Thursday, November 23, 2006

ဆောင်းညချမ်း၌ လမ်းလျှောက်ခြင်း

ခါတိုင်းညနေခင်းဆိုရင် ရေမိုးချိုးပြီးတာနဲ့ အဖေနဲ့အတူ လဖက်ရည်ဆိုင်ထိုင်ကြတယ်။ သူများတွေ tea time က ၂ နာရီ ၃ နာရီ လောက်ဆိုပေမဲ့ ကျမတို့သားအဖကတော့ ၅ နာရီလောက်မှ လဖက်ရည်သောက်လေ့ရှိ ကြပါတယ်။
ဒီနေ့တော့ ကျမဆီ ဧည့်သည်တယောက် marketing လာဆင်းနေတာကို နားထောင်ပေးနေရတာနဲ့ ရေချိုးချိန် နောက်ကျသွားတယ်။ ရေချိုးပြီး အဖေ့ကိုရှာတော့ အဖေက သူ့မိတ်ဆွေအိမ်ထွက်သွားပြီတဲ့။ ဒါနဲ့ ကျမလဲ ဗိုက်ဆာဆာနဲ့ နောက်ဘက်အိမ်က အမကြီးတွေကိုဂျီတိုက်ပြီး ပဲကြမ်းကြော်သုတ်လုပ်ကျွေးခိုင်းတယ်။ သူတို့ကျွေးတဲ့ ပဲကြမ်းကြော်သုတ်နဲ့ ရေနွေးကြမ်း စားသောက်ပြီး ဗိုက်တင်းတာနဲ့ ဟိုနား ဒီနား လမ်းလျှောက်ထွက်ခဲ့တယ်။
ကျမ တခါတုန်းကရေးခဲ့ဖူးတဲ့ လမ်းကလေးဆီကိုပါ။
***
လမ်းကလေးက သစ်လွင်မနေတော့ပေမဲ့ လှပနေဆဲ။ လမ်းနဘေးမှာလဲ အလှစိုက် ပန်းပင်ကလေးတွေနဲ့ ဝေေ၀ဆာဆာရှိနေဆဲ။ ပန်းပင်လေးတွေနောက်ကွယ်က အုတ်တံတိုင်းတွေကာရံထားတဲ့ တိုက်အိမ်တွေဟာလဲ ခံ့ခံ့ညားညားရှိနေဆဲ …။
လမ်းလျှောက်နေရင်းနဲ့ တချိန်တုန်းက ဒီနေရာမှာ စိုက်ခင်း ပန်းခင်းလေးတွေ .. ဒီနေရာမှာ ရေတွင်းကလေး .. ဒီနေရာမှာတော့ သစ်သားအိမ်လေးတွေ .. စသဖြင့် ကျမ ပြန်ပြောင်းအောက်မေ့နေမိတယ်။
ဆောင်းအ၀င် ညခင်းကတော့ မနက်ခင်းတုန်းကလိုပဲ အအေးဓာတ်ငွေ့ငွေ့ကလေးနဲ့ရယ်ပေါ့။
ဆောင်းညရဲ့ ရနံ့လို့ဆိုရမလားမသိ .. ညမွှေးပန်းနံ့လို မွှေးပျံ့ပျံ့ရနံ့သင်းသင်းကိုလဲ ရှူရှိုက်မိပါသေးတယ်။
ဆောင်းညလေကို ရှူရှိုက်ရင်း … အအေးဓာတ်ငွေ့ငွေ့လေးကို ခံစားရင်း လမ်းရဲ့ အဆုံးဖက် ကားလမ်းမကြီးဆီ မရောက်ခင် အိမ်ဘက်ကို ပြန်လှည့်လျှောက်ခဲ့တယ်။ ဒီလမ်းကလေးရဲ့ တဘက်တချက်မှာ ခရေပင်လေးတွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့။
အဟောင်းတွေကို အပြောင်းအလဲ လုပ်တဲ့အခါမှာ ရုတ်တရက် လက်ခံနိုင်ဖွယ် မရှိပေမဲ့ ကြာလာတော့လဲ အလိုလို လက်ခံမိလာခဲ့ပါတယ်။
ဒါဟာ သဘာဝပဲ ထင်ပါရဲ့။
ဆရာဇော်ဂျီဘာသာပြန်တဲ့ လမ်းသစ် ဆိုတဲ့ ၀တ္ထုတိုလေး ဖတ်ရပြီးတဲ့နောက် .. ဒါကို ပိုပြီး သဘောပေါက်လာ ခဲ့ပါတယ်။
ဘယ်အရာမဆို တသမတ်တည်း အပြောင်းအလဲမရှိရင် ငြီးငွေ့စရာကြီးပဲ မဟုတ်လား။ ပြောင်းလဲမှုလေးတွေနဲ့ လှုပ်ရှားနေမှ ဘ၀ဟာ ရှင်သန်နေမှာလို့ ကျမတွေးမိတယ်။
ကျမ ဒီလမ်းကလေးကို နောက်ပြန်လှည့်ပြီး ပြန်လျှောက်လာတဲ့အချိန်မှာ အမှောင်ထုက ကြီးစိုးလာပါပြီ။
ကောင်းကင်တခုလုံးလဲ နက်မှောင်လို့ပေါ့။
လမ်းလျှောက်ရင်း ကောင်းကင်ကို မော့ကြည့်တော့
ကြယ်ပွင့်လေးတွေ ဟိုတပွင့် ဒီတပွင့်ကို တလက်လက် မြင်ရတယ်။
ဒီကြယ်ပွင့်လေးတွေထဲက တပွင့်ကြွေသွားရင် နောက်တပွင့်က အစားရောက်လာအုံးမှာပါပဲ။
ဘယ်အရာမှ မတည်မြဲဘူး မဟုတ်လား …. ။
***

3 comments:

ကလိုစေးထူး said...

ဒီက အေးလွန်းတဲ့ ဆောင်းရာသီကိုရောက်တိုင်း အနွေးထည်ပါးပါးနဲ့လဲ အဆင်ပြေနိုင်တဲ့ ရန်ကုန်ဆောင်းနဲ့.. မနက်စောစော မီးဖိုပြီး စကားဝိုင်းဖွဲ့ကြရတဲ့ နယ်ဆောင်းကို သတိရမိတယ်.. အမရေးထားတဲ့ လမ်းကလေးကို ဒီလိုဆောင်းတွင်းမှာ ပိုပြီးသွားကြည့်ချင်မိတယ်.. ဒီကဆောင်းမြင်ကွင်းနဲ့ အတော်ကွာမယ်ထင်တယ်..

hana said...

အဲဒီလမ်းလေးမှာ ဟနလည်းလျှောက်ဖူးတယ်လေ။
မမေ က ဟနကိုလျှောက်လို့ကောင်းလားမေးသေးတယ်လေ။

Maydarwii said...

- ကျမတို့ရဲ့ ရန်ကုန်ဆောင်းကတော့ မနက်ခင်းနဲ့ ညဘက်တွေလောက်သာ နဲနဲအေးသလိုလိုရှိပေမဲ့ တနေ့ခင်းလုံးတော့ အိုက်လျက်ပါပဲ … ကိုသံလွင်။

- ဟုတ်တယ်ဟန .. ဟန လည်း ဒီလမ်းကလေးမှာလျှောက်ဖူးပါတယ်။ အခုလဲ ဒီလမ်းကလေးက သာယာနေဆဲပါပဲ။ လျှောက်တဲ့သူ နည်းသွားတာက လွဲလို့ပေါ့။