Thursday, December 27, 2007

နေမင်းကြီးက
ဖြာကျနေတဲ့ ရောင်စဉ်တွေကို
ညင်သာစွာ ရုတ်သိမ်း
ငြိမ်းချမ်းစွာ နှုတ်ဆက်
ကမ္ဘာတဘက်ကို ထွက်ခွါ ...
အဲဒီအချိန်မှာ ...
သူ ရောက်လာတော့တယ် .. ။

နက်မှောင်နေတဲ့ ကောင်းကင်
မြေပြင်မှာလည်း အလင်းမဲ့
အဲဒါ ... ည ... တဲ့ ... ။

နွေးထွေးခြင်း ကင်းမဲ့
လေးတွဲ့တွဲ့ လေညင်း
ပန်းရနံ့တွေက သင်း ... လို့
တေးသီချင်း ဆိုနေကျ
ငှက်ကလေးတွေက အိပ်စက်နေ
ဇီးကွက်တွေက အစာရှာကြ
အဲဒါ ... ည ... တဲ့ ... ။

ငြိမ်သက်နေတဲ့ ရေကန်ဘေး
ပိုးစုန်းကြူးကလေးများ
ပျော်ပါးမြူးထူး ဆင်နွှဲ
သဘင်ပွဲ ကျင်းပလျက် ...
တဖျတ်ဖျတ် တောက်ပနေကြ
အဲဒါ ... ည ... တဲ့ ... ။

အမှောင်ကျကာ ဆိုင်းအုပ်
တောစပ်က ချုံပုတ်လေးထဲ
ပုစဉ်းရင်ကွဲ ကလေးများ
ညည်းတွားကာ မြည်ကြွေးကြ
မွတ်သိပ်တဲ့ အခါသမယ
အဲဒါ ... ည ... တဲ့ ... ။

သစ်ရွက်တွေက အိပ်ပျော်
ညဥ့်ငှက်တွေက ဖိတ်ခေါ်
စိတ်ပျော်စရာ မရှိ
မှောင်အတိကျ ...
အဲဒါ ... ည ... တဲ့ ... ။

ညက ... လွတ်လပ်တယ်
ဒါပေမဲ့ မလုံခြုံဘူး။

ညက ... အေးမြတယ်
ဒါပေမဲ့ မချမ်းမြေ့ဘူး။

ညက ... တခါတခါ
အလင်းရောင်ရှိတယ် ... ဒါပေမဲ့ မစစ်မှန်ဘူး။

ညက ... မွှေးပျံ့တယ်
ဒါပေမဲ့ ထုံအီလွန်းတဲ့ ရနံ့ ပြင်းပြင်းနဲ့။

ညမှာ ...
တပ်မက်မှုနဲ့ အလိုဆန္ဒတွေ ပေါက်ဖွားတယ်။
တောင့်တမှုနဲ့ မွတ်သိပ်ခြင်းတွေ ကြီးပြင်းတယ်။
မျှော်လင့်မှုနဲ့ စိတ်ကူးယဉ်ခြင်းတွေ ရှင်သန်တယ်။

ညက ...
နူးညံ့စွာ မှောင်မိုက်တယ်။

ဒီ့နောက် ...
အေးစက်စွာ လောင်မြိုက်တယ်။

ပြီးတော့ ...
မျှော်လင့်တကြီးနဲ့ ငိုက်မြည်းတယ်။

နောက်ဆုံးတော့ ...
မိုးမသောက်ခင်
အမှောင်တွေကို သိမ်းဆည်း
တဘက်ကမ္ဘာဆီ ခရီးနှင်ဖို့
အသင့်ပြင်ပြီး ... ထွက်ခွါ
အဲဒါ အခါမှာ ...
တညတာ ကုန်ဆုံးတော့တယ်။
***
မေဓာဝီ
၂၇၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၄ နာရီ ၃၇ မိနစ်

6 comments:

တန်ခူး said...

'ည' က 'လ' နဲ့မှ နေပျော်တယ်
ဒါပေမယ့်...
'လ' ဆိုတာက 'ည' ရဲ့ဧည့်သည်။
'နေ့' နဲ့ 'ည' မျှမျှတတ သဘာဝကြောင့်
တို့တွေဘဝ 'ည' က လွတ်မြောက်နိုင်သေးတယ်။
မေရေ...'နေ့'ရောက်လာရင် အမှောင်ထုက လွတ်မြောက်ပြီလေ။

ကလိုစေးထူး said...

မမေ ကဗျာထဲက ည က ညနဲ့ သိပ်မတူဘဲ ပန်းချီကား တချပ်နဲ့ ပိုတူနေသလိုပဲ။ :)
ည ဆိုတာကလည်း နေမင်းရဲ့ အလင်းရောင်က ရတဲ့ လရဲ့ ရောင်စဉ်တွေနဲ့ အလှဖြာနေသလိုပါပဲ။ လမသာတဲ့ ညတွေမှာလည်း ကြယ်ကလေးတွေ ရှိနေသားပဲလေ။ အဲဒါက ည ဟာ မှောင်အတိ ကျမနေဘူးဆိုတဲ့ သဘောပေါ့။ မိုးသောက်ရဲ့ ဟိုဘက်ကိုလည်းရောက်ရော နေမင်းရဲ့ အလင်းက နေ့သစ်နဲ့အတူ ကြိုနေပြန်ရော။ :D

Yan said...

နောက်ဆုံးတော့ ...
မိုးမသောက်ခင်
အမှောင်တွေကို သိမ်းဆည်း
တဘက်ကမ္ဘာဆီ ခရီးနှင်ဖို့
အသင့်ပြင်ပြီး ... ထွက်ခွါ
အဲဒါ အခါမှာ ...
တညတာ ကုန်ဆုံးတော့တယ်။

....

နောက်တစ်နေ့တာအတွက်
ရိက္ခာထုတ်ကို ဖြေကြည့်တော့
ခေါင်းမော့သူမော့
ငြီးငြူသူငြူနဲ့
လောကကြီးက ခပ်ယဲ့ယဲ့ ပြန်ပြု့းပြတယ်.
...

အတွေးဝင်သွားလို့ မမေရေ...

စာပိုဒ်လေးက သိပ်ကောင်းတယ်ဗျာ.

ရန်အောင်

မေပျို said...

မမေရေ
သဲက ညမှာ ဖတ်လို့လားတော့ မသိဘူး။ ကဗျာလေးက အရမ်းကို အသက်ပါလွန်း လှပါတယ်။ ညရောက်လာပြီး ညထွက်ခွါသွားပုံကို ရေးထားတာကိုတော့ အကြိုက်ဆုံးပါပဲ။ ပျော်ရွှင်ပါစေ မမေရေ။

မေပျို

Maydarwii said...

မခိုင်ရေ ... အမှောင်ထုက လွတ်မြောက်မယ့် နံနက်ခင်းကို မျှော်လင့် ကြိုဆိုနေပါတယ်။

ကိုစေးထူးရေ ... ဒါကြောင့် ပြောတာလေ ...
ညက တခါတခါ အလင်းရောင်ရှိတယ်
ဒါပေမဲ့ မစစ်မှန်ဘူး ... လို့။
တခါတလေတော့လည်း နေမထွက်တဲ့ နေ့ရက်တွေ အရှိသား မဟုတ်လား။

ဖြည့်စွက်ကဗျာလေးအတွက် ကျေးဇူးပါ ကိုရန်လေး ... ။

ညီမလေး သဲရေ ... အစက ဒီ ည ကဗျာကို အနက်ရောင် နောက်ခံဘလော့ပေါ်မှာ စာလုံး အနက်နဲ့ ရေးမလားလို့ စဉ်းစားမိသေးတယ်။ သဲက ညဘက် မီးပျက်တဲ့ အခါ လာဖတ်ပေါ့ ... ။ :P

နှင်းပွင့်ဖြူလေး said...

အစ်မရေးတဲ့ ကဗျာကို ဖတ်တာ မျက်စိထဲကို ကွက်၂ကွင်း၂ ကိုပေါ်တယ် ..
တော်တော်လှတဲ့ ည
အစ်မ တင်ပြပုံလေးတွေက ကောင်းတယ်
း)
ပျော်ရွင်ပါစေရှင်

နှင်းပွင့်ဖြူလေး