Thursday, August 19, 2010

အခိုး ...

တိမ်ခိုး မြူခိုး
ကောင်းကင်မိုး၌
ကြီးစိုးခိုက်တွင်
မင်းလွင်အုံ့ဆိုင်း
မှုန်ရီမှိုင်းကာ
မြင်မြင်ရာရာ
လွမ်းဘွယ်သာတည့်။

ခေါင်းတိုင် မီးခိုး
ခေါင်အမိုးထက်
တလူလူထွက်လျှင်
လည်ပတ်ယန္တယား
စက်များခုတ်မောင်း
ဂျောင်းဂျောင်းမြည်သံ
နားဝယ်ညံ၏။

နောက်ဆုံး တမျိုး
ကြက်သွန်ခိုးကား
ဆိုးဝါးလွန်းစွာ
မွှန်ကာမျက်စိ
ဖွင့်ကြည့်မရ
မျက်ရည်ကျယို
မလွမ်းပါဘဲ ငိုမိ၏။
***
မေဓာဝီ
၁၉၊ သြဂုတ်၊ ၂၀၁၀
၁၆း၄၃ နာရီ

(မှတ်ချက်။ ။ အလှူအတွက် ဟင်းချက်ဖို့ ကြက်သွန်လှီးရင်း မျက်ရည်များစွာဖြင့် ရေးသည့်ကဗျာ။)

5 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ထပ်ကာတစ်မျိုး
ဒေါသခိုးကား
အဆိုးအကောင်း
ကျိုးအကြောင်းကို
ကောင်းကောင်းမသိ
မောဟငြိပြီး
ထင်မိထင်ရာ
လုပ်တတ်စွာ၏။

မေဓာပျိုစင်
စိတ်ဝယ်ယှဉ်ပြီး
ကြင်ကြင်နာနာ
သာသာပျောင်းပျောင်း
ကောင်းကောင်းမွန်မွန်
သွန်သွန်သင်သင်
သခင်ဘုရား
လှူဖို့အားကို
မနားမခို
မျက်ရည်ယိုလည်း
ထိုထိုဤဤ
တီတီတာတာ
မတွေးပါဘဲ
မေတ္တာရှေ့ထား
ကြက်သွန်များကို
ပါးပါးသာ လွှာ
ခွံကိုနွှာလော့။ :)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

ကိုအောင်(ပျူနိုင်ငံ) said...

အခိုးတွေရိုက်လို့ ငိုနေတဲ့ မမေဓါဝီ
ကုသိုလ်တွေ အများကြီးရမှာပါ။

Anonymous said...

ကြီးမေ

မလွမ်းဘဲ ငိုတာလို့တော့
ယုံချင်ပေါင်ဗျာ
ရောကျိတ်တာနေမှာပါ
ငိုချင်ရဲ့ ကြက်သွန်လှီးမိ တာဖြစ်မှာပါ
အလှုမှာ ဘာကျွေးမှာလဲဗျာ
ဗိုက်ဆာတယ်

အရီးလေး
seesein

SHWE ZIN U said...

ညီမ မမေဓါဝီရေ စာဆိုတော်တွေ ပညာပြိုင်ကြတဲ့ ပွဲမှာ ရွှေစင်ဦးလေး ကတော့ မျက်ရေ ကျအောင် လှီးတဲ့ ကြက်သွန်တွေနဲ့ ဘာဟင်းလေးများချက်မလည်း လို့ တွေးတောကာ ပြန်သွားပြီဗျာ

နောက်ကျသွားတယ် အရှုတ်တွေလုပ်နေရလို့

ခင်တဲ့
ရွှေစင်ဦး

Tin Tun Aung said...

ဖတ်ရတာ ပျော်စရာပဲ ။
တော်တော်လဲ စာချိုး တော်ကျပါဘိ၊