Sunday, December 30, 2007

ကွန်မန့်ထဲက စာ

ကျမ ရေးခဲ့တဲ့ "မြနန္ဒာ နှင့် ခရစ်စမတ် ညစာ" ပို့စ်အတွက် ဒီနေ့ ကွန်မန့် တခု တက်လာပါတယ်။ ပို့စ်က အနောက်ရောက်နေပြီမို့ အားလုံး မြင်သာအောင် တင်ပေးလိုက်ပါတယ်။

မောင်ချစ်ခိုင် has left a new comment on your post "မြနန္ဒာ နှင့် ခရစ်စမတ် ညစာ":
ကိုယ် အနုပညာ တစ်ခုကို တကယ်မတတ်ရင် အဲဒီလို လူရှေ့ မှာ ရှောက်မလုပ်သင့်ဘူး။ မြန်မာလူမျိုးဟာ အနုပညာ အဆင့်အတန်း နိမ့်တယ်လို့  အများက တလွဲမှတ်သွားစရာ ဖြစ်နိုင်တယ်။
အနုပညာတင် မဟုတ်ဖူး။ ဘယ်ကိစ္စဖြစ်ဖြစ် နိုင်ငံတကာက လူတွေရဲ့ အလယ်မှာ မြန်မာပြည်ကို ကိုယ်စားပြီး ရူးတူးပေါတော စပ်ဖြီးဖြီး အပြုအမူတွေ မလုပ်သင့်ဘူး။

***
မောင်ချစ်ခိုင်ရဲ့ စကားဟာ မှတ်သားလောက်ပါတယ်။
ဒါပေမဲ့ တခုတော့ ကျမ ပြောပါရစေ ... ။

ကျမက တကယ်တတ်ပြီး သီချင်းဆိုတဲ့ ပရော်ဖက်ရှင်နယ် အဆိုတော် တယောက် မဟုတ်ပါဘူး။ အဲဒီလိုပဲ ဒီအစီအစဉ်မှာ ၀င်ရောက် ဆင်နွှဲတဲ့ ကျမတို့ကျောင်းက ဆရာတွေ ကျောင်းသားတွေ အားလုံးလဲ ဘယ်သူမှ ပရော်ဖက်ရှင်နယ် မဟုတ်ကြပါဘူး။ အားလုံးဟာ ကိုယ့်တိုင်းပြည်ရဲ့ အဝေးမှာ ရောက်နေစဉ်မှာ ကိုယ့်တိုင်းပြည်ကို သတိတရနဲ့ ကိုယ့်တိုင်းပြည် ကိုယ်စားပြု သီချင်းဆိုတယ် ကဗျာရွတ်တယ် ပုံပြင်ပြောတယ်။

အားလုံးဟာ ပညာရှင်တွေ မဟုတ်တဲ့အတွက် သူတို့ လုပ်ရပ်တွေဟာ အမှားမှား အယွင်းယွင်းနဲ့ တလွဲတချော် တွေ ဖြစ်ကြပါတယ်။ အဲဒီလို ဖြစ်နေစေဦးတော့ လာကြည့်တဲ့သူတွေက ခွင့်လွှတ်ကြပါတယ်။ တယောက်နဲ့ တယောက် အပြစ် မမြင်ကြ ... အပြစ်မတင်ကြ ... မကဲ့ရဲ့ ကြသလို ... ဒါကို ရူးပေါပေါ လုပ်ရပ်လို့လဲ မသတ်မှတ်ကြဘူး ... အဆင့်အတန်း နိမ့်လှချည်လားလို့လဲ မဝေဖန်ကြ ပါဘူး။ အပြစ်မမြင် အပြစ်မတင်တဲ့အပြင် ကိုယ့်တိုင်းပြည်ရဲ့ ကိုယ်စားပြု တခုခုကို ပါဝင်ဆင်နွှဲကြတဲ့ အတွက် လာကြည့်သူ ဧည့်ပရိသတ်က ချီးကျူး သြဘာပြုကြ ပါတယ်။

ကျမသည်လည်း ကမောက်ကမ ဆိုပြခဲ့ရပေမဲ့ ဒါဟာ ရှက်စရာလို့ မသတ်မှတ်ပါဘူး။ ကျမဟာ မြန်မာပြည်သား တယောက်အနေနဲ့ မြန်မာ့ယဉ်ကျေးမှု ပွဲတော်တခုက တေးသီချင်းတပုဒ်ကို နိုင်ငံခြားသားတွေ ရှေ့မှာ မိတ်ဆက်ပေးခွင့် ရလို့ ဂုဏ်ယူ ပီတိ ဖြစ်မိပါတယ်။ ကဗျာရွတ်ခဲ့စဉ် တုန်းကလည်း ဒီလိုပါပဲ ... ။ ကျမတို့ မြန်မာမှာ စာပေ နဲ့ ယဉ်ကျေးမှု ဆိုတာ ရှိတယ်။ အင်္ဂလိပ်လို ဘာသာပြန်တာကအစ မညံ့ဘူးဆိုတာ အများရှေ့မှာ ကျမ ချပြခဲ့ပါတယ်။ အားလုံးကလည်း အရေးတယူနဲ့ နားထောင် ပေးကြတယ်။ ဒါဟာ ရူးတူး ပေါတော စပ်ဖြီးဖြီးလို့ ဘယ်သူကမှ မပြောခဲ့ကြပါဘူး။

ဘာကြောင့်လဲဆိုတော့ လာရောက် ကြည့်သူ အားလုံးရဲ့ စိတ်ထဲမှာ နှိမ့်ချလိုစိတ် ယှဉ်ပြိုင်လိုစိတ် ကဲ့ရဲ့ ပြစ်တင် လိုစိတ် အလျဉ်းမရှိဘဲ ပျော်ရွှင်တဲ့စိတ် ... ချစ်ခြင်း မေတ္တာစိတ်တွေသာ ပြည့်လွှမ်း နေလို့ပါပဲ ... ။

အရေးတယူ ကွန်မန့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၃၀၊ ဒီဇင်ဘာ၊ ၂၀၀၇
၁၅း၄၁ နာရီ

12 comments:

thamudayanwe said...

အမ.. အမလို လူတယောက်က ကိုယ့်နိုင်ငံ သိက္ခာကျအောင် လုပ်မဲ့လူစား မဟုတ်ဘူးဆိုတာ ယုံပါတယ်..
အမ..နှစ်သစ်မှာပျော်ရွှင်ပါစေ...
အမကို လေးစားနေတာ ကြာပီ..အမရေးတဲ့ စာတွေက
အရမ်းကို အသိပညာတွေ ရပါတယ်..အမလို လူဆီက ကော်မန့်တွေရတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်..
အမ..ပျော်ရွှင်ပါစေ...

မောင်ချစ်ခိုင် said...

အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုထုံးစံအရ လူအများရှေ့တွင် အားပေးတိုင်း ကြိုက်နှစ်သက်သောကြောင့် မဟုတ်သည်ကို သတိပြုရပါမည်။ အပျော်တမ်းပွဲများသည်လည်း အရေးကြီးပါသည်။ အရေးကြီးသောကြောင့်ပင် ခလေးများကို ငယ်စဉ်ဘ၀ကပင် စန္ဒယား၊ တယော စသည့် တူရိယာ တစ်ခုခုကို မသင်မနေရသဘော ကျောင်းများတွင် သင်စေပါသည်။

ဝီရ said...

ကဲ…၊ ဒီလိုဖြင့်ဗျာ မောင်ချစ်ခိုင်က မေဓာဝီကို ဘယ်လိုပုံစံဖြစ်စေချင်လဲ။ သူက သူ့တက်တဲ့ကျောင်းမှာ မြန်မာသီချင်းတပုဒ်ကို သူအဆင်ပြေသလို ကြိုးစားဆိုတယ်ဗျာ။ ကမောက်ကမဖြစ်တာ တချို့ ရှိတယ်။ အဲဒီ အတွေ့အကြုံလေးကို ဖတ်ချင်စဖွယ်ဖြစ်အောင် သူ့ဘလော့ဂ်မှာ တင်တယ်ဗျာ။ ဒါတွေက ခင်ဗျားအခု လာပြောနေတဲ့ စကားလုံးအကြီးကြီးတွေနဲ့ ကိုင်ပေါက်ပြောလောက်စရာ မလိုအပ်ဘူးလို့ ထင်တယ်ဗျ။ တခုတော့ ရှိတာပေါ့ဗျာ။ ပရော်ဖက်ရှင်နယ်ပုံစံမျိုး ပွဲတွေဘာတွေ ကျကျနန စီစဉ်ပြီးမှ တလွဲဖြစ်ရရင်တော့ ခင်ဗျားပြောတာက လက်ခံဖွယ်ရာရှိပါတယ်။ အခုဟာက ကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေ အချင်းချင်း ရင်းနှီးချစ်ကြည်စေတဲ့ သဘောလုပ်တဲ့ ပွဲလေးမှာ မိမိအဆင်ပြေရာကို မိမိ တင်ဆက်တယ်။ တခြားနိုင်ငံက လူတွေလဲ ၁၀၀% အမှားအယွင်းမရှိ တင်ဆက်နိုင်ချင်မှ တင်ဆက်မှာပဲ။ ဒီလိုပဲ အထစ်အငေါ့ အမှားအယွင်းလေးတွေက နည်းနည်းတော့ ရှိမှာပဲ။ နည်းနည်းပါးပါး နားလည်မှုနဲ့ ထည့်တွေးပေးတာ ပိုကောင်းမယ်ထင်တယ်ဗျာ။

ဝီရ said...

မမေဓာဝီလဲ ဒီလိုမျိုးတွေကို အချိန်ကုန်ခံ ရှင်းပြပြီး ပို့စ်တွေ၊ ကွန်မန့်တွေ ပြန်ရှင်းမနေတာ ပိုကောင်းပါတယ်။ အချိန်ကုန်တယ်၊ လူစိတ်ညစ်ရတယ်။ တခြားစာတွေ တင်စရာရှိတာသာ ဆက်တင်ဖို့ အကြံပြု အားပေးလိုပါတယ်။

တန်ခူး said...

မေရေ...အပြုသဘော(positive thinking)နဲ့commentပေးတာရယ်၊အပျက်သဘော(negative thinking)နဲ့commentပေးတာဟာ ခံစားကြည့်တာနဲ့ တော်တော်လေးသိသာတယ်နော်...ဘာဘဲဖြစ်ဖြစ် မြနန္ဒာကို နိင်ငံတကာသိအောင် မိတ်ဆက်ပေးခဲ့တဲ့မေ့အတွက် တို့ကဂုဏ်ယူပါတယ်...

thamudayanwe said...

•.¸¸.•♥ Happy New Year ♥•.¸ ¸.•

မောင်ချစ်ခိုင် said...

It is not surprising that most of the Burmese people will see that way. Quality is not an issue at all for those who have already set the expectation low enough.

ညလေး said...

ဒီလိုအချိန်မျိုးမှာ ကိုချစ်ခိုင်သာ နဖူးတွေ့ဒူးတွေ့ ဘာတစ်ခုမှ ကြိုတင်စီစဉ်ထားမှုမရှိပဲ ကြုံတွေ့ခဲ့မယ်ဆိုရင် အထစ်အငေါ့မရှိပဲ အဆင်ပြေနေနိုင်တယ်လို့ ဆိုလိုချင်တာလား။

ဒီလိုပွဲမျိုးကို အတွေ့အကြုံမရှိတဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ခုလိုဖြစ်ရပ်က အဆန်းမဟုတ်ပါဘူး။ အနည်းငယ်တော့ ရှက်တာနဲ့ ကြောက်တာ ရောပါနေမှာပဲ။ သူတတ်နိုင်တဲ့ဘက်က မြန်မာဆိုတာ သိအောင် လုပ်ပြသွားနိုင်တာပဲ ကျေးဇူးတင်ရမှာ။ ဘယ်လောက် တော်လဲဆိုတာကတော့ တဖြည်းဖြည်းနဲ့ သိလာမှာပဲလေ။ ကိုယ့်ရဲ့ ကြိုးစားနိုင်မှုပေါ်ပဲ မူတည်ပါတယ်။

ယောက်ျားတစ်ယောက်ဖြစ်ပြီး အကောင်းဘက်က ဖြည့်မတွေးပဲ အဆိုးဘက်ကချည်းပဲ ကြည့်မနေပါနဲ့လို့ ပြောလိုက်ပါရစေ....

ညလေး said...

အနုပညာဆိုတာ တကယ်မတတ်ရင် လူတကာရှေ့လဲ မဆိုရတော့ဘူးလို့ ဘယ်ပုဂ္ဂိုလ်တွေကများ အမိန့်ရှိခဲ့ပါလဲ။ ၀ါသနာအရ ဆိုနေတဲ့သူတွေကို စော်ကားသလိုဖြစ်မနေဘူးလား။ သင်ရင်းနဲ့ကျင့် ကျင့်ရင်းနဲ့မှ တော်လာကြတာ မဟုတ်ဘူးလား။ နင်ကတော့ တော်လာမှာ မဟုတ်လို့ မကျင့်နဲ့တော့။ နင်ကျတော့ ရှက်တတ်ရင် ဘယ်ပွဲမှ ထွက်မဆိုနဲ့ဆိုပြီး တားထားလို့ရော ရလို့လားဗျ။

“မမေရေ ဖြစ်နိုင်ရင် အပေါ်က ကော်မက်နဲ့ ခုကော်မက်ကို ပေါင်းပေးပါ၊ ကျန်ခဲ့လို့”

M.Y. said...

တစ်ခုဝင်ဆွေးနွေး ပါရစေ..
ဒီလိုသူငယ်ချင်းတစ်စူပျော်ကြတဲ့ လူနည်းနည်းလေးသိတဲ့ ဆိုရှယ်သက်သက် ကျောင်းပွဲမှာ မြနန္ဒာ သီချင်းဆိုတာအရည်အသွေးမမီဘူးလို့ ထောက်ပြ ကဲ့ရဲ့ စရာဖြစ်နေမယ်ဆိုခဲ့ရင်..အာစီယံညီလာခံတွေမှာ မြန်မာပြည်ကိုယ်စားပြုပါတယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ မြန်မာဝန်ကြီးချုပ်ကြီးတွေ ဒီလိုကမ္ဘာ့ရှေ့ နိုင်ငံတကာရှေ့ စကားထွက်မပြောခင်များ အင်္ဂလိပ်စကားပြော သင်တန်းလေးများ မြန်မာပြည်မှာ စနစ်တကျ လေးသင်လာ၊ တက်လာခဲ့ရင် ကောင်းမလားလို့ ..ယှဉ်တွေးကြည့်မိတာပါ..အဓိကနဲ့ သာမည ခွဲခြားနိုင်ပါစေ..

KawNi said...

ကိုချစ်ခိုင်... ဆိုတဲ့လူ ...တော်တော် အူကြောင်ကြောင်နိုင် တာပဲနော်...
ကျောင်းပွဲမှာ သီချင်းဆိုတာ ကို တိုင်းပြည် မျက်နှာ အိုးမဲသုတ်တယ်လို့ စွတ်စွဲရတယ်လို့ ...
ဟီးဟီး... မကြုံဘူးပေါင်.. ဂုဏ်ထူးဆောင်တဲ့ ကိုချစ်ခိုင် ပဲ ...

Min Min said...

အဲလို လူတွေရှိနေလို့ မြန်မာပြည် မတိုးတတ်တာ၊ မိုက်မကိုင်ဘူးလို့ သီချင်းဆိုချင်တယ် ဆိုကာမှ၊ မိုက်ကိုင်ဖူးမှ သီချင်းဆိုရမယ်လုပ်တော့၊ ဘယ်သူ က သီချင်းဆိုတတ်မှာလဲဗျ။

အဲဒီကိစ္စအတွက် မလေးရှား မှာတုန်းက presentation တွေ ခဏခဏ လုပ်ရတယ်။ လူတွေအရှေ့ရောက်ရင် တုန်တုန်ခါခါ ဒူးတုန်နေကြတဲ့ အာရှသားတွေကို အလေ့အကျင့်ရအောင်လို့ အမြဲတမ်း ကျွန်တော်တို့ အတန်းရှေ့ထွက်ပြီး Presentation လုပ်ရတာ အမောပဲ။

အဲလူကြီးကို Presentation ထွက်လုပ်ခိုင်းရင်၊ ဘာတွေ လုပ်မလဲ ကြည့်ချင်လိုက်တာဗျာ.. ဒူးပဲ တုန်မလား၊ မေးပဲ ရိုက်နေမလား မြင်ချင်ပါဘိ