာ အဆောက်အအုံတွေ ဖြစ်ကုန်ကြပြီ။ ကျုပ်တို့ ဘုန်းကြီးကျောင်း တောင် အသစ်တိုးချဲ့ပြုပြင်လိုက်ကြသေးတယ်။ ဆွမ်းစားကျောင်းလေးလည်း အရင်လို တဲကျောင်းလေး မဟုတ်ဘဲ တိုက်ကျောင်းဖြစ်နေပြီ။
ရပ်ကွက်ထဲမှာ ရေပိုက်လိုင်းတွေသွယ်ထားတော့ ဘယ်သူမှ ကျုပ်ဆီ ရေလာမခပ်ကြတော့ဘူး။ ကျောင်းထဲကိုလည်း ပိုက်သွယ်ပြီး ရေဘုံပိုင်တပ်ထားတော့ ကျုပ်ကိုမလိုဘူး ဖြစ်နေတာပေါ့။ လူတွေကတော့ ပိုသဘောကျနေကြတာပေါ့လေ။ ဘုံပိုင်လှည့်ဖွင့်လိုက်ရုံနဲ့ ရေထွက်နေတာကိုး။ ပင်ပင်ပန်းပန်း ငင်စရာ ခပ်စရာမှ မလိုတော့တာ။
ဒါပေမဲ့ တူတော့ မတူပါဘူးဗျာ။ ကျုပ်သိတာပေါ့ ..။ သူတို့ဘုံပိုင်ရေက ကျုပ်ရေလောက် အေးသလား၊ ကြည်သလား။ နွေဆိုအေးပြီး ဆောင်းဆိုနွေးတဲ့ ကျုပ်ရဲ့ရေနဲ့ ဘုံပိုင်ရေ ဘယ်ဟာပိုကောင်း သလဲ၊ ကျုပ်သိတာပေါ့။
လူတွေလည်း သိပါတယ်။ ဒါပေမဲ့ သူတို့သက်သာတာပဲ သုံးမှာပေါ့ဗျာ။ အဲဒီတော့ ..ရေညှိတက်၊ အုတ်ကပ်ပင်၊ ကပ်ပါးပင်တွေပေါက်၊ မြက်ရိုင်းတွေ ချုံပုတ်တွေ အုပ်ဆိုင်းပြီး အနားကို ဘယ်သူမှ မလာတော့တဲ့ ကျုပ်ဟာ တယောက်တည်း အထီးကျန် ဖြစ်နေတာပေါ့။
အရင်ကလို ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား အဖြစ်ကို ပြန်တွေးမိပြီး စိတ်မကောင်းဖြစ်ရတယ်။
ငါဟာ ခုချိန်မှာ လူသားတွေကိုရော လူ့လောကကြီးကိုပါ အကူအညီမပေးနိုင်တဲ့သူ ဖြစ်နေပြီ။ ငါရှိ နေလို့လည်း ဘာမှ အကျိုးထူး မလာပါဘူး။ ငါမရှိလည်း သူတို့ဟာနဲ့သူတို့ အဆင်ပြေနေကြမှာပါပဲ .. လို့ ကျုပ် တွေးမိပြီး ၀မ်းနည်းလာ အားငယ်လာတဲ့ အချိန်မှာ ကျုပ်ဖခင် ဆရာတော်ကြီးကို အထူးသတိရမိတယ်။
ကျုပ်ဟာ လူတွေအတွက်မပြောနဲ့ ပန်းကလေးတစ်ပင်အတွက်တောင် အထောက်အကူမပြုနိုင်တော့တဲ့ ဘ၀မှာ ဆက်လက်ရပ်တည်နေလို့ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။
“အသက်နဲ့ ခန္ဓာတည်သရွေ့ လောကအကျိုးကို သယ်ပိုးပါမယ်” လို့ ဖခင် ဆရာတော်ကြီးကို ပေးခဲ့ဖူးတဲ့ ကတိတစ်ခုကို သတိရမိတယ်။ ကျုပ်ဟာ လူတွေပြုပြင်ခြင်းမရှိလို့ ရေညှိ ရေမှော် ချုံနွယ် မြက်ရိုင်း တွေကြားမှာ နေနေရပြီး တစ်နှစ်တစ်ခါတောင် ရေတွင်းမဆယ်ကြတော့ သစ်ရွက်အမှိုက်တွေကို ပွေ့ပိုက်ပြီး နေနေ ရပေမဲ့ ရေတွေဟာ အေးဆဲပါ၊ ကြည်ဆဲပါ။ ကျုပ်ခန္ဓာဟာလည်း တည်မြဲနေဆဲပါ။ ဒါပေမဲ့ ..
လူတွေဟာ ကျုပ်ကို အသုံးမပြုကြတော့ဘူး၊ လျစ်လျူရှုထားလိုက်ကြပြီ။ ကျုပ်က လောကအကျိုးကို မသယ်ပိုးချင်တာ မဟုတ်ပါဘူး။ သူတို့က ကျုပ်ကို စွန့်ခွာသွားကြတာလေ။
ကျုပ်ဟာ အပယ်ခံဖြစ်သွားပြီ။
***
ကျုပ် တော်တော်အံ့သြသွားတယ်။ ၀မ်းလည်း သာမိတယ်။ မနက်စောစောက ကိုရင်တစ်ပါး ကျုပ်နား ရောက်လာပြီး ချုံတွေ မြက်တွေရှင်းနေကတည်းက တစ်ခုခုပဲလို့ ကျုပ်တွေးမိသား။ ခဏနေတော့ ကျောင်းသား တွေ ကိုရင်တွေ ရေပုံးတွေ ကြိုးတွေနဲ့ ရောက်လာပြီး ရေငင်ကြတယ်။ ကျုပ်စိတ်ထဲမှာ ထူးဆန်းနေတာပေါ့။ ဒီနေ့ကျမှ ထူးထူးခြားခြား ရေလာခပ်ကြလို့ ဘာဖြစ်လို့ပါလိမ့်ဆိုပြီး တွေးနေမိတယ်။ နောက်မှ သိရတာက ဒီရပ်ကွက်မှာ ရေမလာလို့ တဲ့။
ကျုပ် ၀မ်းသာသွားတယ်။ ရပ်ကွက်ထဲမှာ ရေဒုက္ခရောက်ကြလို့ ၀မ်းသာတာတော့မဟုတ်ပါဘူး။ ဒီလောက်ထိ ယုတ်ညံ့တဲ့စိတ် ကျုပ်မှာ မရှိပါဘူး။ ကျုပ်ဝမ်းသာတာက လူတွေကျုပ်ကိုပြန်အသုံးပြုကြပြီ။ ကျုပ်သူတို့အကျိုးကို ဆောင်ရွက်နိုင်ပြီဆိုပြီး ၀မ်းသာမိတာပါ။
ဦးပဉ္စင်းတစ်ပါးရဲ့ “အမှိုက်တွေ သိပ်ကျနေတယ်၊ ဒီနှစ်တော့ ဆယ်မှဖြစ်မယ်” လို့ ပြောနေသံကို ကြားလိုက်ရတယ်။ ကျုပ်ကို သူတို့ ဂရုတစိုက်ပြန်ဖြစ်ကုန်ကြပြီ။
ညနေဘက်ကျတော့ ရပ်ကွက်ထဲက လူတချို့ရောက်လာပြီး ရေလာခပ်ကြတယ်။ တချို့က ကျုပ်ဒီမှာ ရှိတာ ခုမှသိကြလို့ အံ့သြနေကြတာပေါ့။
“ဒီရေတွင်းလေးရှိလို့ တော်သေးတာပေါ့၊ ဒါမှမဟုတ်ရင် ဟိုဘက်ရပ်ကွက်မှာ ရေသွားခပ်ရတာ အောက်ကျနောက်ကျသိပ်နိုင်တာ” တို့ –
“ရေလေးတွေက ကြည်ပြီးအေးနေတာပဲ၊ ဒီရေတွင်းလေးရှိတာ ငါတို့ခုမှ သိတယ် နော် ..” တို့ ..
“တွင်းက ရှေးတွင်းပဲ၊ တွင်းဟောင်းပေမယ့် လုပ်ထားတာကြည့်စမ်း ခိုင်ခိုင်ခံ့ခံ့နဲ့ စနစ်တကျဆိုတော့ ခုထိ မပျက်စီးသေးဘူး” တို့ ..
“ဘယ်တုန်းကတည်းက တူးထားတဲ့တွင်းလဲ မသိဘူးနော်၊ ဟန်ကျလိုက်တာ” တို့ ..
စသဖြင့် ကျုပ်ကို ချီးမွမ်းတဲ့စကားတွေ ပြောနေကြတာကို ကျုပ်ကြားရတော့ ..
ကျုပ်မွေးဖွားခါစက ချီးကျုးကြတဲ့ သူတွေရဲ့ စကားသံကို ပြန်ကြားယောင်မိတယ်။ ဖခင်ဆရာတော် ကြီးရဲ့ ပီတိပြုံးတွေကို ပြန်မြင်ယောင်မိတယ်။
နောက်နေ့မှာလဲ ရေက ပြန်မလာသေးဘူး။ ရေလွှတ်တဲ့နေရာက ဘာစက်ကြီးချို့ယွင်းနေလို့ ဆိုလား တော်တော်ကြာကြာ ရေပျက်မယ်လို့ ပြောသံကြားတယ်။
လူတွေကို ကြာရှည်ကူညီခွင့်ရလေ ကျုပ်ပီတိဖြစ်လေပါပဲ။
ဒါပေမဲ့ဗျာ .. လူတွေက စည်းကမ်းဆိုတာကို နားမလည်ကြတော့ဘူး။ အရင်ကလို စနစ်တကျမခပ်ကြ တော့ဘူး။ လူကုံထံ ရပ်ကွက်ဆိုတော့ အိမ်ရှင်တွေ ကိုယ်တိုင်လာမခပ်ကြပေမဲ့ အ၀တ်ငှားလျှော်တဲ့ အမျိုးသမီး တွေ အ၀တ်လာလျှော်တဲ့ အမျိုးသမီးတွေ၊ ရေထမ်းရောင်းတဲ့သူတို့ ရေစည်လှည်းတွန်းသူတို့နဲ့ စည်ကားလို့ နေပါတယ်။
မနက်ဖက် ကိုရင်တွေ ကျောင်းသားတွေ ရေခပ်နေချိန်လည်း သူတို့လာခပ်ကြတာပဲ။ နေ့ခင်းဘက် ဦးပဉ္စင်းတွေ ကိုရင်ကြီးတွေ ရေချိုးချိန်လဲ အမျိုးသမီးတွေ အ၀တ်လာလျှော်လိုလျှော်၊ ညနေဆိုရင်လည်း လူက စုံတော့ ဟိုလူ့ရေပုံး ဒီလူကငှားတာ တွင်းထဲကျသွားလို့ ရန်ဖြစ်ရတာနဲ့ ရေလုခပ်ကြရတာနဲ့ ဆူညံရှုပ်ထွေးလို့ နေတယ်။ တွင်းအကျယ်ကြီးပဲဗျာ ခပ်ပါလား ဟိုဘက် ဒီဘက်။
သူတို့က အဲသလိုမဟုတ်ဘူး။
လူတွေလေ .. ကြာလေ ပျင်းလေဆိုတဲ့ အတိုင်းပဲ။ တိုင်ကလေးစိုက်၊ စက်သီးလေးတစ်ခုကို ပြီးကဖြစ် လုပ်ပြီးတပ်ထားကြတော့ အဲဒီစက်သီးလေးကိုပဲ လူတွေက လုပြီးခပ်ကြပါရော။ စက်သီးနဲ့ဆို လူက ပိုသက်သာတယ် ဆိုပြီးတော့ပေါ့ဗျာ။
တစ်နေ့တစ်နေ့ ရန်ဖြစ်ကြရတာနဲ့ နားကို ငြီးနေတာပဲ။ တချို့အမျိုးသမီးတွေဆို ဘုန်းကြီးတွေနဲ့ တောင် မရှောင်လုခပ်ကြ၊ အော်ကြ၊ ဟစ်ကြ။
အဲသလိုမျိုးဆို ကျုပ်စိတ်ဆင်းရဲရပြီပေါ့ဗျာ။
“ဘုန်းကြီးတွေဖြစ်ပြီး ရေအကျိုးဆယ်ပါး မသိကြဘူးလားတော် .. ရေကိုတောင်မှ ကြံဖန်တိုတောင်း နေကြတယ်” ဘာညာကွိကွ စောင်းကြ ချိတ်ကြ ကျိန်ဆဲကြ ဖြစ်နေတာများ ကျောင်းထိုင်ဆရာတော်လည်း မနေရ၊ ရပ်ကွက်လူကြီးလည်း မနေရ။
ဟိုတုန်းကနဲ့တော့ အကွာကြီးကွာနေတော့တာကိုး။ ဘုန်းကြီးတွေလည်း ဘုန်းကြီးတွေမို့ ရိုသေရကောင်းမှန်း မသိဘူး။ ဘုန်းကြီးကျောင်းထဲမှာပဲ အမျိုးသမီးတွေ ရေချိုးကြ ထဘီလျှော်ကြနဲ့ ဟီရိသြတ္တပ္ပတရားကင်းမဲ့ကုန်ကြပြီ။ ကျုပ် စိတ်ကုန်တယ်။
ရန်ပွဲတွေ စကားစစ်ထိုးပွဲတွေနဲ့ နေ့စဉ်ကြုံတွေ့လာရတော့ ကျုပ်ဆုတောင်တောင်းမိပါရဲ့။
ရေ မြန်မြန်ပြန်လာပါစေ ... လို့။
***
တစ်လလောက်ကြာသွားတယ်။ ကျုပ်လဲ တော်တော်အီသွားတယ်။ ရေလဲ တော်တော်နောက်သွား တယ်။ ပြဿနာပေါင်းလဲ တော်တော်စုံသွားတယ်။
ကျုပ်မျှော်လင့်နေတဲ့နေ့။ သူတို့တောင့်တနေတဲ့နေ့ကို ပြန်ရောက်လာပါပြီ။ ရပ်ကွက်ထဲမှာ ရေပြန်လာပြီလေ။ သူတို့ကျုပ်ကို ပြန်လည်စွန့်ခွာထားခဲ့ကြပြီ။
ဒါပေမဲ့ ကျုပ်စိတ်ချမ်းသာတယ်။ လောကအကျိုးကို ကျုပ်တတ်နိုင်သလောက် ထမ်းဆောင်ခဲ့ပြီးပြီ။ ကျုပ် တာဝန်ကျေပြီ။ သူတို့ကျုပ်ကို ဘာမှမပြုပြင်ဘဲ ချုံပုတ် မြက်ရိုင်းထဲမှာ ပြန်ပစ်ထားလိုက်ကြပြီ။ ကျုပ် ပျော်ပါတယ်။ နောက်တစ်ခါ ရေမပျက်ပါစေနဲ့လို့တော့ ဆုတောင်းမိတယ်။ သူတို့ကို ကျုပ်မကူညီချင်လို့ ဆုတောင်းတာ မဟုတ်ဘူးနော်။ ကျုပ်ရဲ့စိတ်ထားတွေ ဒါလောက်မယုတ်ညံ့သေးပါဘူး။ ကျုပ် ဘာလို့ ဒီလို ဆုတောင်းလဲ ဆိုတော့ နောက်တစ်ခါ ရေပျက်ရင် ရေလာခပ်ကြမယ်။ ရေလာခပ်ကြရင်အရင်လို စည်းကမ်းမဲ့ လုခပ်ကြ၊ ရန်ဖြစ်ကြမယ်။ အဲသလို လူအချင်းချင်း ပြဿနာတွေ မဖြစ်စေချင်လို့ ၂၄ နာရီလုံး၊ ၁၂ ရာသီလုံး ရေလာပါစေ .. လို့ ဆုတောင်းတာပါ။
ခုတော့လည်း ရေညှိတွေ ချုံနွယ် မြက်ရိုင်းတွေနဲ့ နေရတာကို ကျုပ် နှစ်ခြိုက်တတ်တာပြီ။ လူတွေစွန့်ခွာလို့ အပယ်ခံသားဖြစ်ရတာလည်း ၀မ်းမနည်းဖြစ်တော့ပါဘူး။
ဆရာတော်ပြောခဲ့တဲ့ စကားတစ်ခွန်းကိုတော့ သတိရဖြစ်အောင်ရမိသား။
“ရေတွင်း ရေကန် ဆိုတာ အင်မတန် မွန်မြတ်တဲ့ ထာဝရအလှူလို့ ခေါ်တယ်၊ မပျက်မစီးသရွေ့ ကုသိုလ်ရနိုင်တယ်” တဲ့။
ခုတော့ ကျုပ်ဟာ မပျက်စီးသေးပါဘူး။ ဒါပေမဲ့ ကာလတွေ ကြာလာတာနဲ့အမျှ လူတွေမသုံးဘဲ ပစ်ထားလိုက်ရင်တော့ ကုသိုလ်တွေဟာ ရပ်တန့်ပျောက်ကွယ်သွားမှာပဲလို့ ကျုပ်တွေးထင်မိတယ်။
ဘာပဲဖြစ်ဖြစ်လေ “အရပ်သူ အရပ်သားများကောင်းမှု” ရယ်လို့ သက္ကရာဇ်မပါဘဲ ရေးထိုးထားတဲ့ ကမ္ပည်း စာတန်းလေးကတော့ ရေတွင်းဘောင်ရဲ့ တနေရာမှာ ရေညှိတွေဖုံးလွှမ်းရင်းနဲ့ ခံ့ခံ့ညားညား ရှိနေဆဲပါပဲ။
***
သြဂုတ်၊ ၁၉၉၁ ခုနှစ်
ရွှေဝတ်မှုန်မဂ္ဂဇင်း
Subscribe to:
Post Comments (Atom)
9 comments:
good! it's a nice story.. :)
oh! I have been read this story long time ago. nice one!!!
မမေ
ဖတ်ခါစက ရေတွင်းလေးမှန်းကို မသိဖူး၊၊ အရမ်းအသက်ဝင်လွန်းလို့၊၊ မမေရဲ့စာတွေဟာ တစ်ခါဖတ်လို့ကို မ၀နိုင်အောင်ပါပဲ၊၊ဖတ်လေ၊ဖတ်ချင်လေပဲ၊၊ များများရေးပေးနော်၊၊
ချစ်သော ညီမလေး ပီပီ
ရေတွင်းလေးလိုအများအကျိုးသယ်ပိုးနိုင်သူဖြစ်ပါစေ၊ ညလေးလဲ ဖြစ်ချင်ပါတယ်...
၁၉၉၁ ခုနှစ်တုန်းကဆိုတော့ ကျနော်တော့ ကိုးတန်းပဲရှိသေးတယ်.. အဲဒီလိုစာရေးဖို့နေနေသာသာ.. ရည်းစားစာတောင် ဖြောင့်အောင်မရေးတတ်သေးဘူး.. အဟဲ..နောက်တာပါဗျာ..ထောင်တန်တဲ့စကား ရယ်ရင်ပေါ့ဖြစ်နေအုံးမယ်။ ဒီစာကတော့ ဟောင်းပေမယ့် ကောင်းနေဆဲ စာပါပဲ။ အရင်ကလဲ ဖတ်ဖူးတယ်.. အခုလဲ ထပ်ဖတ်ခွင့်ရတယ်။ တခြားရေးခဲ့ဖူးတာတွေလဲ တင်ပါအုံးဗျ။
မမေ အရမ်းကောင်းတယ်-
ကွန်မန့်အားလုံးအတွက် ကျေးဇူးပါ ..
လောလောဆယ် စာရေးချင်စိတ်မရှိလို့ အဟောင်းတွေပဲ ပြန်တင်နေမိတာ အားလည်း နာပါတယ်။
တခါတလေတော့လည်း အဲဒီရေတွင်းအိုလေးလိုမျိုး လူတွေလစ်လျူရှုထားတာပဲ ခံချင်နေမိပါတော့တယ်။
ငယ်ငယ်က လက်ရာဆိုပေမဲ့ တော်ဝင် တန်းဝင်တဲ့ စာတစ်ပုဒ်ပေဘဲ။ အတုယူလောက်ပါပေတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
လွန်ခဲ့တဲ့ ၄ နှစ်လောက် ကစာကိုခုမှဖတ်ရပြီး..
ရေးခဲ့တဲ့စာကလည်းလွန်ခဲ့တဲ့ ၁၉ နှစ်ကာလလောက်
ကဖြစ်နေတယ်....ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်
လောက်က ရေးခဲ့တဲ့ကွန်းမန့်တွေအောက်မှာမှ
သားသားကွန်းမန့်ကိုရေးခွင့်ရတယ်..
မမမေရေ..မမမေ၀တ္ထုလေးက ဟောင်းပေမဲ့
ကောင်းနေတုန်းပါပဲ...
ကိုယ့်ကိုကိုယ်ရေတွင်းအိုလေးလိုလူတွေလျစ်
လျူရှုထားတာမခံချင်ပါနဲ့အုံး...
ကိုယ်တတ်ထားတဲ့ပညာလေးနဲ့
စာဖတ်သူအကျိုး..နိုင်ငံအကျိုး...ပြည်သူ့အကျိုး
ကို ထမ်းဆောင်သွားပါအုံး...လူသာအိုလာမယ်..
မမမေရဲ့ကလောင်စွမ်းက ပျိုနေထက်နေတုန်းပဲ
ုဖြစ်မယ်လို့ သားသားယုံကြည်ပါတယ်ခင်ဗျာ...
မမမေရဲ့သားသားသန့်
Post a Comment