Sunday, August 08, 2010

စောင့်ရတဲ့ ညနေ ...

တည်ထားတဲ့ ဟင်းရည်အိုးလေး …
နွှေးရင်းနဲ့ ခမ်းခမ်းလာတယ်။

ထိုးထားတဲ့ ပန်းအိုးလေး …
မမွှေးတော့ဘဲ နွမ်းနွမ်းလာတယ်။

အိပ်တန်းတက်မယ့် ငှက်တအုပ်လဲ
ခပ်သုတ်သုတ် ပျံသန်းနေကြပြီ။

လက်တံရှည်ရှည် ပင့်ကူတွေကတော့ …
မျက်နှာကြက်ထောင့်မှာ
ယက်ဖောက်ရက်လို့ ကောင်းတုန်း။

ကြည့်ရတာများလွန်းလို့
နာရီလက်တံ ပြောင်းပြန်သွားနေသလား
ေ၀၀ါးဝါး ဖြစ်လာတယ်။

မွတ်သိပ်မှုတွေ ပြည့်နေတဲ့
ညနေရဲ့ နေရောင်ဟာ
တစတစ ပါးပါးလ်လ်။

မြက်ခင်းတွေကတော့ …
အရင်လို စိမ်းနေတုန်းပါပဲ ... ။
***
မေဓာဝီ
၈၊ သြဂုတ်၊ ၂၀၁၀
၀၀း၀၁ နာရီ
(စောင့်ရတဲ့ ညနေများစွာသို့ ....)

တခါတုန်းက

7 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဟင်းရည်အိုးလေး.. ခမ်းခမ်းရင်းနဲ့ မီးတူးသွားမှာ စိုးရိမ်နေရတယ်။

ပန်းအိုးလေး... ကွဲပျက်သွားမှာ စိုးရွံ့မိပါရဲ့။

ငှက်တစ်အုပ်က ဘယ်ဆီဘယ်ဝယ် ပျံရမှန်းမသိဖြစ်နေရင် လမ်းပြကြယ်လေးလိုအပ်တယ်။

ပင့်ကူတွေကတော့ ဘယ်တော့မှ အားလျော့မဲ့ပုံမပေါ်ဘူး။

ဟုတ်တယ်။ နာရီတွေက ကျောက်ခေတ်ကို ဦးတည်နေသလိုလိုဘဲ။

ညနေဆည်းဆာရဲ့ရောင်နီ နုနုလေးတွေလဲ ငပုပ်ဖမ်းခံထားရသလိုပါဘဲ။

မြက်ခင်းစိမ်းလေးတွေကိုဘဲ အထမြန်ပါစေလို့ ဆုတောင်းရတော့မှာပေါ့။

ဝိုင်းဆုတောင်းကြရအောင်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Ko Paw said...

ဆေးလိပ်လည်းတို
နေလည်းညိုတဲ့
ညနေအိုကြီးကိုတော့
ဟိုလေ...စောင့်ချင်သေးဘူးနော်။ ကျနော်က ငယ်ငယ်လေးပဲ ရှိသေးတာ။

Anonymous said...

မမေဓါဝီ

စောင့်ရတဲ့ ညနေတွေကို ကဗျာလေး ဖတ်ပြီး ကိုယ်ချင်းစာ မိပါရဲ့

ကဗျာလေး အတွက်ကျေးဇူးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

pandora said...

ဘ၀ဆိုတာ စောင့်ဆိုင်းခြင်းပဲလား။ တခါတလေလည်း ဘာကိုမှန်းမသိစောင့်ရင်း စောင့်ရင်း အသက်တွေလည်း ကြီးလာပေါ့။

ညလင်းအိမ် said...

စောင့်ရခြင်းဘ၀မှ အမြန်ကင်းလွတ်ပါစေ အစ်မ
...

မြက်ခင်းစိမ်းစိမ်းလေးတွေက ပြောပြကြမှာပါ ...း)

Anonymous said...

ကြီးမေရဲ့ ကဗျာတွေကို ကြိုက်ပါတယ်ဗျာ
ကြီးမေအတွက်
မြို့သစ်ကဘ၀လမ်းလျှောက်သူတွေ

့မြို့ပြရဲ့ ဟိုးအဝေးဆီက အိမ်အပြန်
ညနေခင်းမှာ လမ်းတလျှောက်
စက်ဘီးတဂျောက်ဂျောက်နဲ့
နင်းပြီးလို့အိမ်အပြန်
မနွေးဘဲ စားလည်း ဗိုက်ပြည့်ရင်ပြီးတာဘဲလို့
တွေးပြီး စားကြတယ်
မထိုးနိုင်ဘဲထားတဲ့ ပန်းအိုးလေးကို ကြည့်ကြည့်ပြီး
စိတ်မကောင်းဖြစ်ရတယ်
အိပ်တန်းတက်မယ့် ငှက်တစ်အုပ်ကမှ လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းနိုင်သေးတယ်
လက်တံရှည်ပင့်ကူတွေလို အချိန်ပြည့် လှုပ်ရှားနိုင်မှ တော်ရုံကြမယ်
ကြည့်စရာနာရီ မရှိသလို
ကြည့်ဖို့မလိုတဲ့ အချိန်ပြည့်
ရုန်းကန်နေကြရတဲ့ ဘ၀တွေ
တဖြည်းဖြည်း...တဖြည်းဖြည်း.....

ဆက်၍တွေးပါ ကြီးမေ

ခင်မင်စွာဖြင့်
seesein

khin oo may said...

မခံစားချင်ဘူး.