Monday, December 10, 2007

အရွေးမှားမိလေလို့ ...

ကျမက ဘယ်တော့မဆို တခုခုလုပ်လိုက်တိုင်း အလွဲလွဲနဲ့ အချော်ချော် ချည်းပါပဲ။ တလောက ကျောင်းမှာ HIV, AIDS နဲ့ ပတ်သက်ပြီး task တခု လုပ်ကြရတယ်။ HIV ဗိုင်းရပ်စ် နဲ့ တခြား ဘက်တီးရီးယား ကွာခြားပုံကို အုပ်စုလိုက် ရှင်းလင်း သရုပ်ပြ ကြဖို့ ဖြစ်ပါတယ်။ ပုံပဲ ဆွဲဆွဲ၊ တခြား ကြိုက်တဲ့နည်းနဲ့ ဘယ်လိုပဲ ရှင်းရှင်း ကြည့်သူတွေ နားလည်ရင် ပြီးရော ရှင်းပြလို့ ရပါတယ်။ အဲဒီအတွက် ကိုးကားဖို့ စာအုပ်တွေတော့ အားလုံးကို ချပေး ထားပါတယ်။ ကျမက အုပ်စု နံပါတ် ၃။ ထုံးစံအတိုင်း ကျမ ပါတဲ့ အုပ်စုက ဘယ်တော့မှ လူမစုံပါဘူး။ အုပ်စု တစု မှာ အနည်း ဆုံး လူ ၈ ယောက်လောက် ရှိရပေမဲ့ ကျမတို့ အုပ်စုမှာက လူ ၄ ယောက် သာ ရှိပါတယ်။ ကျန်တဲ့သူတွေ ဘယ်ချောင် သွားလစ် နေကြသလဲ မပြောတတ်ပါဘူး။ ရှိတဲ့သူ ၄ ယောက်က ... စကော့တလန်သူ ကက်သရင်း၊ အီတာလျံသူ ရိုဇာ၊ ဂျပန်မလေး ယူမိကို နဲ့ ဗမာပြည်က ကျမ ... ဆိုပါတော့။

ကျမတို့ အုပ်စုမှာ ကက်သရင်းက အငယ်ဆုံး၊ အတက်ကြွဆုံး၊ ဥာဏ်အကောင်းဆုံး နဲ့ talent အရှိဆုံး ပါပဲ။ တခြား လုပ်ဆောင်ချက်တွေမှာလည်း သူပဲ ဦးဆောင်သလို ... အခုတခါလည်း သူပဲ အကြံဥာဏ် ပေးပါတယ်။ ပြဇာတ်တိုလေး တခု လုပ်ကြမယ် ... ပေါ့။ လူ ၄-ယောက် ရှိတယ် ဆိုတော့ကာ ...
(၁) HIV virus
(၂) Bacteria
(၃) Immune System Protector
(၄) လူသား

အဲဒီလို ချရေးပြီး ... ဘယ်သူက ဘာလုပ်ချင်လဲ လို့ သူက မေးတယ်။ ရိုဇာက ခပ်မြန်မြန်ပဲ HIV virus လုပ်မယ်လို့ ဖြေလိုက်တော့ ... ကျမကိုရော ဘာလုပ် ချင်သလဲ လို့ ဆက်မေးတယ်။ ကျမက ထုံးစံအတိုင်း စဉ်းစားခန်းဝင်တော့ ... ဘက်တီးရီးယားကြီးလည်း မလုပ်ချင်၊ immune system protector ဆိုတာ သာတောင်ဆိုးသေး ... ဘာတွေ ဘယ်လို လုပ်ရမှန်းလည်း မသိ၊ ဒီတော့ လူသား လုပ်တာပဲ ကောင်းမှာပါ ဆိုပြီး ... နံပါတ် (၄) ကို ရွေးချယ်လိုက်မိတယ်။ ဂျပန်မလေးက နံပါတ် (၃) ကိုရွေးတော့ ကက်သရင်းက နံပါတ် (၂) အလိုလို ဖြစ်သွားတာပေါ့။

အဲ ... အားလုံးလည်း ရွေးပြီးရော ကက်သရင်းက သူလုပ်မယ့် အစီအစဉ်ကို ပြောပြတယ်။ အဲဒီမှာ ကျမ ဒုက္ခ ရောက်တော့တာပဲ။ ဒါပေမဲ့ ... ကိုယ့်စိတ်တိုင်းကျ ရွေးချယ် ထားပြီးမှ မလုပ်ချင်ဘူး ဆိုပြီး ဘွာခတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ခပ်တည်တည်နဲ့ ... အိုကေ ပေါ့ ... ။ ဒီလိုနဲ့ ... ပြဇာတ်ကလေးကို အမြန် ဇာတ်တိုက်ကြပြီး ... အလှည့်ကျတဲ့ အခါ သရုပ်ဖော် ပြသကြရပါတယ်။

ကျမ ဘယ်လို ဒုက္ခရောက်တယ်ဆိုတာကို ပြဇာတ်သွား အနေနဲ့ ပြန်ရေးပြပါမယ်။ ဖတ်သာကြည့်ကြပါတော့ ... ။
***
အဖွင့်

လူ ၄-ဦး တန်းစီ ရပ်နေစေ။ ဦးစွာ လူသား အဖြစ် သရုပ်ဆောင်မည့်သူက ဆောင့်ကြွားကြွားဖြင့် ရှေ့ကို ထွက်လာပြီး ပြော။

လူသား ။ ... ။ ကျွန်ုပ်သည်ကား ... မဟာလူသား ဖြစ်ပေတော့ သကိုး။

ပြောပြီး မူလ နေရာတွင် ပြန်သွားရပ်။ နောက်တဦးထွက်လာ။

HIV virus ။ ... ။ ကျွန်ုပ်က HIV virus ပါပဲ ... ဟဲဟဲဟဲ။

Bacteria ။ ... ။ ကျွန်ုပ်ကတော့ ဘက်တီးရီးယားပိုး ... ဟိုးဟိုးဟိုး ... ။

ISP ။ ... ။ ကျွန်ုပ်က ... အဲ ... Imm ... imm ... immune system protector ... ဟုတ်ကဲ့ ... အဲဒါပါပဲ။

(ဂျပန်မလေးက အသံထွက်ကို ရုတ်တရက် မေ့ပြီး မထွက်နိုင်တာနဲ့ ဘေးက ၀ိုင်းထောက် ပေးရပါတယ်။)

တဦးချင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် ပြန်တန်းစီ ရပ်နေ။ လူသားနှင့် ISP လက်ချင်း ချိတ်လျက် လမ်းလျှောက်လာ။

လူ ။ ... ။ ၀ှူး .... ရေဆာလိုက်တာ ... အနီးအနားမှာ ရေရနိုင်သလား ရှာမှပဲ ... ။

လျှောက်နေရင်း ဟိုသည် ကြည့်။ တနေရာအရောက် ..

လူ ။ ... ။ ၀ိုး ... ရေကန်လေး တကန်တွေ့ပြီ။ ဟင် ... ရေတွေက သိပ်မသန့် ပါလား၊ အို ... ကိစ္စမရှိပါဘူး ... ရေ အရမ်းဆာနေပြီ သောက်မှပဲ ... ။

တကိုယ်တည်း ရေရွတ်ရင်း ရေကန်လေးဆီသွားပြီး လက်ခုပ်ဖြင့် ရေခပ်သောက်။ (ဂလု ဂလု ဂလု)

ရေသောက်ပြီးသည့်နောက် ရေအိုင်အနားမှာ ပုန်းလျှိုးနေသော ဘက်တီးရီးယားက ထလာပြီး လူသား၏ ကျန်လက် တဘက်ကို တွဲလျှက် လိုက်လာစေ။ တလှမ်း နှစ်လှမ်း လျှောက်ပြီးနောက် ဘက်တီးရီးယားကို ISP က လက်သီးဖြင့်ထိုး။

ISP ။ ... ။ ကိုင်းဟာ ... ခွပ် .. ခွပ် ..

Bacteria ။ ... ။ အမလေး .. ကြောက်ပါပြီ ဗျ ...

ဘက်တီးရီးယားပိုးအား ISP က အနိုင်ရသွား။ လူသားက ဆောင့်ကြွားကြွားဖြင့် လမ်းဆက်လျှောက်။

(ဤတွင် တကဏ္ဍ ပြီး။)
***
အချိန်ကား နံနက်ခင်း။ လူသားက သမ်းဝေရင်း လမ်းလျှောက်လာ။ (ISP နှင့် လက်ချင်း တွဲချိတ်ထားဆဲ)

လူ ။ ... ။ သာယာလှပသော နံနက်ခင်းပါတကား ... ။ အင်း ... ညက ငါ condom မသုံးခဲ့မိပါလား ... ။ အို ကိစ္စမရှိပါဘူး တခါတလေပဲ .. ။
(ပရိသတ်၏ ရယ်သံများ)
(ရှက်တော့ ရှက်တယ် .. ဒါပေမဲ့ ရုပ်တည်နဲ့ပေါ့။)

ရုတ်တရက် ဘေးမှာ HIV virus ကြီး ရောက်လာပြီး လူသားကို အတင်း လက်တွဲ လျှောက်စဉ် လူသားက လျှောက်နေရင်း အားအင် ချိနဲ့ဟန် တဖြည်းဖြည်း နှေးလာ။

လူ ။ ... ။ နေရ ထိုင်ရတာလဲ မကောင်းပါလား ... ဘာများ ဖြစ်သလဲ မသိ။

ထို့နောက် ISP နှင့် HIV viurs အပြန် အလှန် တိုက်ခိုက်ကြ။ နောက်ဆုံးမှာ ISP ရှုံးနိမ့်ပြီး ထွက်ပြေး။ HIV က လက်သီး လက်မောင်း တန်းလျက် လူသားကို လက်တွဲပြီး ဆက်လျှောက်နေ။ လျှောက်ရင်း လျှောက်ရင်း ... နောက်ဆုံးမှာ လူသားက တဖြည်းဖြည်း မြေပေါ် လဲကျ သေဆုံးသွား ... ။

(ဤတွင် ပြီးပါပြီ။)
***
ပြဇာတ်တိုကလေးကတော့ ဒီမျှပါပဲ။ ရေးတော့သာ အရှည်ကြီး။ တကယ် သရုပ်ဆောင်ပြရတာ ခဏလေးပါ။ ခဏ လေးမို့ တော်သေးတာပေါ့။ ရှည်များရှည်ရင် ကျမတော့ ပိုပြီး ဒုက္ခရောက်မှာ။ စဉ်းစဉ်းစားစားနဲ့ ရွေးလိုက်တာ။ အရွေးတော်ပုံများ ... ကိုယ်ချည်းပဲ စကားများများ ပြောရ … အမူအရာ လုပ်ရ ... နောက်ဆုံး သေရ။ ပြောရတဲ့ စကားကလည်း သူများ ဟားချင်စရာ ... ။ တတ်နိုင်ဘူးလေ။ ရွေးမိပြီးမှတော့ ... လုပ်ရတော့တာပဲကိုး။

ဒါပေမဲ့ ... ၀မ်းသာစရာက ကျမတို့ အုပ်စု ၃ က လူနည်းပေမဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ အများဆုံး၊ အားလုံးရဲ့ အကြိုက်ဆုံးနဲ့ အမှတ်လည်း အများဆုံး ရခဲ့ပါတယ်။ အဲဒီအတွက် အကြံဥာဏ်ကောင်း ပေးနိုင်တဲ့ ကက်သရင်းကို ကျေးဇူးတင်မိတယ်။ ကျမကတော့ ... နောက်တခါ ဒါမျိုးလုပ်ဖို့ ရွေးကြရမယ်ဆိုရင် အရွေး မမှားမိအောင် ဆင်ခြင်မှပဲ ... လို့သာ... တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၉၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၅ နာရီ ၂၅

6 comments:

ကလိုစေးထူး said...

ကြားဖူးတာကတော့ အစားမတော် တလုပ်၊ အသွားမတော် တလှမ်းတဲ့။ အခုတော့ မမေက အရွေးမတော် တပွဲလို့ ဖြည့်ပြောရမလို ဖြစ်နေပီ။ :P တော်တော်ရယ်ရတယ်။

လူသစ် said...

မမမေဒါဝိန်
ဘာလို့မမြင်ရတာတုံး။ အရင်တခေါက်လာတုန်းက မြင်တယ်မှတ်လား။ ကလူသစ် blogspot ကနေ myanmarbloggers.org ပြောင်းလိုက်လို့မမြင်တာလားမသိ။ eot ကအရင်တခါကလုပ်ထားပြီးသားလေ။ ခုပြန်လုပ်ရအုန်းမှာလား။ လုပ်တတ်တော့ဘူးဗျ။

Thyda said...

Good idea!

And I think, you got experiences on the stage, anyway. It is good for you;-)

Maydarwii said...

အဟုတ်ပဲ ကိုစေးထူးရေ .. အရွေးမတော် တပွဲ ... ကံကောင်းလို့ အရှက်မကွဲတယ် ဆိုပါတော့ ... ။

ကလူသစ်ရေ .. အရင်တခါတုန်းက မြင်ရတယ်ဆိုတာက ဖောင့်ရှိတဲ့စက်နဲ့ ဖတ်တာလေ။ ဖောင့်မရှိတဲ့ စက်နဲ့ ဆို မမြင်ရဘူး။ အခု ရိုက်လို့ရတာက http://www.mysteryzillion.com/project/webtext/ အဲဒီ ၀က်ဘ်ဆိုက်ကနေ ၀င်ပြီးရိုက်တာမို့။ အီးအိုတီ လုပ်ထားတဲ့ ဘလော့တွေကိုတော့ အကုန်ဖတ်လို့ရတယ်။ ကလူသစ် အီးအိုတီက အိပ်စပိုင်ယာ ဖြစ်နေလို့ နေမယ်။ ပြန်လုပ်ကြည့်ပါလား။

မသီတာရေ ... အတွေ့အကြုံတော့ ရပါရဲ့ ... ။ လုပ်ရတဲ့ အခန်းက လူရယ်စရာမို့ ခပ်ရှက်ရှက်နဲ့ပဲ ပေါ့...။

အားလုံးကိုကျေးဇူးတင်ပါတယ်။

kome said...

a ma maydarwii, r u from IM1 or 2?

Maydarwii said...

kome, ကျမက ဆေးကျောင်းက မဟုတ်ပါဘူးရှင့်။ ရူပဗေဒအဓိက နဲ့ ဘွဲ့ရတာပါ။