Saturday, December 15, 2007

အေးခဲသွားသော မျက်ရည်စက်များ ...

"ဟေး ... ဟိုမှာကြည့်စမ်း မြက်ခင်းပေါ်မှာ တလက်လက်နဲ့ စိန်ပွင့်လေးတွေ ကျနေတာပဲ ... နော် ..."

မနေ့ည ညဥ့်ဦးပိုင်းလောက်က ညစာစားဖို့ ထမင်းစားဆောင်ကို အသွား တဆောင်နဲ့ တဆောင်ကူးတဲ့ ကွန်ကရစ် လမ်းလေးရဲ့ နံဘေးက မြက်ခင်းကလေးမှာ မြက်ပင် တွေထက် တလက်လက် တောက်ပ နေတာကို မြင်တော့ ... တယောက်က အဲဒီလို ထအော်တယ်။

နောက်တယောက်ကတော့ ...
"အဲဒါ မိုးစက်တွေ နေမှာ" ... တဲ့ ။

"ဘယ်က မိုးစက် ဖြစ်ရမှာလဲ ... မိုးမှ မရွာတာ ... အဲဒါ နှင်းစက်လေးတွေ ..."
ပထမ တယောက်က ပြောပြန်တယ်။

ဒါနဲ့ သူက ၀င်ပြီး ...
"မိုးစက်လည်း မဟုတ် ... နှင်းစက်လည်း မဟုတ် ... အဲဒါ ... မြက်ပင်လေးတွေရဲ့ မျက်ရည်စက်တွေ ..." ပြောလိုက်တော့ ...

"ဟင် ... ဘယ်လို"
"မြက်ပင်ရဲ့ မျက်ရည် ... ဟုတ်လား"
အဲဒီနှစ်ယောက်ဆီက အာမေဋိတ်တွေ အသီးသီး ထွက်လာကြပါရော ... ။

“အင်း ... ဟုတ်တယ် ... မြက်ပင်လေးတွေ ငိုနေကြတာ ...”

“မြက်ပင်လေးတွေ ငိုနေကြတာ ???”
"ကဲ ... ရှင်းစမ်းပါဦး ... မြက်ပင်ရဲ့ မျက်ရည်စက် အကြောင်း ... မြက်ပင်တွေက ဘာလို့ ငိုတာလဲ ..."
အဲဒီလို မေးခွန်းထုတ်လာမှာကို မျှော်လင့်နေတာနဲ့ အတော်ပဲ ဖြစ်ပြီး သူက ရှင်းပြဖို့ ကြိုးစားရပါတယ်။

"ဒီလိုလေ ... အခု တို့တတွေ ဒီလမ်းကလေးမှာ နေ့စဉ်နဲ့အမျှ လျှောက်နေပေမဲ့ လမ်းဘေးက မြက်ပင်တွေကို ဘယ်တုန်းကများ တယောက်ယောက်က ဂရုတစိုက် ကြည့်ဖူးလို့လဲ ... လူတွေက ဒီမြက်တွေပေါ်မှာ တံတွေး ထွေးချင်ထွေးမယ် ... အမှိုက် ပစ်ချင် ပစ်မယ် ... သူတို့ခမျာ လမ်းကလေး ဘေးမှာ နေရင်း လူတကာ အညစ်အကြေး စွန့်သမျှ ခံရတဲ့အပြင် အများကလည်း ဥပေက္ခာ ပြုထားကြတယ် မဟုတ်လား"

"အင်း ... အဲဒီတော့ ..."

"အဲဒါကြောင့် မြက်ပင်ကလေးတွေက အားငယ်ပြီး ငိုတာပေါ့ ..."

"ဟားဟား ... မင်းက တော်တော် အတွေးခေါင်တာပဲ ..."
တယောက်က ဟားတိုက်ရယ်မောတယ်။ နောက်တယောက်ကတော့ ...
"အင်းလေ ... မျက်ရည်စက်တွေပဲ ထားပါတော့ ... အခု ညဘက်မှာသာ သူတို့ငိုနေကြတာပါ ... မနက်ခင်း မိုးလင်းတဲ့အခါ နေထွက်လာရင် သူတို့ မျက်ရည်တွေလည်း အလိုလို ခမ်းခြောက်သွားမှာပါပဲ ... ကဲ ကဲ ... ညစာစားဖို့ နောက်ကျရင် ဘာမှ မကျန်ဘဲနေလိမ့်မယ် ... အမြန်သွားစို့"
လို့ … ပြောပြီး စကားစ ဖြတ်လိုက်လေရဲ့ ... ။
***
ညစာစားပြီး အပြန်မှာတော့ သူတယောက်ထဲ အဲဒီ လမ်းလေးအတိုင်း လျှောက်လာရင်း မြက်ခင်းလေးအနားမှာ ဒူးထောက် ထိုင်ချပြီး မြက်ကလေးတွေကို သေချာကြည့်မိတယ်။ မြက်ပင်ရဲ့ ထိပ်ဖျားလေးမှာ တွဲလွဲခိုနေတဲ့ ရေစက်ကလေး .... ။ မီးရောင်အောက်မှာ တဖျတ်ဖျတ် လက်လို့ ... ။

ဒါဟာ ... မြက်ဖျားနှင်းတဲ့လား ... ။ သူကတော့ မထင်မိပါဘူး ... ။
ဒါဟာ ... မြက်ပင်လေးတွေရဲ့ ရင်ထဲက ဖြစ်တည်လာတဲ့ မျက်ရည်ပွင့်ကလေးတွေ ... ။
ဟုတ်တယ် ... ။
မြက်ပင်လေးတွေ ငိုနေကြတာ ... ။
မြက်ပင်လေးတွေ ... ငို နေ ကြ တာ လေ ... ။

မြက်ပင်လေးတွေရဲ့ နူးညံ့တဲ့ အဖျားလေးတွေကို ပွတ်သပ်ပေးမိတော့ သူ့လက်ဖ၀ါး မှာ သူတို့ရဲ့ မျက်ရည်စက်တွေနဲ့ စိုရွှဲသွားတယ်။ လူတကာ လစ်လျူရှု ခံနေကြရတဲ့ သူတို့ လေးတွေရဲ့ မျက်ရည်စက်တွေက နွေးမနေဘူး ... ။
အေး ... စက် ... လို့ ... ။

မငိုပါနဲ့ မြက်ပင်လေးတွေရယ် ... မနက်ခင်း နေခြည်က လောကကြီးကို ပူနွေးစေပြီး မင်းတို့ အငိုတိတ်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒီတညတော့ သည်းခံလိုက်ပါဦး ကွယ် ... ။

သူပြောတာကို နားလည်တဲ့အလား မြက်ပင်လေးတွေက လေအတိမ်းမှာ ယိမ်းနွဲ့ကြ ရှာတယ်။ တဖြည်းဖြည်း အေးသည်ထက် အေးလာတော့ သူလည်း အပြင်မှာ ကြာကြာ မနေနိုင်လို့ မြက်ပင်ကလေးတွေကို နှုတ်ဆက်ပြီး အဆောင်ထဲ ပြန်ဝင်ခဲ့တယ်။
***
နောက်တနေ့ မနက်မှာ သူ အိပ်ရာထ နောက်ကျခဲ့တယ်။
နာရီမကြည့်မိဘဲ အလင်းရောင်လာမှ ထမယ်ဆိုပြီး အိပ်နေခဲ့မိတာ ... ။ အလင်းရောင်က တော်တော်နဲ့ မလာတဲ့ အဆုံး နာရီကြည့်မိတော့မှ နောက်ကျမှန်း သိပြီး ကမန်းကတန်း မျက်နှာသစ် အ၀တ်လဲလို့ စာသင်ဆောင်ဆီ အသွား ... လမ်းမှာ ...

“ဟင် ...”

ကွန်ကရစ်လမ်းကလေးရဲ့ ဘေးက မြက်ခင်းပြင်တခုလုံး အဖြူရောင်တွေ ဖုံးလွှမ်း နေတယ်။ အဖြူရောင် နှင်းပွင့်ဖတ်တွေများလား ... သေချာ သတိထားကြည့်မိတော့ ...
မဟုတ်ဘူး။ ညတုန်းက ငိုနေကြတဲ့ မြက်ကလေးတွေရဲ့ မျက်ရည်တွေ အေးခဲ နေကြ တာလေ ... ။

ဒါနဲ့ ... ကောင်းကင်ကို မော့ကြည့်လိုက်တယ် ... ။
ကောင်းကင်ကြီးက အုံ့ဆိုင်း ... မှိုင်းပြ ...လို့ ... ။
နေမင်း ... ဘယ်မှာလဲ ... ။

မြက်ပင်လေးတွေကို ပြန်ငုံ့ကြည့်လိုက်တယ် ... ။
ညတုန်းက မင်းရဲ့ အားပေး စကားဟာ အလကားပါပဲ ... လို့ ပြောနေကြ သယောင်ယောင်။
ဟင့်အင်း ... နေမင်း သာမှာပါ ..
နေရောင် လာမှာပါ ...
မင်းတို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြပါ နော် ... ။

သူ့နှုတ်က တီးတိုးရေရွတ်ရင်း မြက်ခင်းကလေးကို လက်နဲ့ ဖွဖွ ပွတ်သပ်လို့ ဖြေသိမ့် ပေးမိပြန်တယ်။

“အလို ...”

သူ့လက်ဖျားမှာ ထုံကျင် အေးခဲမတတ် အထိအတွေ့ကြောင့် ရုတ်တရက် လန့်ပြီး လက်ကို ရုတ်လိုက်မိတယ်။ ညတုန်းကလို နူးညံ့တဲ့ အထိအတွေ့ မရှိတော့ဘဲ မာကျော အေးစက် တောင့်တင်းလို့ ... ။
သူတို့ရဲ့ နှလုံးသွေးတွေ အေးခဲကုန်ပြီလား ... ။
ခံစားချက် မဲ့ကုန်ကြပြီလား ... ။

ဒီလိုနဲ့ ... နာရီတွေသာ တဖြည်းဖြည်း ရွေ့လျားခဲ့တယ် ... ။
သူတို့လေးတွေရဲ့ ကံကပဲ ဆိုးလွန်းလို့လား ... ။
အဲဒီနေ့က … တနေ့လုံး … နေမသာခဲ့ပါဘူး။
***
မေဓာဝီ
၁၄၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၀၅ မိနစ်

5 comments:

ကလိုစေးထူး said...

မနက်က ကျနော် အပြင်သွားတော့ နေမင်းက ထင်းနေအောင် သာတယ် မမေ။ ဒါပေမယ့် မြက်ဖျားက နှင်းတွေကတော့ အေးခဲမြဲ အေးခဲနေတာပါပဲ။ အေးလွန်လွန်းတော့ နေမင်းရဲ့ အနွေးဓာတ်လဲ ဘယ်တိုးတော့မလဲနော်။ ရာသီဥတုကလဲ အလွန်အကျွံမအေး နေမင်းကလည်း သာမယ်ဆိုရင်တော့ နွေးထွေးမှုရဲ့ အရှိန်နဲ့ အေးနေတဲ့ မျက်ရည်စက်တွေ အရည်ပျော်မှာပါ။

ဂျစ်တူး - gyit_tu said...

မမေရေ ..

မြက်ပင်တွေရဲ့ သဘောသဘာဝက အစွန်းရောက်တဲ့ ပူလွန်းတဲ့နေအောက် ခြောက်သွေ့ သွားတတ်သလို ၊ အေးလွန်းတဲ့ နှင်းတွေအောက် အေးခဲ ပုန်းလျှိုးနေတတ်ကြတယ် ။ ဒါပေမယ့် သူတို့ဟာ အသက်ရှင်နေစမြဲပဲ ။ သူတို့ရှင်သန်ခြင်းတွေပျက်သုန်းဖို့ အမြစ်ကနေဆွဲနှုတ်မှပဲ ဖြစ်နိုင်မယ် ။

ဒါကြောင့် ဂျစ်အမြင်တော့ မြက်ပင်တွေဟာ ၊ အမြစ်ကနေဆွဲနှုတ်မခံရအောင်သာ နေနိုင်မယ်ဆိုရင် ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုရာသီဥတုမဆို အစွမ်းသတ္တိရှိရှိ ရှင်သန်နိုင်သူတွေပါပဲ ။

ခွန်မြလှိုင် said...

Ma May,

Great Idea and Thoughts for feelings of unnoticed grass (people). I used to visit yours and this is first time leaving comments. Thanks for sharing good idea.

Maydarwii said...

ကိုစေးထူးရေ .. ဒေသကွဲလွဲတော့ ရာသီဥတုလည်း ကွဲလွဲတာပေါ့ ... ကိုစေးထူးဆီမှာ နေသာပေမဲ့ ဒီမှာကတော့ ဒီနေ့လည်း နေမသာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ရာသီဥတု သာယာမယ့် နေ့ရက်တွေကိုသာ မျှော်လင့်ပါတယ်။

ဟုတ်ပ ဂျစ်ရေ ... မြက်တွေက ရိတ်လေ သန်လေပဲ။ မမေတို့ငယ်ငယ်တုန်းက အဖိုးက အမြဲခိုင်းလေ့ရှိတယ်။ နွေဆို မြက်ခင်းကို ရေလောင်းရတယ်၊ မိုးဆို မြက်နုတ် မြက်ရိတ် လုပ်ရတယ်။ မိုးတွင်းဘက်မှာ မြက်တွေက နုတ်လိုက်ပေမဲ့လည်း ပြန်ပေါက်လာတာပဲ ... ငယ်ငယ်က ဆော့ရင်း ကစားရင်း အဲလိုလုပ်ရတာ တော်တော် ပျော်ဖို့ကောင်းသား။

မခွန်မြလှိုင် ... ဘလော့ကို လာဖတ်တဲ့အတွက်ရော .. ကွန်မန့်ရေးတဲ့အတွက်ပါ ... ကျေးဇူးအများကြီး တင်ပါတယ် .... ။

Anonymous said...

i would like let discuss with you about buddhism.my name is smile.my e maill address is paganthar1@yahoo.com. ilived in USA and i also exile student of 8888.