Thursday, December 06, 2007

ဒေါ်အေမီရဲ့ လဘက်ရည်ဆိုင်မှာ

မနှစ်တုန်းက 'လဖက်ရည်ဆိုင်က ညနေခင်း' ဆိုတဲ့ ပို့စ်နဲ့ 'လမ်းဘေး လဖက်ရည်ဆိုင် လေးတွေမှာ' ဆိုတဲ့ ပို့စ်တွေ တင်ခဲ့ဖူးပါတယ်။ လဖက်ရည်ဆိုင် ထိုင်ရတာ နှစ်သက်တဲ့ကျမဟာ ဒီရောက်တော့ ထိုင်နေကျ လဖက်ရည်ဆိုင်လေးတွေကို သတိရမိတယ်။ ဒီမှာတော့ လဖက်ရည်ဆိုင် ထိုင်မယ်ရယ်လို့ ဆိုပြီး တကူးတကလည်း သွားမထိုင်ဖြစ်ပါဘူး။

ဒါပေမဲ့ အဲဒီနေ့ကတော့ တယောက်ထဲ လဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကပေါ့။ အဲဒီနေ့က ကျေးရွာလေးတရွာကို အလုပ်ကိစ္စနဲ့ သွားရပါတယ်။ ကိစ္စတွေအားလုံး ပြီးတဲ့အချိန်မှာ ကျမကို လာကြိုမယ့်ကားက မရောက်သေးတာမို့ ရွာထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း လဖက်ရည်ဆိုင်လေး တဆိုင်ကို တွေ့ပါတယ်။

ရွာကလေးက လူနေအိမ်ခြေလည်း နည်းပါးပြီး ဆိုင်ဆိုလို့လည်း သိပ်မရှိလှပါဘူး။ စာတိုက်တခု၊ ကျေးရွာ စတိုးဆိုင် တဆိုင်၊ မုန့်ဆိုင် တဆိုင်နဲ့ လဖက်ရည်ဆိုင် တဆိုင်ပဲရှိပါတယ်။ လဖက်ရည်ဆိုင်လေးရဲ့ နာမည်က 'အေမီ လဖက်ရည်ဆိုင်' တဲ့။ ဆိုင်ကလေးက သေးသေးလေးပေမဲ့ ဆိုင်းဘုတ်ကြီးကတော့ ဆိုင်နဲ့ အပြည့် တပ်ထားတယ်။

ကျမလည်း အဲဒီဆိုင်မှာ ခဏထိုင်ရင်း လာကြိုတဲ့ ကားကို စောင့်မယ် စိတ်ကူးနဲ့ သွားပြီး မှန်တံခါးမှာ ကပ်ထားတဲ့ ဆိုင်ဖွင့်ချိန် ပိတ်ချိန်ကို အရင် ကြည့်တော့ နေ့လည် ၂ နာရီဆို ဆိုင်က ပိတ်မှာတဲ့။ ဘယ်လိုပါလိမ့်နော် ... ။ ကျမတို့ဆီမှာဆို လဖက်ရည်ဆိုင်တွေက ညဥ့်နက်သန်းခေါင်ထိ ဖွင့်ကြတာပဲ။ မဟုတ်ရင်လည်း ညနေစောင်းထိတော့ ဖွင့်ပါတယ်။ အများစုက နေ့လည်စာနဲ့ ညစာကြားမှာ လဖက်ရည်ဆိုင် ထိုင်တတ်ကြတာ မဟုတ်လား။

နာရီကြည့်လိုက်တော့ ၁ နာရီ ခွဲလုပါပြီ။ ဘာပဲဖြစ်ဖြစ် နာရီဝက်လောက်တော့ အချိန်ရသေးတယ် ဆိုပြီး ဆိုင်ကလေးထဲ ၀င်လိုက်ပါတယ်။ မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တော့ တံခါးမှာ တပ်ထားတဲ့ ခြူကလေးတွေက တချွင်ချွင်နဲ့ တလွင်လွင် မြည်လို့ ... ။ အပြင်မှာ လေတ၀ှူးဝှူးနဲ့ အေးနေပေမဲ့ ဆိုင်ကလေးထဲကတော့ နွေးလို့ပါပဲ။ ဆိုင်ထဲမှာ ထိုင်စရာ စားပွဲက ၈-လုံး လောက်ပဲ ရှိတယ်။ ဆိုင်ထဲမှာ ရှိတဲ့ စားသုံးသူဆိုလို့ ... အတွင်းဆုံး ထောင့်စားပွဲမှာ လဖက်ရည်သောက်ရင်း သတင်းစာ ထိုင်ဖတ်နေတဲ့ အဘိုးကြီး တယောက်ရယ် ... အဲဒီ ရှေ့ဝိုင်းမှာက အကြောင်းအရာ တခုကို အခြေအတင် ဆွေးနွေးနေကြတဲ့ အသက် သိပ်မကြီးတကြီး လူကြီး နှစ်ယောက်ရယ် ... ဒါပဲ ရှိပါတယ်။

စားပွဲတွေကို အ၀တ်တခုနဲ့ လိုက်ပြီး သန့်စင်နေတဲ့ အဘွားကြီးက ကျမ၀င်လာတော့ ပြုံးပြီး ခရီးဦးကြိုပြုတယ်။ ကျမလည်း ကောင်တာအနားက စားပွဲမှာ နေရာယူလိုက်ပြီး အိတ်ကိုချ၊ အနွေးထည် ကုတ်အင်္ကျီ ကိုချွတ်၊ ကုလားထိုင်နောက်မှာ ချိတ်ပြီး နေရာတကျ ထိုင်လိုက်တယ်။

'ဘာမှာမလဲ အမ'
ဆိုပြီး လက်သုတ်ပုဝါ (တကယ်တော့ လက်နှီးစုတ်) လေး ခါးမှာချိတ်လို့ အပြေးအလွှား အနားရောက်လာ ... စားပွဲကို အဲဒီ လက်သုတ်ပုဝါလေးနဲ့ ဟိုသုတ် ဒီသုတ် ... လုပ်လေ့ရှိတဲ့ ကျမတို့ဆီက စားပွဲထိုးလေးတွေကို အဲဒီအချိန်မှာ သတိရမိသား။ အခုတော့ ကိုယ့်ဟာကိုယ်ပဲ စားဖွယ်သောက်ဖွယ် စာရင်းကို ဖတ်ကြည့်ပြီး ကောင်တာမှာ သွားမှာရပါတယ်။ မှာပြီးတော့ အပေါ့သွားချင်တာနဲ့ သန့်ရှင်းရေးလုပ်နေတဲ့ အဘွားကြီးဆီသွားပြီး ခပ်တိုးတိုး မေးလိုက်တယ်။ သူပြန်ဖြေတာက ...

'၃ ကျပ် ၇၅ ပြား'
'အမ်'

ဘယ့်နှာလဲ ...။ မေးတာက တခြား၊ ဖြေတာက တလွဲ။ ခက်တော့နေပြီ။ ကျမစကားပြောတဲ့ အသံထွက်က တော်တော်လေး ညံ့လို့ပဲလား ... ။ ကျမ ခပ်တိုးတိုးမေးတာကို အဘွားကြီးက အသက်ကြီးတော့ အကြားအာရုံတွေ သိပ်မကောင်းတာကြောင့် မကြားလို့ဘဲလား ... မသိပါဘူး။ အင်း ... ကျမကတော့ တတ်နိုင်သမျှ ပီပီသသ ပြောတာပါပဲ။ ကျမ စကားပြောတာ ကြားတဲ့သူ တယောက်ဆို ကျမ အသံထွက်က ပီသလွန်းလို့တဲ့ ... သူတို့ဆို မပီမသ ပြောကြတာ ဆိုလား ... ။ ဘာပဲဖြစ်ဖြစ် ကျမကတော့ အဘွားကြီး နားသိပ်မကြားတာဘဲ နေမှာလို့ သတ်မှတ်ပြီး နောက်တခေါက် ခပ်ကျယ်ကျယ်လေး အော်ပြော လိုက်တော့မှ ...

'သြော် ... ဟောဟိုမှာ ... သတိထားသွားနော် ... လှေခါးထစ်ရှိတယ်။ ပြုတ်ကျလိမ့်မယ်'

ကျေးဇူးတွေ တလှေကြီးတင်ပြီး သူပြောတဲ့ အခန်းလေးထဲ ၀င်လိုက်တယ်။ အခန်းလေးက မှောင်မည်းနေတာပဲ။ ဒုက္ခ ...။ မီးခလုတ် ရှိမယ့် နေရာလောက်ကို မှန်းပြီးလက်နဲ့ စမ်းတ၀ါးဝါး နံရံမှာ လျှောက်စမ်းကြည့်တော့ တွေ့တော့ တွေ့ပါရဲ့။ မီးခလုတ်ကြိးကို စက္ကူနဲ့ ကပ်ထားတယ်။ ဟုတ်သေးပါဘူး ... ။ မီးမရှိလို့က မဖြစ်ဘူး။ ကျမက နေ့ခင်း ကြောင်တောင် မှာတောင် မီးဖွင့်ရမှ ကျေနပ်တာ။ ပြီးရင် မီးပြန်ပိတ်ဖို့ မေ့လို့ အမေ အမြဲဆူနေကျ။ ဒါနဲ့ ထပ်စမ်းတော့မှ မီးခလုတ် ဖြစ်ဟန်တူတဲ့ အရာကလေးကို နောက်တနေရာမှာ စမ်းမိတယ်။

'ချောက်'

တော်ပါသေးရဲ့ ... ။ မီးပွင့်သွားပါတယ်။ ဒီလိုနဲ့ ကိစ္စ ၀ိစ္စ ပြီးတဲ့အခါ ကိုယ့်နေရာ ကိုယ်ပြန်သွားတော့ မှာထားတဲ့ အစားအစာတွေ စားပွဲပေါ်မှာ အဆင်သင့် ရောက်လို့ နေပါပြီ။ မြန်မြန်ထက်ထက် စားသောက်နေရင်း နာရီကြည့်လိုက်တော့ ၂-နာရီ ထိုးလုပြီ။

တဖက်စားပွဲဝိုင်းက အခြေအတင် ဆွေးနွေးနေသူ နှစ်ဦးလည်း ဘယ်အချိန်က ပြန်သွားလဲ မသိပါဘူး။ မရှိကြတော့ဘူး။ သတင်းစာ ဖတ်နေတဲ့ အဘိုးကြီးကတော့ စာဖတ်လိုက် လဖက်ရည် (ကော်ဖီလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်) သောက်လိုက် အဘွားကြီးကို စကားလှမ်းပြောလိုက်နဲ့ ... ။ နောက်ဆုံးတော့ သူလည်း ကောင်တာမှာ ပိုက်ဆံရှင်းပြီး ပြန်သွားတယ်။

ဆိုင်မှာ ၀န်ထမ်းဆိုလို့ အဘွားကြီး ၃-ယောက်ပဲ တွေ့ပါတယ်။ အသက် သိပ်မကြီးတကြီး အဘွားကြီးတယောက်က ကောင်တာမှာ နေပြီး နောက် တယောက်ကတော့ ချက်ပြုတ် ဆေးကြောတဲ့ နေရာမှာပါ။ သန့်ရှင်းရေးက တယောက် ဆိုတော့ ... စုစုပေါင်း ၃-ယောက်ထဲ ရှိတယ်။ သန့်ရှင်းရေး လုပ်နေတဲ့ အဘွားကြီးက စားပွဲပေါ်က အခင်းတွေ ဖယ်လိုက်ပြီး ဖုန်စုပ်စက်နဲ့ ကော်ဇောပေါ်က ဖုန်တွေ သန့်စင်နေလေရဲ့။ သေချာကြည့်မှ ဆိုင်မှာ ချိတ်ထားတဲ့ ဓာတ်ပုံထဲက အဘွားကြီးက ဖုန်စုပ်နေတဲ့ အဘွားကြီးပါပဲလား။ ဒါဆို အေမီဆိုတာ ဒီအဘွားကြီးပဲ ဖြစ်ရမယ် လို့ တွေးမိပြီး ကောက်ချက်ချလိုက်တယ်။

ဒါနဲ့ ကျမလည်း စားသောက်တာကို လက်စသတ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာမှာ ငါးကျပ်တန်လေး ထုတ်ပေးတော့ အဘွားကြီးက တကျပ် တမတ် ပြန်အမ်းပါတယ်။ ပြန်အမ်းငွေကို ယူရင်း ကျမတို့ဆီမှာ လဖက်ရည်ဆိုင် တခါထိုင်ရင် ငါးရာတန် တထောင်တန်တွေ ထုတ်ပြီးရှင်းရတာကို သွားအမှတ်ရမိပြန်တယ်။ ဒီမှာတော့ ဗိုက်တင်းအောင် စားမှ သုံးကျပ် သုံးမတ် ထဲရယ် ... ။ တန်တယ် မဟုတ်လား ... ။ (တကယ်တမ်း ကျမ စိတ်ထဲမှာတော့ လက်ရှိ ကျမတို့ တိုင်းပြည်ရဲ့ ငွေကြေး ဈေးနှုန်းနဲ့ မြှောက်ကြည့်ပြီး ဈေးကြီးလိုက်တာ လို့ တွေးနေမိတာပါ။) ပြီးတော့ အလွန်ရှားပါးတဲ့ အကြွေ။ အကြွေဆိုတာ ငါးဆယ်တန်, တရာတန်ကို ဆိုလိုတာပါ။ အကြွေစေ့ဆိုတာကတော့ ဟိုး အတိတ်မှာ ကျန်ခဲ့ပြီမဟုတ်လား။ ဒီရောက်တော့မှ အကြွေတွေ ဖောချင်းသောချင်း ကိုင်နေရတာမို့ ငယ်ငယ်တုန်းက သုံးခဲ့ဖူးတဲ့ ဗိုလ်ချုပ်ခေါင်းပုံ အကြွေစေ့လေးတွေ သတိရမိသား ... ။

အင်း ... အတိတ်တွေ ပြန်မတွေးတော့ပါဘူးလေ ... သွားမှပါပဲ ... ။ ဒီလိုနဲ့ ... အပေါ်အင်္ကျီ ပြန်ဝတ်၊ အိတ်ကလေး ကျောမှာပိုးလို့ သူတို့ကို နှုတ်ဆက် ကျေးဇူးတင်စကား ပြောရင်း ဆိုင်ထဲက ထွက်ခဲ့လိုက်တယ်။ ကျမဆိုင်ထဲက ထွက်သွားတယ် ဆိုရင်ပဲ ... ဒေါ်အေမီကြီးလည်း 'ဆိုင်ပိတ်ပြီ' ဆိုတဲ့ ဆိုင်းဘုတ်လေးကို မှန်တံခါးမှာ ချိတ်ဆွဲပြီး ကျန်ရစ်ခဲ့လေရဲ့ ... ။
***
မေဓာဝီ
၆၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၉ နာရီ ၄၀ မိနစ်

3 comments:

Anonymous said...

Where are you living now? How's the study? Wish everything is doing well for you and happy to have the taste of human right. CNL!

Min Min said...

အေမီဆိုလို့ မြန်မာပြည်က ဆိုင်လားလို့ .. ဟားဟား.. ဥရောပရောက်နေသူများကို ကြိုဆိုပါ၏

ငစနေ said...

အပြင်ရောက်မှပဲ ကျွန်တော်တို့လဲ အကြွေစေ့တွေနဲ့ နပမ်းလုံးနေရတယ်။ ရန်ကုန်မှာတုန်းက အရွက်တွေက တော်ရုံတန်ရုံမှားဖို့ခက်တယ်။ ဒီမှာ အကြွေစေ့က တော်တော် ပြဿနာပေးတယ်။ တစ်ခါတစ်လေ တစ်ခြားနိုင်ငံက ဆင်တူရိုးမှား အကြွေစေ့တွေပါလာရင် ပိုတောင်ဆိုးသေး။ အမေဆို ဆိုင်က အကြွေပြန်အမ်းရင် မျက်မှန်လေးထုတ်တပ်ပြီး ပြူးပြဲကြည့်နေရတယ်။