Monday, November 27, 2006

ကျမနဲ့ ဆံပင်

အမျိုးသမီးတွေရဲ့ ကောင်းခြင်းငါးဖြာထဲမှာ ‘ဆံပင်ရဲ့ကောင်းခြင်း’ ကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ရှေးခေတ်ကတော့ ‘မိန်းမတို့ဘုန်း ဆံထုံး’ ဆိုတဲ့စကားအရ မိန်းကလေးတွေဟာ ဆံပင်ကို တမြတ်တနိုးနဲ့ အရှည်ထားကြပြီး ဆံထုံးပုံစံ အမျိုးမျိုးထုံးဖွဲ့တန်ဆာဆင်ကြတယ်။
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေဟာ အရင်ကလို ဆံထုံးပုံစံအမျိုးမျိုးတွေနဲ့ တန်ဆာမဆင်ကြတော့ပေမဲ့ ဒီဆံပင်တွေကိုပဲ ကောက်လိုက် ဖြောင့်လိုက် နီလိုက် ညိုလိုက်နဲ့ လှမယ်ထင်ရာ အမျိုးမျိုး ပြုပြင်နေကြဆဲ - ဆံပင်အတွက် ငွေနဲ့ အချိန်တွေ အကုန်ခံနေကြဆဲပါပဲ။
ဒါဖြင့် ကျမကရော …
***
ကျမ အနေနဲ့ ပြောရရင်တော့ ဆံပင်အရှည်တခါမှ မထားခဲ့ဖူးပါဘူး။ ကျောင်းတက်တုန်းက မနည်းအောင့်အီးပြီး ထားခဲ့လို့ ပခုံးကျော်ကျော်လောက်ထိ ရှည်ဖူးပါတယ်။ နောက်တော့ ဒီဆံပင်ကိုလျှော်ရတာ၊ ခြောက်အောင် သုတ်ရတာ၊ ဖြီးရသင်ရတာ အလုပ်ရှုပ်လွန်းအားကြီးလို့ တိုတိုပဲပြန်ညှပ်ခဲ့ပါတယ်။
ကျမက စိတ်မရှည်တာလဲ ပါတယ် .. ဆံပင်အတွက်နဲ့ အချိန်ကုန်မခံချင်တာလဲ ပါပါတယ်။
ကျမ ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင် မသုတ်လို့ အဖေက မျက်နှာသုတ်ပုဝါလေးနဲ့ ခြောက်တဲ့ထိ သုတ်သုတ်ပေးတတ်တယ်။ ဒရိုင်ယာရဲ့ အပူငွေ့ကိုလဲ မခံနိုင်လို့ ဒရိုင်ယာ သိပ်မသုံးပါဘူး။ တခါတလေ ဆိုင်မှာ ခေါင်းလျှော်ရင်လဲ ဒရိုင်ယာမသုံးဖို့ ပြောရပါတယ်။

ကျမဟာဆံပင်တိုပဲထားပြီး ဆံပင်ကိုလဲ တန်ဆာဆင်လေ့မရှိပါဘူး။ ဒီအသက်အရွယ်ထိ ဆံပင်တိုနဲ့ပဲ နေခဲ့တဲ့အတွက် ကျမဟာ ဘုန်းမရှိတဲ့ မိန်းမ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဆံထုံးမှ မထုံးဘဲကိုး။ ဘွဲ့ယူတုန်းကလဲ ဆံပင်တိုနဲ့ပါပဲ။ သူများတွေ မိတ်ကပ်ထူထူ မျက်နှာပူပူနဲ့ ဆံထုံးလေးလေးကြီးတွေတပ်ပြီး ဇက်ခိုင်နေချိန်မှာ ကျမက သာမန်ပြင်ဆင်မှုနဲ့ ဆံပင်တိုတိုနဲ့ လွတ်လွတ်လပ်လပ်ပါပဲ။ ကျမ သူငယ်ချင်းတွေဆို အဲဒီမိတ်ကပ်ထူထူ ဆံပင်လေးလေးကြီးနဲ့ တနေကုန် ဒုက္ခခံဖို့အရေး အခြောက်ဆီမှာ စောစောစီးစီး သွားတန်းစီရသေးတယ်တဲ့။ စိတ်ရှုပ်မခံနိုင်တဲ့ ကျမဟာ အလုပ်ရှုပ်မဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါတယ်။

ဆံပင်နဲ့ပတ်သက်ပြီး အလွတ်လပ်ဆုံး အချိန်ကတော့ ကျမ သီလရှင်ဝတ်တုန်းကပေါ့။
သီလရှင်ဘ၀ … ရိပ်သာမှာ အိပ်ရာဝင်ချိန် ကတုံးနဲ့ ခြင်ထောင်နဲ့ ငြိတဲ့အခါကလွဲလို့ အင်မတန်ပေါ့ပါးလွတ်လပ်လို့ တော်တော် သဘောကျမိပါတယ်။ တသက်လုံး ကတုံးနဲ့နေရင် မသင့်တော်လို့သာ ဆံပင်အရှည်ပြန်ထားခဲ့ရတာ။
ဒါကြောင့်လဲ ဘုရားက ရဟန်းတွေကို ဆံပင်ရိတ်ပယ်ဖို့ ပညတ်ခဲ့တာ ဖြစ်မယ်။ ဆံပင်မရှိခြင်းဟာ ဒုက္ခတခု ငြိမ်းတယ်လို့ ကျမကတော့ ထင်မှတ်မိပါရဲ့။
***
ယောကျာ်းလေးတွေလဲ မိန်းကလေးတွေလောက် မဟုတ်ပေမဲ့ ဆံပင်ကို သ’ ကြတာပါပဲ။
ထောင်လိုက် လှဲလိုက် ကရင်မ်လိမ်းလိုက် ဂျဲလ်လိမ်းလိုက် အရောင်ဆိုးလိုက် သူတို့လဲ သူတို့ဟာနဲ့သူတို့ ရှုပ်နေတာပါ။
သူတို့ဆံပင်နဲ့ သူတို့ရှုပ်လို့ အားမရသေးဘူး … သူတို့ရဲ့ မိန်းကလေးတွေကိုလဲ ဆံပင်ရှည်မှ ပိုနှစ်သက်လေ့ ရှိကြပါတယ်။ (များသောအားဖြင့်ပြောတာပါ၊ အားလုံးဟုတ်ချင်မှဟုတ်မယ်)
ကျမ သူငယ်ချင်းတယောက်ဆိုရင် သူသဘောကျတဲ့ ကောင်မလေး ဆံပင်ဖြီးရင်း ကျွတ်ကျသွားတဲ့ ဆံပင်တမျှင် နှစ်မျှင်ကို ကောက်ယူပြီး စာအိတ်ထဲထည့် နေ့စွဲထိုးပြီးတောင် သိမ်းထားပါသေးတယ်။
လူတွေဟာ ချစ်မိပြီဆိုရင် အဲဒီလောက်ထိ ရူးသွပ်ကြတာနော်။

ဒါပေမဲ့ ကျမ စဉ်းစားကြည့်မိတယ် … ။
ဆံပင်ကို မြတ်နိုးတဲ့သူတွေ .. တယုတယ လုပ်နေတဲ့သူတွေ …
ဆံပင်ဆိုတာ ဦးခေါင်းထက်မှာသာ နှစ်သက်မြတ်နိုးစဖွယ်ဖြစ်နေပေမဲ့ .. ဟင်းပန်းကန်ထဲ ရောက်နေတဲ့ ဆံချည်တမျှင်ကို ဘယ်သူက နှစ်သက်မြတ်နိုးပြီး တယုတယ လုပ်နေကြဦးမှာလဲ … ။
နှာခေါင်းရှုံ့ပြီး ဒီဟင်းတခွက်လုံးတောင် စားချင်မှ စားတော့မယ် .. ။ ကိုယ်သိပ်ချစ်တဲ့သူရဲ့ ဆံပင်တမျှင်ပဲဖြစ်စေ ဟင်းခွက်ထဲ ရောက်သွားတော့ ရွံစရာဖြစ်သွားပါရောလား။
***
ကျမက အဲဒီလို မကြာခဏ ကြုံခဲ့ရဖူးလို့ပါ။
ကျမရဲ့ အတိတ်ဘ၀က အကုသလ၀ိပါက်ပဲ ထင်ပါရဲ့။ အစားအသောက်တခုခု အားလုံးနဲ့တူတူ စားနေရင်တောင် ကျမ စားတဲ့ ပန်းကန်ထဲ ဆံပင်ချည် ပါလာတတ်လို့ အစားပျက်ရတာ ခဏခဏ။
ဒီလို ဆံပင်ပါလာတဲ့ အစားအသောက် ဘယ်လောက်ပဲ စားလို့ကောင်းနေပါစေ … ကျမ ဆက်စားလို့ မရတော့ပါဘူး။

ဒါကြောင့် ကျမအနေနဲ့ကတော့ ဆံပင်ဆိုတာ ဦးခေါင်းထက်မှာ ဖုံးလွှမ်းကာရံထားတဲ့ အကာအကွယ်တခု ဆိုတာကလွဲပြီး ဆံပင်ကို သိပ်ခံစားလို့မရပါဘူး။ နေ့စဉ် ၀တ္တရားအရ သူ့ကို ဖြီးသင်ပေးရတယ်၊ လျှော်ဖွပ်ပေးရတယ်၊ မပျက်စီးအောင် ထိန်းသိမ်းပေးရတယ်။ ဒါကလွဲလို့ စွဲလမ်းစရာ မရှိဘူးလို့ ထင်မိပါတယ်။
ဒါကတော့ ကျမအထင်ကိုး … ။

များသောအားဖြင့်ကတော့ အဲဒီဆံပင်တွေကိုပဲ မရိုးနိုင်အောင် တီထွင်ကြံဆ လှပအောင် တန်ဆာဆင်ကြတာမို့ ဆံပင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ဘီးတွေ ကလစ်တွေကအစ ကောက်-ဖြောင့်တဲ့ ကိရိယာတွေ ဆေးတွေ အဆုံး စီးပွါးရေးသမားတွေကလဲ ပါးနပ်စွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေကြဆဲ။
ခေတ်ကာလ အမျိုးသမီး အမျိုးသားတွေကလဲ ပျော်ရွှင်စွာ သုံးစွဲ ဖန်တီးနေကြဆဲပါပဲ … ။
***

15 comments:

Anonymous said...

ko ka daung ka dot.. ka done nae bel nay del.. hehee..

kadaung nyin thar

မေဓာဝီ said...

အဲဒါ အေးတာပဲ .. တကယ်သဘောကျတယ် .. ကျမက မိန်းကလေးဖြစ်နေလို့။

TZA said...

ပုံလေးကချစ်စရာလေး..

ဒါနဲ့ စာလုံးပေါင်း အမှန် ပြောပြတဲ့အတွက် ကျေးဇူးပါ အစ်မ..

Chit Lay Pyay said...

မမ က လွတ်လွတ်လပ်လပ်နေချင်လို့ရယ်၊ အလှအပမကြိုက်လို့ရယ် ဖြစ်မှာပါ၊ များသောအားဖြင့်အလှကြိုက်တဲ့မိန်းကလေးတိုင်းဆံပင်ကိုအမျိုးမျိုးလုပ်ကြတာပဲ၊ ကိုယ်ရဲ့ရုပ်ရည်ကိုပြောင်းလဲနိုင်တာ ဆံပင်ကအဓိကပဲ၊ ကိုယ်ဆံပင်လေးကသေသေသပ်သပ်နဲ့ပုံကျပြီး ကိုယ်နဲ့လဲလိုက်ဖက်တယ်ဆိုရင် ကိုယ်ကိုယ်ကို ယုံကြည်မှုတောင်ရှိလာနိုင်တယ်၊ ဒါ ကိုယ်တွေ့ပါ၊ ညီမကတော့ဆံပင်ရှည်တာကြိုက်တယ်၊ ကြိုက်တဲ့အတွက် ဒီဆံပင်အတွက်အလုပ်ရှုပ်တယ်လို့ကိုမထင်မိတော့ဘူး၊

မေဓာဝီ said...

ပြောသာပြောရ .. ကြိုက်ပါ့မလားလို့ ကိုသန့်ဇင်အောင်ရေ ..
ကျမကလဲ နဲနဲလျှာရှည်လိုက်ရမှဆိုတော့ .. :P
***
ချစ်လေပြေ .. အင်း .. ဟုတ်တယ်ညီမရေ ..
ဆံပင်ရှည်ရှည် လှလှကောင်မလေးတွေတွေ့ရင် ငေးတောင်ကြည့်ရပါတယ်။
ကိုယ်ကသာ ကရိကထများလို့ မကြိုက်တာပါ။

Anonymous said...

ကျွန်တော့်ပုဂ္ဂလိက အမြင်ကတော့....
ကျွန်တော်ကတော့ ဆံပင်တင်မကဘူး ဘာအမွှေးဖြစ်ဖြစ် လိုအပ်လို့ပေါက်တယ်ဘဲထင်တယ်။
ဒါပေမယ့် ပြုပြင်သင့်တဲ့(ဖြီးသင်၊ ညှပ်၊ ရိတ်) ကိစ္စတွေလိုလာရင်လည်း သာမန်အလုပ်တစ်ခုလို့
သဘောထားလိုက်ရင် ပြဿနာမများဘူးလို့ယူဆမိပါရဲ့။ တချို့လူတွေပြောသလိုပြောရရင်
My hair is my flag ပေါ့ဗျာ။ ဥပမာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Koizumi, အဆိုတော်Elvis Presley
တို့ကထူးခြားတဲ့ဆံပင်ပုံရှိပြီး မင်းသားကြီး Yul Brynner, မဟတ္တမဂန္ဓီ, လူရွှင်တော် ဇာဂနာ
တို့ဆိုရင် နာမည်ကြီးဂတုံးတွေပေါ့ဗျာ။ သူငယ်ချင်းတစ်ယောက်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့
ထိပ်ပြောင်လာလို့ ဂတုံးတုံးထားတာ အခုဆို ၂-၃ရက်တစ်ခါလောက်တုံးနေရလို့ အလုပ်ရှုပ်
လိုက်တာလို့ ငြီးနေလေရဲ့။

Anonymous said...

မမေ
ဗွီဒီယို ရုပ်ရှင်တွေမှာ မြင်ဖူးပါတယ်။ တင်အောက်လောက် ရှည်တဲ့ ဆံပင်ကို
ဘယ်လွဲလိုက် ညာလွဲလိုက်... စနေ အနေနဲ့ နည်းနည်းမှ ခံစားလို့မရခဲ့ဘူး။
ခုခေတ်ကလဲ ရုပ်မလှချင်နေ ဆံပင်ရှည်ရင် မင်းသမီးလုပ်လို့ ရပြီ ဆိုတဲ့
ခေတ်လားမသိဘူး။ မိန်းမတို့ဘုန်း ဆံထုံးဆိုတာမှန်ပေမဲ့ ဒီ(၂၁)ရာစု မှာ
တော့ ရှည်သင့်တာထက် ရှည်နေတာတော့ မကောင်းလောက်ဘူးထင်တယ်နော်။
အရှည်ထားမယ်ဆိုရင်လဲ စုစည်းထားတာ ပိုကောင်းတယ် .. လမ်းသွားရင်
ဖားလျားကြီးချပြီးသွားရင် ဟိုငြိဒီငြိနဲ့ လေများ တချက်တိုက်လိုက်ရင် ရှုပ်ပွကုန်ရော..
စနေဆံပင်က အမြဲလည်ကုတ်ကျော်ပဲ.. ဒီထက်ရှည်ရင် ရုပ်ပိုရင့်တယ် ဆိုလို့ ဟီး....
အရောင်ဆိုးရတာတော့ ကြိုက်တယ်... အော်.. တချို့ ယောကျာ်းလေးတွေ ဆံပင်ရှည်
ထားပြီး ပြောင်သိမ်းပြီး စည်းထားရင် အရမ်းမိုက်တယ်နော်...
ဒါပေမယ့် သူတို့က ပုံမှန် လျှော်လားမသိဘူး... ဟီး..

ကလိုစေးထူး said...

မိန်းမတို့ ဘုန်း၊ ဆံထုံးဆိုတာကို လက်ခံတဲ့ အထဲမှာ ကျနော်လဲ မပါပါဘူး။ ဘာလို့လဲ ဆိုတော့ ဘုန်းကံဆိုတဲ့ အဓိပ္ပာယ်က မြင့်မြတ်ခြင်းဆိုတော့ ဆံထုံးရှိမှပဲ မြင့်မြတ်မယ်လို့ မယုံကြည်လို့ပါ။ ဒါပေမယ့် သာမန်အားဖြင့်တော့ အမျိုးသမီးတယောက်ဟာ တိုကပ်ကပ် ဆံပင်နဲ့စာရင် အတန်ငယ် ရှည်လျားတဲ့ ဆံပင်ကို ပိုင်ဆိုင်ရင်တော့ ကြည့်ကောင်းသလိုလိုတော့ ထင်မိပါတယ်။ အရမ်းကာရောကြီး ရှည်နေရင်တော့လဲ အဲဒီ ဆံပင်ကို ထိန်းသိမ်းရတဲ့ ဒုက္ခက အတော်ကြီးတဲ့ အပြင် တခြားသော လုပ်ငန်းဆောင်တာတွေကိုပါ အဲဒီဆံပင်ကို ပေးရတဲ့ အချိန်တွေကြောင့် ထိခိုက်နိုင်တာပေါ့။ နောက်ပြီး အချိန်ကုန်ခံ ချက်ထားတဲ့ ဟင်းလျာ၊ ဒါမှမဟုတ် စားသောက်စရာထဲမှာ ဆံပင် တချောင်းတလေ ပါတာကို မကြာခဏ တွေ့ဖူးပါတယ်။ ကျနော်ကတော့ ဖယ်ရှားပြီး စားလိုက်တာပါပဲ။ အဲဒါကို မဖယ်ပဲ စားရလောက်တဲ့ စားဝတ်နေရေး ပြေလည်မှုမျိုးလဲ ကျနော့် ဘ၀မှာ မပိုင်ခဲ့ဘူးဖူးလေ။

မေဓာဝီ said...

ကိုဒီးဒုတ်ပြောတာဟုတ်ပါတယ်.. လိုအပ်လို့ပေါက်တာပါပဲ။ သို့ပေသိ တန်ဆာဆင်လွန်းတာကို ကျမက ပြောလိုရင်းပါ။ လိုအပ်လို့ ဖြီး လျှော် ညှပ်လုပ်တာကတော့ လုပ်ရမှာပဲပေါ့။ မဟုတ်ရင် ..ဘေးလူတွေဒုတ်ခများဖွယ်ရာရှိတယ်လေ။ ကတုံးဆိုတော့ ဖြီး လျှော် ညှပ် စရာမလိုဘူး .. ရိတ် တမျိုးပဲ လိုတော့တာလေ။ ကရိကထက နဲနဲတော့ သက်သာဖွယ်ရှိတာပေါ့။ ဒါကြောင့်လဲ ရဟန်းသံဃာတွေကို အမှု ကိစ္စနည်းပါးအောင် ဦးပြည်းကတုံးထားခိုင်းတာ မဟုတ်လား။
စနေ ပြောသလိုပဲ ဆံပင်ရှည်ကြီးဖားလျားချပြီး တယမ်းယမ်းလုပ်တာတော့ မမေလဲ မျက်စိထဲမတွေ့ဘူး။ အရင်ခေတ်ကဆို အပူသည်မှ ဆံပင်ဖားလျားချတာလို့ပြောကြတယ်နော်။
အဲဒီရှည်ရှည်လာတဲ့ဆံပင်ကို ဆိုင်သွားပြီး ညှပ်ညှပ်နေရတာကိုက အလုပ်ရှုပ်လွန်းလို့ တခါညှပ်ပြီး တသက်လုံး ခံရင်ကောင်းမယ်လို့ ခဏခဏ စဉ်းစားမိတာ။ အဲလိုသာဆို ဆံပင်ညှပ်ဆိုင်တွေတော့ အလုပ်ရှိတော့မှာမဟုတ်ဖူးနော်။

TZA said...

ဟာဗျာ.. ကိုယ့်အမှားကို စေတနာနဲ့ ထောက်ပြတဲ့ဟာကို ကြိုက်တာပေါ့ဗျာ.. နောက်ဆို သိပ်မသေချာတဲ့ စာလုံးတွေရှိရင် ဒီမှာအရင်လာမေးမယ်.. ဟေဟေ့..

Anonymous said...

ဆံပင်ကို မိန်းကလေးအနေနဲ့ ပခုံးလောက်ဖြစ်ဖြစ်၊ ကျောလယ်လောက် ဖြစ်ဖြစ်ဆိုကောင်းပါတယ်။ အဲ့ဒီ့ထက် ရှည်သွားမယ် ဆိုရင် မကောင်းဘူး။ မင်းသမီး အသိတစ်ယောက်ရှိတယ်။ ဆံပင်က ခြေမျက်စိထိရှိတယ်။ သူအိမ်သာသွားရင် အတော် ဒုက္ခရောက်မှာပဲလို့ တော်တော်အတွေးနက်ခဲ့တယ်။ ကျွန်တော်လည်း ပုခုံးထောက်အောင် ထားဖူးတယ်။ ဒါပေမယ့် နွေရာသီ ရောက်လို့ ရှိရင် စိတ်ပျက်စရာကြီး၊ ပြီးရင် ခေါင်းလျှော်ရတဲ့ အချိန်ကလည်း ပိုလာတယ်။ ဘုန်း နဲ့ ဆံထုံး ကတော့ သိပ်သဘာဝ မကျဘူး။ ဒါဆိုရင် ဘုန်းရှိတဲ့ ဆံပင် ကျသွားတဲ့ ဟင်းကို မစားကြတာ ဘာလို့လဲ။ bytheway, ကာတွန်းပုံလေးကို မြင်တော့ Michael Jackson ရဲ့ heal the world သီချင်းလေးကို ပြေးမြင်မိတယ်။

Anonymous said...

ma may, cartoon pon ne, kat sin sin so yin daw, ma may ka, pay kat kat nay hmar pe naw?

Anonymous said...

မမေ
မဂ္ဂဇင်းတစ်ခုမှာ ဆရာဝန်နဲ့ဆွေးနွေးထားတာကတော့ လူတစ်ကိုယ်လုံးမှာရှိတဲ့ အမွှေးတွေက သူ့နေရာနဲ့သူအသုံးဝင်နေလို့ ပေါက်နေတာ၊ လူဟာမျောက်ကနေဆင်းသက်လာတယ်ဆိုပေမယ့် လက်မွှေး၊ မျက်နှာမွှေးတွေ တိုသွားတယ် ဆံပင်ဆိုတာကလဲ ငယ်ထိပ်ကို နေရောင်တည့်တည်ထိုးရင် ဦးဏှောက်ပူလို့ သက်သာအောင် ထားပေးထားတာ၊ ပြီးတော့ချိုင်းမွှေးနဲ့ ဆီးခုံမွှေးတွေကတော့ လှုပ်ရှားသွားလာနေတဲ့အခါမှာ အသားချင်း မပွန်းမပဲ့ရအောင် ရှိနေကြတာ၊ ပြီးတော့ လက်မွှေးနဲနဲရှိတယ်ဆိုတာကလဲ အေးတဲ့ရာသီမှာ ကြက်သီးထတယ် အမွှေးထောင်တယ် ဘာလို့လဲဆိုတော့ သူက လူ့ရဲ့ခန္ဓာကိုယ်က အပူဓါတ်ထုတ်လွှတ်တဲ့ခါမှာ ဒီအမွှေးတွေကနေတဆင့် အပြင်ကိုပျံ့မသွားအောင် သူတို့က ထိန်းသိမ်းပေးတယ်လို့ ဖတ်ရတယ်။ ဟိ ဆရာဝင်လုပ်ထားတယ်....

ပြီးတော့ မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ ယောက်ျားတွေတော်တော်များများတွေ့ဖူးတယ်၊ သူတို့အလိုလိုက်နေတဲ့ မိန်းမတွေလဲ ရှိနေသေးတာကိုး၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်ရင်တော့ ကောင်းကြတာချည်းပါပဲ

သူကြီးမင်း (တုံးဖလား) said...

ဆံပင် ကြောင့်ကြ
သောဠသတဲ့
ဓမ္မအလုပ်
သူဝင်ရှုပ်ပြီး
ငုတ်တုတ်ထိုင်ကာ
ပြုပြင်ရာ၏။

ဆံထုံး ကတုံး
ဆိုသည့်ထုံးမှာ
ဘယ်ဘုန်း ဘယ်ကံ
ဘယ်ဘုန်းကံမှ
အမှန်မရှိ
ဟန်သာရှိ၏။

လက်ရုံး ဆံထုံး
ကတုံး ဗိုလ်ကေ
တိုရှည် ကေသာ
ထိုအရာ၌
သမ္ဘာ ဘုန်းကံ
ဘုန်းမီးလျှံဟု
ထိစံမရှုံး
ထုံးစံမရှိ
စိတ်ဝယ်သိလော့။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

Anonymous said...

"myat nhar hla chin sa pin pyin tae" ae dar gyout sa pin lay hla pa phoe ko htoo tha baw kya mi par tal