Wednesday, August 05, 2009

ဝါခေါင် မေတ္တာ ...

ဒီကနေ့ဟာ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့မို့ န၀င်္ဂ ဥပုသ် သီလ ဆောက်တည် ဖြစ်ပါတယ်။ သီလမယူခင်ကတော့ ကျမရဲ့ စိတ်တွေဟာ အကုသိုလ်တွေ ပြည့်လွှမ်းပြီး ပူလောင် ညစ်နွမ်း နေလိုက်တာ … မနက် အိပ်ရာက မထခင်ထိ ဆိုပါတော့။ အိပ်ရာက အထမှာ ဒီနေ့ဟာ ၀ါခေါင်လပြည့်ပဲလို့ စိတ်က ရုတ်တရက် အမှတ်ရမိပြီး ညစ်ထေးနေတဲ့ ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင် ဆေးကြောမှ ဖြစ်မယ်လို့ သတိတရားနဲ့ ဆင်ခြင်ခဲ့မိတယ်။

သူများကို ဆုံးမရတာ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ရာ ခက်လှတယ်။ အသိခေါက်ခက် အ၀င်နက်သူ၊ ကိုယ်တိုင် သိသလောက် ကျင့်ကြံမှု အားနည်းသူ၊ ခေါင်းမာပြီး ဆင်ခြင်တုံ တရား နည်းပါးလွန်းသူ … လို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရင်း ဒီနေ့ တရက် လောက်တော့ သီလဆိုတဲ့ ချွန်းနဲ့ ကိုယ့်ရဲ့ စိတ်ဆင်ရိုင်းကို ထိန်းအုံးပါမှပဲလို့ တွေးမိတယ်။ ဒါနဲ့ပဲ အိပ်ရာကထ မေတ္တသုတ်ရွတ်ရင်း မနက်စာပြင်၊ ငှက်ကလေးတွေကို အစာကျွေး … တဖြည်းဖြည်းနဲ့ ပူလောင်နေတဲ့ စိတ်တွေလဲ အေးချမ်းလို့ လာခဲ့တယ်။

စိတ်အေးချမ်း တည်ငြိမ်မှု အတော်အတန်ရှိမှ မြတ်စွာဘုရားရှေ့မှောက်မှာ ကိုးပါးသီလယူ၊ ဘုရားရှိခိုး၊ မေတ္တသုတ်နဲ့ ဓမ္မစကြာရွတ်၊ သတ္တ၀ါတွေကို မေတ္တာပို့ အမျှဝေ၊ ကာယကံ ၀စီကံ မနောကံနဲ့ ပစ်မှားမိသူတွေကို တောင်းပန် ရှိခိုးရင်း ကျမရဲ့ သီလ မကျိုးပေါက်ဖို့ မြတ်စွာဘုရားထံ ကတိခံခဲ့တယ်။
***
သက်လုံ

လောကမှာ ရှင်သန်ဖို့ရာအတွက် သက်လုံကောင်းဖို့ လိုအပ်တယ်လို့ မောင်းထောင်ဆရာတော်ကြီးရဲ့ ဆုံးမစကား ထဲမှာ ပါသတဲ့ … ။ လူတွေ စောင့်ထိန်းရမယ့် သက်လုံ (၅) မျိုးကို "အား "သက်လုံ ပျက်တဲ့ နွားနဲ့ နှိုင်းယှဉ်ပြီး ခုလို ပြောထားပါတယ်။
* အား သက်လုံ ပျက်တဲ့နွား ဟာ ပါးစပ်က အမြှုပ်ထွက်လွယ်ပြီး လေးလံတဲ့ ၀န်ကို မသယ်နိုင်လို့ ဒုက္ခရောက်တတ်တယ်။
(၁) မေတ္တာသက်လုံ ပျက်တဲ့လူ ဟာလည်း ဒေါသ အမြှုပ်ထွက်လွယ်ပြီး စိတ်ဆိုးတတ်လို့ ခန္တီဝန်ကို မနိုင်ဖြစ်တတ်တယ်။
(၂) အလောဘ သက်လုံ ပျက်တဲ့လူ ဟာ … ရာဂ အမြှုပ်ထွက်လွယ်ပြီး သမာဓိ မရှိလို့ သမထ၀န်ကို မနိုင်ဖြစ်တတ်တယ်။
(၃) အမောဟ သက်လုံ ပျက်တဲ့လူ ကတော့ မောဟ အမြှုပ်ထွက်လွယ်ပြီး ဉာဏ်ထိုင်းမှိုင်းလို့ ၀ိပဿနာဝန်ကို မနိုင်ဖြစ်တတ်တယ်။
(၄) ဟိရီသြတ္တပ္ပ သက်လုံ ပျက်တဲ့ လူ ဟာလည်း ကိလေသာ အမြှုပ်ထွက်လွယ်ပြီး အရှက် အကြောက်မရှိလို့ သီလ၀န်ကို မနိုင် ဖြစ်တတ်တယ်။
(၅) သဒ္ဓါတရား သက်လုံ ပျက်တဲ့ လူ ကတော့ … မစ္ဆေရ အမြှုပ်ထွက်လွယ်ပြီး နှမြော တွန့်တို တတ်လို့ ဒါန၀န်ကို မနိုင် ဖြစ်တတ်တယ် … လို့ ဆရာတော်ကြီးက ဆိုထားတယ်။

ကျမမှာတော့ … အနည်းဆုံး မေတ္တာသက်လုံ မပျက်အောင်တောင် မထိန်းသိမ်း နိုင်လို့ ဒေါသတွေပိပြီး ခန္တီ တရားနဲ့ ဝေးခဲ့ရတာ ခဏခဏပါလား။
***
တယောက်နှင့် တယောက် …
န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။

တယောက်နှင့် တယောက် စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုကြပါစေလင့်။
တယောက်နှင့် တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
တယောက်နှင့် တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းဝေးကြပါစေ။
တယောက်နှင့် တယောက် (အချင်းချင်း) ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိ ပါစေလင့်။

မေတ္တသုတ်တော်ထဲက အဋ္ဌမမြောက် အပိုဒ်ပါ။ ကျမ နှစ်သက်လွန်းလို့ ခဏခဏ ရွတ်ဖြစ်တယ်။ နှစ်သက်ပေမဲ့ အကျင့်ခက်တဲ့ ကျမ … ကိုယ့်ကိုယ်ကိုယ် ရှုံ့ချ မိပါရဲ့။
***
မေတ္တာသာ ပဓာန
အတိဒူရောပိ အာသန္နံ၊ ဒူရသန္နံ အပဓာနံ။
အတိသန္နောပိ ဒူရောဝ၊ မေတ္တာစိတ္တဉ္စ ပဓာနံ။
သမုဒ္ဒရာ အဏ္ဏ၀ါနှင့် ဂင်္ဂါမြစ်ကြီး ပိတ်ကာဆီး၍ အလွန်ဝေးကွာ နေရပါ သော်လည်း တယောက်နှင့်တယောက် မေတ္တာ ရောက်က အထူးပင် နီးလှ ပါပေ၏။

တပြည်တရွာ တဂေဟာတည်း တအိမ်တည်းမှာ နေရပါသော်လည်း တယောက်နှင့် တယောက် မေတ္တာပျောက်က အထောက်ကွာဝေး အဝေးကြီး ဝေးလှပါပေ၏။

ဝေးသည် နီးသည် ထိုနှစ်လီသည် အကြောင်းမူလ ပဓာန မဟုတ်ချေ။

တဦးနှင့်တဦး မေတ္တာကူး၍ အထူးချစ်ခင်သော မေတ္တာဓာတ်သည်သာလျှင် … တသောင်းယူဇနာအတွင်းမှာဖြင့် အပေါင်း ဘယ်သူမှ မငြင်းနိုင်တဲ့ အကြောင်းမူလ ပဓာန အချက်ကြီးပါပေတည်း။ … ။
***
မေတ္တာဆိုတာ …

သတ္တ၀ါအားလုံး အပေါ် အမျက်ဒေါသကင်းတဲ့သဘော၊ ချစ်ခင်တဲ့ သဘော၊ အကျိုးစီးပွါးကို လိုလားတဲ့သဘော … လို့ ဆိုထားပါတယ်။ သတ္တ၀ါအားလုံး အပေါ် အမျက်ဒေါသ ကင်းကင်းနဲ့ ချစ်ခြင်းမေတ္တာတွေ ပွါးများနိုင်ဖို့ရာ ကျမ ကြိုးစားရပါဦးမယ်။
***
မေတ္တာဖြင့် …

မေဓာဝီ
၅၊ သြဂုတ်၊ ၂၀၀၉
ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့
နံနက် ၁၀း၀၈ နာရီ

မေတ္တာနှင့် ပတ်သက်လို့ ရေးခဲ့သမျှတွေ …
(၁) မေတ္တာအခါတော်နေ့
(၂) မေတ္တာဖြင့်

ကိုးကား ။ .. ။
(၁) အခါတော်နေ့များ (မာဂဓီ-သာစည်)
(၂) ပရိတ်ကြီး ၁၁-သုတ် အသံထွက် ရွတ်ဖတ်နည်း (ဦးမောင်မောင်-ဟံသာဝတီ)

9 comments:

ကိုကြီးပေါ် said...

သာဓု သာဓု သာဓု...။
လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(မင်းကွန်းဆရာတော် မူ)

Prince said...

မမေ့မလျော့ဘဲ ရှိနေတာ ဘဲ အတော်ကို ချီးမွမ်း မိပါတယ်။ ကျနော်တို့လို အလုပ်များတဲ့ သူတွေက တော့ မမေ ပြောမှဘဲ ဒီနေ့ က လပြည့်နေ့မှန်း သတိထားမိတယ် ဗျာ။
မေတ္တာဆို တာက တော့ အလကား ရတာဘဲ ဗျာ ပို့ရတာလဲ စရိတ်မကုန်ဘူးနော်။
ဒါပေမဲ့ အဲဒါပို့ရတာအခက်ဆုံးဖြစ်မယ်လို့ထင်တာဘဲ။ကိုယ့်ကိုယ်ကိုမငြာဘဲ ပြောတာနော်။
လူတိုင်းကို မေတ္တာ ပို့ဖို့ဆိုတာတော့ အတော်ကို ကြိုးစားရမှာဘဲနော်။

ကိုပေါ said...

တပြည်တရွာ တဂေဟာတည်း တအိမ်တည်းမှာ နေရပါသော်လည်း တယောက်နှင့် တယောက် မေတ္တာပျောက်က အထောက်ကွာဝေး အဝေးကြီး ဝေးလှပါပေ၏။

ဒီအပိုဒ်ကလေးဖတ်ရတော့ ဂျာနယ်ကျော်မမလေးရဲ့ ၀တ္ထုတိုတွေထဲက နီးလျက်နဲ့ဝေး ဆိုတဲ့ ၀တ္ထုလေးကို သတိရမိတယ်။ အဖိုးကြီး၊ အဖွားကြီး လင်မယားနှစ်ယောက် တအိမ်တည်းအတူနေပြီး စကားမပြောကြဘူး။ မတည့်ကြဘူး။ အဲဒါလေးကို ရေးထားတာ။း-)

သက်လုံအကြောင်း ရေးပြလို့ ကျေးဇူးတင်ပါတယ်။ ကျနော့်မှာလည်း ဒေါသထွက်လွယ်တဲ့ အကျင့်ရှိတယ်။ ပြင်နေတယ်။ ဒါပေမယ့် အခုထိတော့ “ပျက်အစဉ် ပြင်ခဏခဏ” ဖြစ်နေတုန်းပဲ။

ကိုလူထွေး said...

ဟုတ်တယ် MDW ရဲ့...

ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေက လိုက်နာနိုင်ရင် တကယ်အကျိုးရှိစေတယ်...

လူလောကမှာ လူတွေဟာ အပူမီးတွေနဲ့ အငြိမ်းအေးနိုင် ဖြစ်နေတာလဲ ဘုရားဟောခဲ့သလို မလိုက်နာနိုင်ကြလို့ပဲ...

"မေတ္တာဓာတ်သည်သာလျှင် … တသောင်းယူဇနာအတွင်းမှာဖြင့်
အပေါင်း ဘယ်သူမှ မငြင်းနိုင်တဲ့
အကြောင်းမူလ ပဓာန အချက်မို့လို့..."

သတ္တဝါအချင်းချင်း မေတ္တာထားနိုင်ကြပါစေလို့ပဲ ဆန္ဒပြုရပါတော့တယ်...

ကိုလူထွေး said...

စာလုံးပေါင်းအမှားလိုက်ရှာတာ မတွေ့တော့လို့ စိတ်ဓာတ်ကျစွာ ပြန်သွားတယ်... မဟုတ်လို့ကတော့ "သူများကို ဆုံးမရတာ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ် ဆုံးမဖို့ရာ ခက်လှတယ်။" ဒီစာကြောင်းကို ဖိနင်းမလို့...

(ဟောပြောရင်းဆိုရင်း လူအချင်းချင်း စဉ်းလဲသမှုနဲ့ လှည့်ပတ်မိတော့မှာပဲ... တော်ပါသေးရဲ့...)

ရွက်လွင့်ခြင်း said...

တန်ဖိုးရှိတဲ့ ပိုစ်လေးပါ
တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

တန်ခူး said...

မေရေ မေတ္တာနဲ့ ရေးတဲ့ စာလေးမို့  ဖတ်ရတာ ရင်ထဲငြိမ်းချမ်းသွားပါတယ်… သာဓုပါ ညီမရယ်…

ရေတမာ said...

တရားတော်တွေရဲ့ ဂုဏ်ပုဒ်နဲ့အညီ ကြားနာရတဲ့အခါမှာ စိတ်ငြိမ်းအေးလှပါတယ်။ ကျင့်ကြံတဲ့အခါ အကျိုးများမယ်ဆိုတာ သိရဲ့သားနဲ့ ကျနော် ပိုးဖလံလည်း မီးလျှံနားတ၀ဲဝဲလည်လည်။

သူကြီးမင်း (တုံးဖလား) said...

မေတ္တာပြည့်ပြည့်၊ ခါတော်နေ့၊ ချမ်းမြေ့နိုင်ပါစေ။
ကုသိုလ်သီလ၊ ဆောက်တည်ကြ၊ အေးမြကြပါစေ။
မကောင်းမှုကင်း၊ ကောင်းမှုသွင်း၊ ဘေးကင်းကြပါစေ။
သတ္တ၀ါများ၊ မေတ္တာထား၊ ပွါးများနိုင်ပါစေ။

မေဓာဝီမှာ၊ ကုသိုလ်ရှာ၊ ကိုးဖြာသီလယူလေသည်။
ကိုးဖြာသီလ၊ လွန်ကောင်းလှ၊ ချမ်းမြသာယာရှိပေသည်။
ယောဂီမေဓာ၊ ပို့မေတ္တာ၊ ခါခါသာဓုခေါ်လိုက်သည်။
သာဓု..သာဓု...သာဓု

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)