Friday, December 28, 2007

မေတ္တာ ... ဆုတောင်း

နှစ်ဟောင်း ကုန်ဆုံးလုပြီ။
နှစ်အသစ်ကို ကူးပြောင်းတော့မည်။
ကမ္ဘာကြီး နေကောင်းပါရဲ့လား။
သတ္တ၀ါ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာပါရဲ့လား။
***
ဖြိုးဖြိုး ဖြောက်ဖြောက် ကျနေတဲ့ မိုးရေစက်လေးတွေကြောင့် နံနက်ခင်းက အေးမြ လန်းဆန်းလို့ နေ၏။ တိမ်ပုံ့ပုံ့နဲ့ အုံ့ပျပျ ကောင်းကင်ထက်မှာ ငှက်ငယ်တအုပ်က အစာရှာထွက်ဖို့ ပျံသန်းနေကြသည်။ ခိုလေး တကောင်ကတော့ စည်းရိုးထက်မှာ အထီးကျန်စွာ ရပ်နားလျက် ... ။

ခြံထောင့်က ငှက်အိမ်လေးပေါ်မှာ ငှက်ကလေးတွေ တနေ့စာ အတွက် ပေါင်မုန့်လေးတွေ ဖဲ့ခြွေပြီး တင်ထားလိုက်သည်။ သူတို့လေးတွေ ၀မ်းစာအတွက် အပြည့်အ၀ မဟုတ်သည့်တိုင် အနည်းအကျဉ်း အထောက်အပံ့ ဖြစ်လို ဖြစ်ငြားပေါ့။ ဒါ့အပြင် သူတို့တွေဟာ ဒီပေါင်မုန့်လေးတွေကို စားလိုက်ရတဲ့အတွက် မြေကြီးထဲက ပိုးကောင်လေးတွေကို တကူးတက ရှာဖွေ စားသောက်တော့မှာ မဟုတ်။ ဒီတော့ ပိုးကောင်လေးတွေ အတွက် ခဏတာ ဖြစ်ဖြစ် ရှင်သန်ချိန် ပိုပြီး ရနိုင်သည် မဟုတ်လား။

မကြာခင်မှာပဲ ခိုလေးတွေနဲ့ စာကလေးတွေ ရောက်လာပြီး ပေါင်မုန့် အပိုင်းအစလေးတွေကို လာစားနေကြပြီ။ သူတို့ကို ကြည့်ရင်း တိရစ္ဆာန်လေးတွေကို အစာကျွေးတိုင်း အဖေ ရွတ်ဆို နေကျဖြစ်သည့် ...
"သတ္တ၀ါတွေ ... အစာဝကြပါစေ ...
သတ္တ၀ါတွေ ... အနာကင်းကြပါစေ ...
သတ္တ၀ါတွေ ... ဘယာရှင်းကြပါစေ ..." ဟူသည့် ဆုတောင်းကို
နှုတ်မှ တီးတိုး ရွတ်ဆို ဆုတောင်း နေမိ၏။
***
ကိုယ်တိုင်စားဖို့ ကိုယ့်မနက်စာ ကိုယ်ဖန်တီးရင်း ...
ရှင်သန်နေကြသော သတ္တ၀ါ အပေါင်း၏ လိုအပ်ချက်က ဘာလဲ ဟု စဉ်းစားနေမိသည်။

ငွေကြေး ဥစ္စာ ဓနလား ... ။
အစာ အာဟာရလား ... ။
လွတ်လပ်တဲ့ ဘ၀လား ... ။

တကယ်တမ်းတော့ ... လူ၊ တိရစ္ဆာန် သတ္တ၀ါ ဟူသမျှ လုံခြုံမှု မရှိသော ဘ၀များမှာ ရှင်သန် ကျင်လည် နေကြရသည် ချည်းပင်။
ချမ်းသာသူ နဲ့ ဆင်းရဲသူ ...
ပြည့်စုံသူ နဲ့ ချို့ငဲ့သူ ...
အားကြီးသူ နဲ့ အားနည်းသူ ...
အောင်မြင်သူ နဲ့ ရှုံးနိမ့်သူ ...
ကျော်ကြားသူ နဲ့ အညတြ ...
သူတို့ အားလုံးရဲ့ ဘ၀တွေဟာ ဘယ်လောက်များ လုံခြုံစိတ်ချ ရပါသလဲ ... ။ သက်ရှိ သက်မဲ့ အရာအားလုံး မှီခိုနေထိုင်ရာ ဒီကမ္ဘာကြီးသည်ပင်လျှင် အနန္တ စကြာဝဠာထဲက အမှုန်လေး တခုမျှသာ။

ထိုသို့ လုံခြုံစိတ်ချမှု မရှိသော ဘ၀တွေမှာ ရှင်သန် နေထိုင် လျက်ပင် ...
တဦးကို တဦး ဖိနင်း တက်လှမ်းနေကြသူတွေ ...
တဦးကို တဦး ရန်စောင် မာန်ထောင်နေကြသူတွေ ...
တဦးကို တဦး ပြစ်တင် ရှုံ့ချနေကြသူတွေ ...
တဦးကို တဦး မနာလို ၀န်တိုနေကြသူတွေ ...
ဘာကြောင့် များပြားနေရတာပါလဲ ... ။

တဖြည်းဖြည်း ကိုယ်ချင်းစာတရား ပါးလျားလာသော ဒီလောကကြီးထဲမှာ ... တဦးနဲ့ တဦး စာနာစိတ်ဖြင့် စစ်မှန်သော မေတ္တာထားနိုင်ဖို့က အရေးအကြီးဆုံးဟု ထင်မိသည်။

စစ်မှန်သော မေတ္တာစိတ် မွေးမြူဖို့ ဆိုသည်မှာလည်း အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲလှပါသည်။ မိတ်ဆွေ - ရန်သူ၊ ချစ်သူ - မုန်းသူ အားလုံးကို တန်းတူထားနိုင်ဖို့ တကယ်တမ်းက မလွယ်လှ။ ကိုယ်တိုင်လည်း မေတ္တာတွေ ဘယ်လို ပွါးနေပေမဲ့ စစ်မှန်စွာ မေတ္တာမထားနိုင်။ ဒါကြောင့်လည်း ကိုယ့်မေတ္တာဟာ မထိရောက်တာလေလား။

နောက်ဆုံးတော့ ...
သတ္တ၀ါအားလုံး တဦးနဲ့တဦး စာနာစွာ မေတ္တာ ထားနိုင်ဖို့ ...
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်ဖို့ ...
ဆုတောင်းရင်း ...
နှစ်အဟောင်းမှ နှစ်သစ်အပြောင်းအတွက် မေတ္တာ ဆုသာ .. တောင်းလိုက်မိ ပါတော့သည်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၂၈၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၃ နာရီ ၁၅ မိနစ်

2 comments:

နှင်းပွင့်ဖြူလေး said...

အစ်မ မေတ္တာ ဆုတောင်းနဲ့
နှစ်သစ်ကြီးလှပါစေ ...လို့ အစ်မတောင်းတဲ့ ဆုနဲ့ ပြည့်ပါစေ
:-)
့Happy New year ............. !!!!!!!!!

တန်ခူး said...

မေပို့သသောမေတ္တာကြောင့် ကမ္ဘာကြီးငြိမ်းချမ်းပါစေ...