Sunday, November 26, 2006

ကဗျာ - အသံ - ကာရံ - သတ်ပုံ

ကဗျာ အသံ***
လေပြေငယ်သုတ်ပါလို့ ..
ရွှေဘုတ်ကယ်အိုးအီ … အစချီတဲ့ ကဗျာလေးကို ကျမတို့ငယ်ငယ်က ကျောင်းသင်ခန်းစာထဲမှာ သင်ခဲ့ရတယ်။ ကဗျာခေါင်းစဉ်က “ဘယ်မြို့ပုံ သာပါလိမ့်” လို့ မှတ်မိနေပါတယ်။
အဲဒီကဗျာလေးထဲမှာ
“ထက်ဆင့်နီရောင်၊ ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ၊ သနပ်ခါးကွက်ပါးမှာကူလို့ …” ဆိုတဲ့အပိုဒ်လေး ပါပါတယ်။
ဒီအပိုဒ်လေးကို ကျမတို့ကျောင်းမှာ ရွတ်ဆိုကြတော့
“သနပ်ခါး - ကွက်ပါးမှာ ကူလို့” ဆိုပြီး ဆရာမက ချပေးတဲ့အတိုင်း ဆိုခဲ့ကြတယ်။ အဲဒီအတိုင်းပဲ နားထဲစွဲနေခဲ့တယ်။

ဒီလိုနဲ့ ကျမမောင်လေး အဲဒီကဗျာသင်ရတဲ့အရွယ်ရောက်လာတော့ … သူ ဒီကဗျာဖတ်တဲ့အခါ
“သနပ်ခါးကွက် - ပါးမှာကူလို့” ဆိုပြီး ဖတ်ပါတယ်။ ကျမက သူမှားနေတယ်လို့ပြောရင်း ကျမနဲ့ သူ ငြင်းကြရော ဆိုပါတော့။

နောက်တော့ .. ဒီကဗျာကို သေသေချာချာ တကြောင်းချင်း အသံနေအသံထားနဲ့ အဓိပ္ပါယ်ပေါက်အောင် ဖတ်ကြည့်ပြီးတဲ့အခါ .. မောင်လေးဖတ်တာက မှန်နေတယ်လို့ သိလိုက်ရတယ်။ (သူမှန်တယ်ဆိုတာကလဲ သူ့ဆရာမ သင်တာမှန်လို့ပါ။) ကျမက ကိုယ်မှားတာ ၀န်ခံရင်း ငါတို့ဆရာမက ဒီလိုပဲသင်ခဲ့လို့ ဒီလိုပဲစွဲနေကြောင်း ပြောပြခဲ့တယ်။ (ကိုယ့်အမှားကို ဆရာမဆီ လွှဲချတဲ့သဘောပေါ့)

တကယ်တော့ ကဗျာတွေဖတ်မယ်ဆိုရင် အသံထွက်ပြီး အသံနေအသံထားနဲ့ ဖတ်သင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင် စိတ်ထဲကဖတ်လို့ ကိုယ်ဖတ်တဲ့ အဖြတ်အတောက် မှားတဲ့အခါ ကဗျာဆရာဆိုလိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်ပါ ပျောက်သွားတတ်တယ်။

နောက်တခုကတော့ အသံထွက်မှားတတ်တဲ့ ကိစ္စပါ။ မြန်မာစာမှာ ‘ရေးတော့အမှန် ဖတ်တော့အသံ’ ဆိုပေမဲ့ … တခါတရံတော့ … ဖတ်တဲ့အခါလဲ အမှန်ပဲ ဖတ်ရတာမျိုးလဲ ရှိပါတယ်။ ဥပမာ …

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။

ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ လယ်စောင့်တဲ ကဗျာကိုကြည့်မယ် ဆိုရင် …
‘ရှည်’ ကို ‘ရှေ’ လို့ ကျမတို့ အမြဲဖတ်ကြရပေမဲ့ .. ဒီကဗျာမှာတော့ အဲဒီလို အသံမထွက်ရပါဘူး။ ခြေတံရှီ လို့သာ ဖတ်ရပါတယ်။
ဒါမှသာ မိုးကုတ်အောက်မှာတည်(တီ) ဆိုတာနဲ့ ကာရံကိုက်မှာပါ။
နောက် .. ကြာနီ နဲ့ ပြန်ကာရံယူထားတာ ဖြစ်ပါတယ်။

ဒီကဗျာလေးကို ဆောင်းပါးတပုဒ်မှာ ယူသုံးထားတဲ့ ညီမငယ်တယောက်ဟာ အမှတ်တမဲ့ဖြစ်ပြီး
“လယ်စောင့်တဲလေး ခြေတံရှည် (ရှေ)
မိုးကုတ်အောက်မှာ နေ ..” လို့ မှားရေးထားတာ တွေ့လိုက်ရလို့ ပြန်ပြင်ပေးခဲ့ရဖူးပါတယ်။
***

ကဗျာ ကာရံ***
နောက်တခုကတော့ ကာရံရဲ့သဘောကို နားမလည်လို့ တိုင်းသိပြည်သိ မှားယွင်းခဲ့တဲ့ အဖြစ်ကလေးတခုပါ။
အများသိတဲ့အတိုင်း … ၁၂ လရာသီ မိုး ကဗျာမှာ ..

တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့
နယုန်မိုးသေး၊ မြက်သားမွေး .. စသဖြင့် ရှိပါတယ်။

သင်္ကြန်မိုးဇာတ်ကားရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ အဲဒီကဗျာကို ယူသုံးထားတယ်။
ဒါပေမဲ့ လွဲနေပုံကိုကြည့်ပါအုံး။

“တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး” တဲ့။

မှတ် နဲ့ ဆွတ် ကို ကာရံမညီဘူးဆိုပြီး မွတ် လို့ ပြင်လိုက်ပုံရပါတယ်။
ဇာတ်ကားတခုလုံး ကောင်းလာပြီးမှ (အထင်တကြီးနဲ့ ကြည့်လာပြီးခါမှ)နောက်ဆုံးခန်းက အဲဒီကဗျာကို သွားတွေ့လိုက်တော့ တော်တော်လေး စိတ်ပျက်သွားခဲ့ဖူးပါတယ်။
တကယ်တော့ တ-သတ် (တ်) အချင်းချင်းကို ယူထားတာပါ။

အဲဒီလိုပုံစံကို အနန္တသူရိယအမတ်ကြီးရဲ့ “သူတည်းတယောက် … ” အစချီ မျက်ဖြေလင်္ကာမှာလဲ တွေ့နိုင်ပါတယ်။
“ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ …”
အဲဒီမှာလဲ နောက် ယူသုံးမဲ့လူတွေက … ‘သတ်’ နဲ့ ‘လွှတ်’ ကာရံလွဲနေတယ်ဆိုပြီး “ငါ့အားမသွတ်” လို့ သွားပြင်လိုက်ရင်တော့ ဒုက္ခပါပဲ …. ။
***

ကဗျာ သတ်ပုံ***
တခါတရံ ကဗျာဆရာဟာ ကာရံကိုငဲ့ပြီးတော့ စာလုံးပေါင်းပြင်ပေါင်းလေ့ရှိပါတယ်။
ဒါကို ခုခေတ် ပြန်ရိုက်နှိပ်ကြတဲ့အခါမှာ လက်ရှိ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကြီး အားကိုးနဲ့ လျှောက်ပြင်ကြတယ်။ အဲဒီလိုပြင်တော့ ဘာဖြစ်တုန်းဆိုရင် … ကဗျာက ပျက်သွားပါလေရော… ။

ကျမ ဆယ်တန်းဖြေပြီးကျောင်းပိတ်ထားချိန်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး အရိုးကျိုးသွားလို့ အိပ်ရာထဲ နှစ်ပတ်လောက် မလှုပ်မယှက် နေခဲ့ရတယ်။ အိပ်ရာထဲကမထနိုင်တဲ့ကျမဟာ စိတ်ဓာတ်ကျကျနဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို အလွတ်ရသည်အထိ အခေါက်ခေါက်ဖတ်ခဲ့တယ်။
အဲဒီတုန်းက ဖတ်ခဲ့တဲ့ စာအုပ်လေးက အခု ဘယ်ရောက်နေမှန်း မသိတော့ပါဘူး။ အခု တတိယအကြိမ်နှိပ်တဲ့ ဗေဒါလမ်း စာအုပ်ဝယ်ပြီး ပြန်ဖတ်တော့ တလွဲတွေဖြစ်နေသလို ခံစားရပါတယ်။
ဒီမှာကြည့်ပါ … ။

“… …. …
မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလည်း
ညဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနည်း။” လို့ ရိုက်ထားတာကို တွေ့ရတယ်။

တကယ်ဆိုရင် အဲဒီအထက်က စာပိုဒ်တွေမှာလဲ ‘အဲ’ - ကာရံ နဲ့ အဆုံးသတ်ထားတာပါ။
မမီလိုက်လေလည်း မှာ ‘လည်း’ ကို ‘လဲ’ လို့ ဖတ်တယ်ဆိုရင်တောင်
ပန်းဗေဒါနည်း … ဆိုတာမှာ ‘နည်း’ ကို ‘နီး’ ပဲ ဖတ်ကြမှာပါပဲ။ ဘယ်သူမှ ‘န’ဲ လို့ ဖတ်မိမှာမဟုတ်ပါဘူး။
ဒီတော့ ကာရံမကိုက်ဖြစ်နေပါရောလား။

အမှန်ကတော့ …
“မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလဲ
ညဥ့်ဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနဲ။” လို့ ဆရာဇော်ဂျီက ရေးခဲ့တာ ဖြစ်ပါတယ်။
ကာရံကို ငဲ့လိုက်တဲ့အတွက် စာလုံးပေါင်းကို ‘နည်း’ မရေးဘဲ ‘နဲ’ လို့ပြင်ရေးလိုက်တာပါ။
အဲဒီလိုမျိုး ဗေဒါလမ်းကဗျာတွေထဲမှာ တော်တော်များများ တွေ့ရပါတယ်။
နောက်တပုဒ်ကိုကြည့်ပါ … ။

“မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ၊ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။”

အဲဒီသဘောပါပဲ။ စာလုံးပေါင်းအမှန်ဆိုရင် “ဗေဒါခင် ဖြစ်နည်း” လို့ ရေးရမှာပေါ့။
ဒါပေမဲ့ ကဗျာဆရာဟာ ကာရံကိုငဲ့ပြီး ဒီလို စာလုံးပေါင်းထားတယ်ဆိုတာကို စာရှုသူများ သဘောပေါက်တယ်ဆိုရင် ဒီခေတ် သတ်ပုံကျမ်းကြီးကိုင်ပြီး လျှောက်ပြင်နေတာ သဘာဝမကျဘူးလို့ ကျမကတော့ ပြောချင်ပါရဲ့။
***
(အမှားပြင်ဆင်ချက်။ ။ ဤပို့စ်တွင်ပါရှိသည့် ကာရံဟူသော စာလုံးတိုင်းအား ကာရန်ဟု ပြင်ဆင်ဖတ်ရှုပါရန်)

7 comments:

hana said...

ကျေးဇူးအများကြီးတင်ပါတယ်..မမေ။
လယ်စောင့်တဲလေးက ဟနလေ။
မမေ ပြင်ပေးလိုက်မှ ပဲ...နို့မို့ဆို အရှက်လှလှကွဲမယ်။
ဆောင်းပါးရေးတုန်းက..
တော်သေးတယ်။ ဟနဆီမှာဆရာကောင်းတွေရှိလို့...
ပန်းကောင်း

hana said...

ပန်နိုင်အောငကြိုးစားနေပါတယ်လို့။
ကွန်မန့်ရေးတယ အယ်ရာတက်တက်နေတယ်။
အယ်ရာနဲ့ဟနရန်ဖြစ်နေတာ။

Thyda said...

Thanks for sharing knowledge.

ကလိုစေးထူး said...

ကျနော်ကတော့ ကဗျာတွေကို ဖတ်သာဖတ်လိုက်ရတယ်။ အခု အမ ဆွေးနွေးပြသလောက်ကြီး ထဲထဲဝင်ဝင် မလေ့လာမိဘူးဗျာ။ အခု အမ ဆွေးနွေးတာတွေ အရမ်းကောင်းတယ်။ လေးလဲ လေးစားပါတယ်။ ကဗျာကို သတ်ပုံ အတိအကျ လိုက်လုပ်ရတာကိုတော့ ကျနော်လဲ လက်မခံလှပါဘူး။ ကဗျာတပုဒ်ရဲ့ အဓိကပေးချင်တဲ့ မက်ဆေ့ကို သတ်ပုံက လိုက်ဖျက်သွားရင် ဘယ်ကောင်းပါတော့မလဲ။

Maydarwii said...

အဲဒါကြောင့်မို့လေ … ဘာပညာရပ်မဆို သိပ်မတတ်ခင် စ သင်ခါစမှာတော့ စည်းကမ်းဆိုတာ အတိအကျလိုက်နာသင့်ပြီး ကျွမ်းကျင်သွားရင်တော့ စည်းကမ်းဆိုတာလဲ အခြေအနေအရ တခါတရံ ချိုးဖောက်သင့်တယ်လို့ထင်တယ်။ ကဗျာမှာပဲဖြစ်ဖြစ် သီချင်းမှာပဲဖြစ်ဖြစ် .. အဲဒီလိုပဲ …တွေ့ရတတ်လို့ပါ။

nyalay said...

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲ့လေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနှင့်ပနံတင့်။
မှာ မမေ “လယ်စောင့်တဲ့”
ဖြစ်နေတယ်၊ အောက်ကမြင့်ဖြုတ်လိုက်ဦးနော်.... ဟိ :)

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော်များများ မွှေနှောက်ပြီး ခြေရာကောက်သွားခဲ့တယ်။ မေဓာက စာရေးအရမ်းကောင်းတာဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)