Friday, December 21, 2007

ကံကောင်း ကံဆိုး

လောကမှာ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းက ဒွန်တွဲနေပါတယ်။ ဒီလိုပဲ ကျမဘ၀မှာလည်း ကံကောင်း ကံဆိုးက တလှည့်စီ ဖြစ်နေလေရဲ့ ... ။ ဒီရောက်ကတည်းက အကောင်းနဲ့ ကြုံလိုက် အဆိုးနဲ့ ကြုံလိုက် ဆိုပါတော့ ... ။

"ကောင်းဆိုး နှစ်တန် လောကဓံ" ဆိုတဲ့ စကား အတိုင်း ... အကောင်း ကြုံကြုံ အဆိုးတွေ့တွေ့ ဒါဟာ လောကဓံပဲ လို့ သဘောထားပြီး မတုန် မလှုပ် ခံနိုင်ရည် ရှိချင်ပါတယ်။ ကျမက ကောင်းတာလေးတွေ ကြုံရ တွေ့ရရင် စိတ်ထဲ ပျော်တာက လွဲပြီး ဘာမှ ထွေထွေထူးထူး မတွေးမိပေမဲ့ အဆိုးနဲ့ တွေ့တဲ့အခါ စိတ်ညစ်ရင် ညစ်၊ မဟုတ်ရင်လည်း ဒါဟာ လောကဓံပဲ ဆိုပြီး သံဝေဂ ရတဲ့အခါရ ... ဖြစ်တတ်ပါတယ်။ အမှန်ဆို ပျော်စရာ တွေနဲ့ တွေ့ရင်လည်း ငါတော့ လောကဓံကို ခံနေရပါလား လို့ တွေးသင့်တာပေါ့ ... နော်။

ဒါကြောင့် ကျမဆရာ တယောက်က ကျမကို မင်္ဂလသုတ် ထဲက နောက်ဆုံး မင်္ဂလာ တပါး ဖြစ်တဲ့ ...

ဖုဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ နကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ
ဧတံ မင်္ဂလ မုတ္တမံ။ ... ။

ဆိုတဲ့ အပိုဒ်ကို ဘယ်တော့မှ မမေ့ဖို့ ပြောပြီး အမြဲ ရွတ်ခိုင်းပါတယ်။

ဆရာပြောသလို အမြဲမဟုတ်တောင် တခါတလေ ရွတ်ဖြစ်ပေမဲ့ လောကဓံဆိုတာကို အဆိုးပဲလို့ စိတ်ထဲ စွဲနေမိတုန်းပါပဲ။ အခု လတ်တလော ကျမ ကြုံရတဲ့ ကံကောင်း ကံဆိုး လောကဓံတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ...
***
ကံကောင်းချင်တော့ ကျောင်းရက်ရှည် ပိတ်တယ်။ ကံဆိုးချင်တော့ ချစ်လှစွာသော အမက တရက်မှ မနားခိုင်းဘဲ တခြားမြို့က ဦးရီးတော်ဆီကို ချက်ချင်း စေလွှတ်ခြင်း ခံရတယ်။

ကံကောင်းချင်တော့ ဦးရီးတော်က တကိုယ်တည်း လူပျိုကြီးမို့ နေရထိုင်ရ အဆင်ပြေတယ်။ (မိန်းမရှိရင် သူကလည်း အလည်ခေါ်ချင်မှ ခေါ်မှာ :P)
ကံဆိုးချင်တော့ သူ့အိမ်မှာ အင်တာနက် မရှိဘူး။ (မဟာ ကံဆိုးခြင်းပဲ :(

ကံကောင်းချင်တော့ သူက သူ့အလုပ်ကို အလည် ခေါ်သွားတယ်။ (အိမ်မှာဆို တယောက်ထဲ ပျင်းနေမှာကိုး)
ကံဆိုးချင်တော့ အလုပ်ထဲမှာ ဟိုဟာ ဒီဟာ ကူလုပ်ရတယ်။ (နားတော့သိပ်မလည်ဘူး။ လုပ်ဆို လျှောက်လုပ်လိုက်တာပဲ။ မှားရင်တော့ ဒုက္ခ)

ကံကောင်းချင်တော့ အလုပ်ထဲမှာ အင်တာနက် သုံးခွင့်ရတယ်။ (မဟာကံကောင်းခြင်း ဆိုပါတော့)
ကံဆိုးချင်တော့ ကိုယ့်ဘလော့ကိုယ် အစအဆုံး မမြင်ရဘူး။ (နိုဝင်ဘာလ ထိပဲ မြင်ရတယ်၊ ဘာလို့လဲ မသိ။)

ကံကောင်းချင်တော့ ဘလော့ အတွက် စာရေးဖို့ အချိန်လေး နည်းနည်း ... ဟိုလူ ဒီလူနဲ့ ဂျီတော့ခ်မှာ ဘာညာ သာရကာ ပြောဖို့ အချိန်လေး နည်းနည်း ရတယ်။
ကံဆိုးချင်တော့ ဖုဌဿ ကို ရိုက်တာ ဌ၀မ်းဘဲမှာ အရစ်ပါတာ ရှာလို့ မရလို့ အမှားကြီးအတိုင်းပဲ ရိုက်ခဲ့ရတယ်။ (ဖြည့်စွက်ပြီးသာ ဖတ်လိုက်ကြပါတော့)

ဒီလိုနဲ့ ...
ကံကောင်း ချင်တော့ ... ဒီစာလေးကို ရေးပြီး တင်ဖြစ်သွားပါတယ်။
ကျမဘလော့ကို လာမိသူများအတွက်တော့ ... ကံဆိုးချင်တာပဲလား မသိ။
***
မေဓာဝီ
၂၁၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၄ နာရီ ၀၅ မိနစ်

(နက်ဖန် သဘက်ခါက ဦးရီးတော်ရဲ့ အလုပ်ပိတ်ရက်မို့ အင်တာနက်နဲ့ ဝေးရ ပြန်ဦးမည် ...)

7 comments:

မေပျို said...

မမေရေ
သဲကတော့ ကံကောင်းလို့ ဒီပို့စ်ကို ဖတ်မိတယ် ထင်တာပဲ။ လောကဓံကို အဆိုးတွေလို့ပဲ သဲလည်း သတ်မှတ်မိတာပဲ။

Min Min said...

ဒါဆိုကျွန်တော် ကံမကောင်းသေးဘူးပေါ့. အင်တာနက် ရသေးဘူးလေ။။ ဟီး

tint said...

ဟိုက်
ဂျီတော့မှာ ဘာညာသာရကာပြောမိတာကိုယ်လဲပါတော့ သူ့ အလုပ်မှာ တလွဲလုပ်လို့  ဂျောက်ကျရင် ကိုယ်ပါ ပူးတွဲ တရားခံဖြစ်တော့မှာဘဲ ။
:)
ဋ္ဌ အဲဟာက shift+\ ဋ္ဌ

hana san said...

hee hee..:D
nice !

LIN LET KYAL SIN said...

မမရေ အမြဲကံကောင်းပါစေနော် :)

Maydarwii said...

ညီမလေး သဲ ... ကံကောင်းတယ်ဆိုလို့ တော်သေးတာပေါ့ နော် ... ။ နောက်လဲ အမြဲ ကံကောင်းနိုင်ပါစေ ... ။ :)

မင်းမင်းရေ ... ဘ၀တူတွေပါပဲကွယ် ... :(

အကိုက ဋ္ဌ ရိုက်နည်းက စောစောက မပြောဘူး ... ကျေးဇူးပါအကို။

ဒေါ်လေးဟန ... ဟဲဟဲ .. :P

ညီမလေး လင်းလက် ... ဆုတောင်းပေးတာ ကျေးဇူးပါ ... ။

yangonthar said...

အများက ပြောတဲ့ ကံကောင်းလိုက်တာ ဆိုတဲ့ စကားထဲမှာ ကံဆိုးချက်ဗျာ လို့ ပြန်မပြော နိုင်တဲ့ ဘဝပါ အစ်မရာ .... ပုပ်နေတဲ့ ကြက်ဥ လို ဖြစ်နေတာအပြင်က ကြည့်တော့ ပြောင်ရောင်လို့  အထဲကြည့်မှ ..... နောက်ဆုံး တော့ ကောင်းလည်း ဖျင်းကနဲ တုန်လှုပ် မကောင်းလဲ အင်းကနဲ ညည်းနေပြီး ကံကောင်း တယ် ထင်ရတာပါဗျာ လို့ ပဲ ပြန်ပြောဖြစ်တော့တယ် .... ရောချပြီး ရယ်ပြ နိုင် လောက်အောင် မရဲတာလဲ ပါမယ် အစ်မရ ရယ်ရတယ် ကိုယ့်ဘဝကို .....
လေးစားလျှက်
ရန်ကုန်သား :))