Sunday, August 15, 2010

မကြွေနွမ်းသည့် … ပန်း

ပန်းဟုဆိုသော်ငြား ပန်းတော့ဖြင့် မဟုတ်ပါချေ။
ထိုပန်းက ဖူးလည်းမဖူး၊ ပွင့်လည်းမပွင့်၊ ရနံ့လည်း မမွှေး။
သို့သော် … ထိုပန်းသည် … မဖူးပေမဲ့ ထူးပါသည်၊ မပွင့်ပေမဲ့ ၀င့်ထည်သည်၊ မမွှေးပေမဲ့ အေးမြသည်။
ထို့ကြောင့်ပင် အများက ပန်းမဟုတ်သော ထိုပန်းကို “ပန်း” ဟု တညီတညွတ်တည်း လက်ခံထားကြ၏။
ထိုပန်းသည် … မြန်မာဆန်လွန်းသည့်ပန်း၊ မြန်မာမှန်သမျှ မြတ်နိုးကြသည့်ပန်း၊ ဗုဒ္ဓရှေ့မှောက်တွင် တင့်တယ်သည့်ပန်း၊ အောင်မြင်ခြင်းနိမိတ်ကို ထင်ဟပ်စေသည့် ပန်း … ။
ထိုသည့်ပန်းကား ...
“မကြွေနွမ်းသည့် သပြေပန်း” ပေတည့်။
***
သပြေ …
ဘာရယ် ညာရယ် အသိမကြွယ်သေးသည့်အရွယ် ခပ်ငယ်ငယ်လောက်ကပင် ထိုဝေါဟာရကို စတင် ကြားဖူးခဲ့သည်။

“၀ါဆို ၀ါခေါင် ရေတွေကြီးလို့ … သပြေသီးမှည့် ကောက်စို့ကွယ်”

ဆိုလို့ကောင်းကောင်းနှင့် အော်ဆိုရင်း သပြေနှင့် ရင်းနှီးခဲ့သည်။ ဒီကဗျာလေးကို မိဘ မောင်နှမတွေ ရွတ်ပြသင်ပေး၍ အလွတ်ဆိုတတ်သွားသောအခါ နှုတ်ဖျားမှာ တေးတပုဒ်လို အမြဲလိုလို သီဆိုနေမိသည်။ အထူးသဖြင့် မိုးဦးကျစ မိုးတွေလေတွေ လာသည့်အခါမျိုးမှာ ဒီကဗျာကို ဆိုရတာ ပို၍ နှုတ်တွေ့သယောင်။ ဒီလိုနှင့် တစစ သပြေကို ကျွမ်းဝင် လာလေ၏။ သို့သော် ထိုသပြေက ပန်းသပြေမဟုတ်သေး၊ အသီးသပြေ။

အိမ်ခြံဝင်း၏ အရှေ့တောင်ဘက် စည်းရိုးထောင့်မှာ သပြေပင်ကြီး တပင်ရှိသည်။ မိုးတွင်းအခါဆို သပြေသီးတွေ ပြွတ်ခဲနေအောင် သီးပြီး လေတိုက်တိုင်း တဖြုတ်ဖြုတ် ကြွေကျတတ်သည်။ မကြွေရင်လဲ အိမ်သားတွေက တံချူဖြင့် ချူချလေ့ရှိကြသည်။ ထိုသို့ ကြွေကျ ချူချသည့် သပြေသီးတွေကို ကောက်ယူရေဆေးပြီး ဆန်ကာကုံးထဲထည့်ကာ တလုံးပြီးတလုံး မမုန်းတမ်း စားခဲ့ကြသည်။ တခါတလေ ရေခဲသေတ္တာ အခဲခန်းထဲထည့်ပြီး အေးခဲနေသည့် သပြေသီးမှည့်တွေကို နှုတ်ခမ်းတွေ ပြာနှမ်းသည်ထိ တမက်တမော စားခဲ့ကြသည်။ သပြေသီးအရသာက ချဉ်သလို ချိုသလို ဖန်သလို အနံ့ကလေး မွှေးတေးတေးနှင့် စားလို့ဖြင့် အကောင်းသား။

ဤသို့ဖြင့် မိုးရာသီ၏ နေ့ရက်များမှာ သပြေသီးကောက် ကဗျာလေးကို ရွတ်ဆိုရင်း၊ သပြေသီးမှည့်တွေ တပျော်တပါး ကောက်ကြ ခူးကြရင်း တမိုးပြီး တမိုး ပြောင်းလဲကာ အသက်အရွယ်တွေ တဖြည်းဖြည်း ကြီးပြင်းလာသလို မိုးလေသည်းထန်သည့် ညတညမှာတော့ သက်တမ်းရင့်အိုနေသည့် ထိုသပြေပင်ကြီး အမြစ်မှစ လဲပြိုကျခဲ့လေ၏။

သည့်နောက်ပိုင်း သပြေသီးမှည့် မကောက်ရတော့ … သပြေသီးလဲ မစားရတော့။ သို့ပေမဲ့ “သပြေသီးကောက်” ကဗျာလေးကိုတော့ဖြင့် သတိတရ ရွတ်ဆိုမိနေဆဲ၊ နောက် မျိုးဆက်လေးတွေ ဖြစ်သည့် တူ တူမလေးတွေ, နီးစပ်ရာ ကလေးငယ်တွေကို ထိုကဗျာလေးအား လက်ဆင့်ကမ်း သင်ပေးနေမိဆဲ။
***
အမေဈေးကပြန်လာတိုင်း အညွန့်ရဲရဲလေးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့် သပြေငုတ်ကလေးတွေ ၀ယ်ဝယ်လာတတ်သည်။ တခါတလေတော့လဲ နီညိုညို အညွန့်များနှင့် စိမ်းဖန့်ဖန့် အရွက်ဖားဖားများပါသော သပြေခက်များ ၀ယ်လာလေ့ရှိသည်။ ထိုသပြေပန်းတွေကို ညောင်ရေအိုးထဲ ထည့်ထိုးပြီး ဘုရားရှေ့၌ ကပ်လှူပူဇော်ထားသည်ကို ကြည့်ရသည်မှာ ကြည်ညိုစရာ။

အဖိုးအခအနေဖြင့် ဈေးမကြီးလှသော သပြေပန်းက တော်တော်နှင့် မနွမ်း၊ တာရှည်ခံသည်။ နှင်းဆီ စပယ်လို မွှေးရနံ့ ထုံပျံ့ခြင်းမရှိသော်လည်း သူ့မှာ ရနံ့တမျိုးရှိသည်။ မမွှေးမအီသော ခပ်သင်းသင်း သပြေရနံ့က ရင်ကိုအေးမြစေသည်။ ဘုရားခန်းထဲဝင်လိုက်လျှင် ဘုရားကိုပူဇော်ထားသည့် ဖယောင်းတိုင်နံ့နှင့် သပြေရနံ့တို့ ရောပြွမ်းထုံသင်း နေတတ်သည်။ အဖိုးများစွာ မထိုက်တန်ပေမဲ့ လူတကာက သပြေကို အမြတ်တနိုးရှိကြပေသည်။ ရှေးက သပြေခက်ဖြင့် ရေပက်ကြသည်၊ အောင်စစ်သည်များအား သပြေပန်းဖြင့် ကြိုဆိုကြသည်၊ ဘုရားပွဲ အုန်းပွဲ ငှက်ပျောပွဲမှာ သပြေခက်ကို ထိုးလေ့ရှိကြသည်၊ သပြေပန်းကို အောင်ပန်းအဖြစ် သတ်မှတ်ကာ မြတ်စွာဘုရားကို အောင်သပြေ ကပ်လှူပြီး အောင်ရာ အောင်ကြောင်း အောင်ဆုတွေ တောင်းကြသည်၊ သပြေပန်းကား မြန်မာတွေအဖို့ နေရာတကာ အရေးပါသည့် ပန်းတမျိုးပါပေ။

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို …

အစချီသည့် ကဗျာလေးကို ဖတ်ရချိန်မှာတော့ ကဗျာတွေ စာတွေကို စိတ်ဝင်စားတတ်သည့် အရွယ်ရောက်နေပြီ။ အဖိုးထိုက် ပန်းမဟုတ်ပေမင့် သပြေပန်း၏ တန်ဖိုးနှင့် အနှစ်သာရကို စာဆို၏ ထိုကဗျာကြောင့် နားလည်ခံစား တတ်နေပြီ။ ဒီ့ထက်ပိုကာ ထိုကဗျာကို ရွတ်ဆိုတိုင်း ရင်ထဲမှာ အားအင်တမျိုး တိုးပွါးခံစားတတ်နေပြီ။ ဒီ့နောက်မှာတော့ စာဆို၏ ကဗျာတွေ စာတွေကို လက်လှမ်းမီရာ ရှာဖွေ ဖတ်ရှုရင်း စာဆိုကိုလည်း လေးစားကြည်ညို မိနေပြီ။

“သပြေညို” ဆိုင်းဘုတ်တပ်ထားသော ခြံဝင်းထဲက အိမ်လေးကို အဖေနှင့်အတူ အခေါက်ခေါက် ရောက်ခဲ့ဖူးသည်။ စာဆို၏ စာပေ ဗဟုသုတ စကားများ၊ ဆုံးမသြ၀ါဒများကို နာကြားခဲ့ဖူးသည်။ လေးစားကြည်ညိုစွာ ဂါရ၀ပြု ကန်တော့ခဲ့ဖူးသည်။ စာဆိုသည် သပြေညို ကဗျာကို အင်္ဂလန်နိုင်ငံတွင် ရေးဖွဲ့ခဲ့သည်ဟု ဖတ်ခဲ့ဖူး၏။ ထိုစဉ်က မြန်မာပြည် လွတ်လပ်ရေး မရသေး။ အတိအကျဆိုရလျှင် မြန်မာပြည်လွတ်လပ်ရေးရရန် ၁၀ နှစ်တိတိ လိုသေးသည့် အချိန်၊ ၁၉၃၈ ဇန်န၀ါရီ ၄ ရက်နေ့။ စာဆိုသည် အင်္ဂလန်တွင် နေထိုင်ရင်း ဗြိတိသျှအင်ပါယာအောက်မှ မလွတ်လပ်သေးသည့် မြန်မာပြည်ကြီးကို လွတ်လပ်စေချင်လိမ့်မည်၊ ထိုအခါ အောင်အတိတ် အောင်နိမိတ်လွှမ်းကာ အမြဲလန်းဆန်းသည့် ပန်းမြတ် သပြေညိုကို သတိရမိပေလိမ့်မည်၊ ထိုသပြေညိုဖြင့် စာဆိုသည် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်ကို လှုံ့ဆော်ခဲ့သည်။ သပြေညို၏ တေးသံသည် ထိုစဉ်က မြန်မာပြည်တ၀ှမ်း ပျံ့နှံ့ခဲ့လေ၏။
***
သပြေညိုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာသည့် အချိန်ကျမှ သပြေတို့ဝေရာမြေက ခွဲခွါဖို့ ဖန်လာလေတော့သည်။ သပြေညိုတို့၏ အဝေးမှာနေရင်း ယုံကြည်ချက်တွေ ပျောက်တဲ့အခါပျောက် … မျှော်လင့်ခြင်းတွေ ကင်းတဲ့အခါကင်း … ခံယူချက်တွေ ပျက်ယွင်းပြီး ရှုံးနိမ့်ခြင်းတွေကို ခါးသီးစွာ ရင်ဆိုင်ရင်း အလင်းမဲ့ နေ့ရက်များကို တိတ်ဆိတ်စွာ ကျော်ဖြတ်ခဲ့ရသည်။ သို့ဖြင့် ရင်ထဲမှာ သပြေတေးသံတို့ တဖြည်းဖြည်း ဆိတ်သုဉ်းစ ပြုလာသည်၊ အမြဲလန်းဆန်းမည် ထင်ခဲ့သည့် နှလုံးသားထဲမှ ပန်းသပြေတို့ နွမ်းကြေစ ပြုလာသည်။ ပူနွေးစိုစွတ်သည့် ရာသီတွင် ပေါက်ရောက်တတ်သည့် သပြေပင်က အလွန်အေးစက်ကာ ရာသီဥတု ဆိုးဝါးလှသည့် အင်္ဂလန်မြေတွင် ရှင်သန်နိုင်ပါ့မလား … ။

တနေ့မှာတော့ ပန်းအိုးသေးသေးလေးဖြင့် ထည့်ထားသော အပင်လေးတပင် လက်ဆောင်ရလာသည်။ ကြည့်လိုက်တော့ သပြေပင်ကလေး။ လှိုက်ခနဲ ရင်ခုန်ဝမ်းသာသွားပြီး မီးဖိုခန်း ပြတင်းဘောင်တွင် တင်ကာ စိုက်ထားခဲ့သည်။ သေသွားမှာစိုးသဖြင့် ဂရုတစိုက် မြေဆွေးထည့်ရင်း ရေလောင်းရင်းဖြင့် သပြေပင်ကလေးက အညွန့်များ နုသစ်ဝေဖြာလာလေသည်။ ဒီနှစ်နွေမှာတော့ အပူချိန်တက်လို့ပဲလားမသိ သပြေပင်လေးက လျင်မြန်စွာပင် အညွန့်များ တက်လာသည်၊ အကိုင်းများ ဖြာလာသည်။ သပြေညိုသည် အင်္ဂလန်မြေမှာ ရှင်သန်လန်းဆန်းနေလေပြီ။
***
ရှည်လျားဖြာထွက်နေသော အခက်တချို့ကို ဖြတ်ပြီး ဘုရားကပ်စဉ် သပြေရနံ့ သင်းပျံ့ပျံ့ကို ရှူရှိုက်ရ၏။ လန်းဆန်းခက်ဖြာနေသော သပြေညိုတို့နှင့်အတူ ယုံကြည်ခြင်း မျှော်လင့်ခြင်းတွေက ရင်တွင်း၌ ပြန်ခိုဝင်လာ၏၊ အားအင်တွေ ပြန်လည် တိုးပွါးလာ၏။ တကယ်တော့ ယုံကြည်ချက် မျှော်လင့်ချက် ခံယူချက်ဆိုသည်က ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မကြွေမနွမ်း အမြဲလန်းဆန်းနေသည့် သပြေညိုလို နှလုံးသားထဲ၌ ခိုင်မာစွာ အမြစ်တွယ်ခို နေမည်မှာ အမှန်ပင် ဖြစ်ပေတော့သတည်း။
***
မေတ္တာဖြင့် …

မေဓာဝီ
၁၅၊ သြဂုတ်၊ ၂၀၁၀
၀၀း၃၃ နာရီ
***
၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားသော သပြေညို၏ စာဆို ဆရာကြီးမင်းသုဝဏ်အား ဤစာစုဖြင့် ရိုသေလေးမြတ်စွာ ဦးညွှတ်ဂါရ၀ ပြုလိုက်ပါသည်။
***
အမြဲလန်းဆန်းသည့် ပန်းမြတ်သပြေညို

10 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာကြီးကို အတူတူဦးညွတ်ဂါရ၀ပြုသွားပါသည်။ ဆရာကြီးတစ်ယောက် နတ်ဘုံနတ်နန်း၌ တင့်တယ်စွာစံမြန်းနေနိုင်ပါစေဟုလည်း ဆုတောင်းပေးလိုက်ပါသည်။

ဆရာကြီး၏ဆန္ဒမှန်ဖြစ်သည့် သပြေညိုတို့၏ အောင်နိမိတ် ထွန်းလင်းပါစေသော်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Heartmuseum said...

ကောင်းလိုက်တဲ့ essay လေးးးးး
ကြိုက်တယ်.... မန္တလေးအိမ်ရှေ့က သပြေပင်ကြီးကို လွမ်းသွားတယ်။ လူယုတ်မာ ထွန်းကြည်(ဗိုလ်ချုပ်ထွန်းကြည်) ;P လက်ထပ်က မန္တလေးက သစ်ပင်ကြီး မှန်သမျှ ခုတ်လှဲ ခိုင်းခဲ့လို့ အဲဒီ သပြေပင်ကြီး အမြစ်ကနေ လှဲလိုက်ရတယ်။ ဟိုနေ့က ကဗျာလေးလဲ ကြိုက်တယ်ဗျ။

Anonymous said...

ကြီးမေရေ

အဝေးမှာနေရင်း ယုံကြည်ချက်တွေ ပျောက်တဲ့အခါပျောက် … မျှော်လင့်ခြင်းတွေ ကင်းတဲ့အခါကင်း … ခံယူချက်တွေ ပျက်ယွင်းပြီး ရှုံးနိမ့်ခြင်းတွေကို ခါးသီးစွာ ရင်ဆိုင်ရင်း အလင်းမဲ့ နေ့ရက်များကို တိတ်ဆိတ်စွာ ကျော်ဖြတ်ခဲ့ရသည်

ဘယ်မှနေနေပါဗျာ လူ့စိတ်ကမှ မငြိမ်းအေးတာကို ကြီးမေရေ အမိမြေမှာနေလည်း ဘ၀ဆိုတာ ဒီလိုပါဘဲ ဒီလိုနဲ့ဘဲ စိတ်ရဲ့အေးငြိမ်းရာ အမှန်တရားတွေကို ရှာဖွေမိတယ်
ခင်မင်စွာဖြင့်
seesein

SHWE ZIN U said...

ညီမမေဓါဝီ ရဲ့ စာလေး ဖတ်ရတာ သပြေအနံလေး တွေ သင်းနေတာဘဲ မရွှေစင် တို့ ငယ်ငယ် ကလည်း အဲလိုသပြေသီးတွေ ကို နှုတ်ခမ်း တွေ လျှာတွေ ပြာနေအောင်စားကြတယ် မိုးရွာထဲမှာ သပြေကောက် ရတာ ပျော်ဘို့သိပ်ကောင်းတယ်

ညီမ အပင်လေး ကမြေကြီးပေါ်ချ မစိုက်ဘူးလား တအားထွားလာတယ်

သပြေညိုလေး အင်္ဂလန်မှာ ထာဝရ ရှင်သန် လန်းဆန်း နိုင်ပါစေ

ခင်မင်တဲ့
ရွှေစင်ဦး

စုချစ် said...

မမေနဲ့အတူတူ ဆရာကြီးမင်းသုဝဏ်ကို ရိုသေလေးစားစွာ ဦးညွှတ်ဂါဝရ ပြုလိုက်ပါသည်။

စုချစ်

Anonymous said...

I am not satisfied about the fruit that offered to Buddha. If you are not slice it then how to eat.

Looks like it has been offering to Buddha 24hr continuously. Think about that Buddha does not have meal after noon.

မေဓာဝီ said...

အမည်မဲ့ရှင် ...
မြတ်စွာဘုရားကို ခုလိုကပ်လှူပူဇော်ရာမှာ ပူဇော်သူရဲ့ သဒ္ဓါတရားက အဓိကပါပဲ။ ကျမ ဦးရီးတော်ရဲ့ အယူအဆကတော့ သစ်သီးဝယ်လာပြီးရင် ကိုယ်မစားခင် မြတ်စွာဘုရားကို သတိတရနဲ့ ဦးဦးဖျားဖျား ဆက်ကပ်လှူဒါန်းထားတာပါ။

ခွဲစိတ်ပြီး ကပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ကျမတို့ကတော့ ကိုယ်တတ်နိုင်သလိုပဲ ကပ်လှူထားတာပါ။ ဒါပေမဲ့ ဘယ်လိုကပ်ကပ် ဘုရားက တကယ်စားမှာမှ မဟုတ်တာလေ။ ဒါကြောင့် သဒ္ဓါတရားက အဓိကလို့ ပြောတာပါ။

အခုလိုပုံစံမျိုးနဲ့ သစ်သီးကပ်လှူခြင်းဟာ ကပ်လှူသူရဲ့ ကုသိုလ်စေတနာနဲ့ ဖူးမြော်သူရဲ့ ကြည်ညိုသဒ္ဓါစိတ် တိုးပွါးဖြစ်ပေါ်စေဖို့လို့ ကျမကတော့ နားလည်ထားပါတယ်။

ဒါပေမဲ့ လူအမျိုးမျိုး ရှိကြတဲ့အတွက် အခုလို ကပ်တာကို မြင်ပြီး သဒ္ဓါကြည်ညိုစိတ်ပွါးသူက ပွါးနိုင်သလို ဒါဟာ မှားတယ်လို့ မြင်လိုကလဲ မြင်နိုင်ပါတယ်။ မိမိရဲ့ ကုသိုလ်စိတ် အကုသိုလ်စိတ်ဟာ မိမိခံယူချက်ပေါ်မှာ မူတည်တာပါပဲ။
ကွန်မန့်အတွက် ကျေးဇူးပါ။

ကိုအောင်(ပျူနိုင်ငံ) said...

လှပတဲ့ အက်ဆေးတစ်ပုဒ်ပါပဲ မမေရေ။

rita said...

ပိုစ့်လေးဖတ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့အဖွားနဲ့ အဖွားခြံထဲကသပြေပင်ကြီးတွေကိုလွမ်းလိုက်တာ။
ရပ်ကွက်ထဲကလူတွေက (အဖွားရေ သပြေနဲနဲလောက်ဆိုပြီ) လာလာချိုးကြတယ်။ ပြီးရင်တတ်နိုင်သလောက်ပေးကြတယ်။ တချို့လဲများများယူပြီး နဲနဲပေးကြတယ်၊ ရီတာတို့ကငယ်သေးတော့ပွစိပွစိပြောမိတယ်၊ အဖွားကတော့ရသလောက်စုထားပြီ အလှူလုပ်ရင်ထဲ့လှူတာပဲ။ သူဟာသူတော့ဟုတ်လို့၊ အခု အမရေးထားတာလေးဖတ်မိတော့ လွမ်းမိပြန်တယ်။

ညီလင်းသစ် said...

အကြွေးစာရင်းကို ကြည့်ပြီး ဘယ်ကစရမှန်း ခဏ စဉ်စားလိုက်ရသေးတယ်၊ နောက်တော့ ရွေးလိုက်တယ်၊ အက်ဆေး...၊ ကဲ, စဆပ်ပါပြီ၊

တကယ်ချစ်စရာ ကောင်းတဲ့ အက်ဆေးလေးပါပဲ မမေဓာဝီရေ..၊ သပြေညိုကို အင်္ဂလန်မှာ ရေးခဲ့တာ သိရလို့ ကျေးဇူးပါပဲ၊ ပန်းအိုးလေးထဲက သပြေပင်လေး ကလည်း လန်းလန်းဆန်းဆန်းနဲ့ကို နုသစ်၊ တက်ကြွ နေလိုက်တာ..။