Saturday, November 11, 2006

ရွှေချည် ငွေချည် တန်းပါလို့ ....



ဒီနှစ် … နှစ်ဦးပိုင်းလောက်က ကျမတို့အိမ်ကို မိုက်ကယ်လို့ အမည်ရတဲ့ အမေရိကန်တယောက် အလည်လာခဲ့ပါတယ်။ သူက ရောက်တုန်းရောက်ခိုက် ရန်ကုန်မြို့ထဲ ဟိုဟိုဒီဒီ လျှောက်သွားပြီး ကင်မရာတလက်နဲ့ ဓာတ်ပုံလျှောက်ရိုက်တယ်။ ကလေးနဲ့ ခွေးကအစ .. သူ့မျက်စိထဲ အဆန်းတကြယ် ဖြစ်သမျှတွေကို မှတ်တမ်းတင်တဲ့ သဘောပါ။
သူပြန်ရောက်ပြီဆိုရင် သူရိုက်ခဲ့သမျှပုံတွေကို ကျမက စီဒီကူးပေးရတယ်။
အခု အပေါ်မှာ မြင်ရတဲ့ပုံကတော့ သူရိုက်ခဲ့တဲ့ ပုံတွေထဲက ၂ ပုံပေါ့။
ဒီပုံကို ရိုက်ခဲ့တဲ့ သူက အံ့သြမိကြောင်းပြောပြပါတယ်။ ‘ဒါဟာ အန္တရာယ်အရမ်းကြီးတယ်’ လို့ တဖွဖွလဲ ပြောနေပါသေးတယ်။
သိသားပဲ၊ ကျမတို့ မသိလို့မှ မဟုတ်ဘဲ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။ ဒီဓာတ်ကြိုးတွေကို ကျမတို့ တက်ဖြုတ်ခွင့်မှ မရှိဘဲနဲ့။ သိသိနဲ့ ဘာမှ မလုပ်နိုင်တာတွေ ကျမတို့ဆီမှာ အများကြီးဆိုတာ သူနားလည်အောင် ကျမလဲ မပြော တတ်ပါဘူး။ ပြောရင်လဲ ကိုယ့်အရှက်ကိုယ်ခွဲ သလို .. ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်ပြန်အုံးမယ်။
ဒါနဲ့ .. ရယ်ပဲနေလိုက်တော့တယ်။ လူကြီးရှက်တော့ ရယ်တယ်ဆိုတဲ့ စကားအတိုင်းပေါ့။
ရယ်သာ ရယ်နေမိပေမဲ့ … တချိန်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်တခု ကျမခေါင်းထဲရောက်လာပါတယ်။
***
တခုသောမိုးဥတုရဲ့ တနေ့သ၌
***
အဲဒီနေ့က မြို့ထဲကနေ အိမ်ကို ကျမ တယောက်ထဲ လမ်းလျှောက်ပြန်လာပါတယ်။ တခါတလေ ရာသီဥတု သာယာရင် ကျမ နဲ့ အဖေက မြို့ထဲက အိမ်ထိ လမ်းလျှောက်ပြန်လေ့ရှိတယ်။
အဲဒီနေ့ကတော့ အဖေမပါပါဘူး။ ကျမတယောက်ထဲ … မိုးတွင်းပေမဲ့ မိုးမရွာဘဲ အုံ့အုံပျပျလေး သာယာနေတာကြောင့် လမ်းလျှောက်ပြန်လာခဲ့တယ်။
လျှောက်ရင်း လျှောက်ရင်း ပုဇွန်တောင်ရောက်လာရော .. လမ်းနဘေးက ကန်ထရိုက်တိုက်ခန်းတွဲတွေ နားမှာ လူတွေ အုံပြီး ၀ိုင်းကြည့်နေကြတာနဲ့ ထုံးစံအတိုင်း ကျမလဲ သိချင်စိတ်နဲ့ ခပ်ဝေးဝေးက လှမ်းကြည့်မိတယ်။
တိုက်တခုရဲ့ ပထမထပ်က နေရောင်ကာ (sun shade) လို အမိုးစွန်းထွက်နေတဲ့အပေါ်မှာ လဲပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေတဲ့ လူတယောက် … ။
ကိုယ်တပိုင်းက အမိုးစွန်းလေးပေါ်မှာ နောက်တပိုင်းက အောက်ကို တွဲလောင်းကျနေတယ်။
ကြည့်နေတဲ့သူတွေထဲက ပြောစကားအရ အဲဒီလူဟာ အမိုးစွန်းပေါ်တက်ပြီး တခုခုလုပ်စဉ်မှာ ပေါက်နေတဲ့ ဓာတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်ခံနေရတာ .. တဲ့။
အောက်က လူတယောက်က ၀ါးလုံးရှည်တလုံးနဲ့ ထိုးပြီး ဓာတ်ကြိုးကို ဖယ်နေတယ်။ မရပါဘူး။ ဟိုလူကတော့ တချက်တချက် ဆတ်ခနဲ ဆတ်ခနဲ လှုပ်နေတုန်းပဲ။ မသေသေးဘူးထင်ပါတယ်။ ဒါပေမဲ့ သေတော့ သေမှာပါပဲ။
လူတွေအုံနေကြပေမဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိသလိုဘဲ၊ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ကြပါဘူး။ တယောက်တပေါက် ပြောချင်တာတွေ လျှောက်ပြောနေကြတယ်။ တချို့ကလဲ မိန်းချ ဖို့ အော်ပြောနေတယ်။
EPC က တာဝန်ရှိသူတွေလဲ ရောက်မလာကြသေးပါဘူး။
ဘာမှ မတတ်နိုင်တဲ့ ကျမလည်းပဲ သက်ပြင်းသာချပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့ လူအုပ်ကြားထဲက ထွက်ခဲ့တယ်။
အနိဋ္ဌာရုံ မြင်ကွင်းကြောင့် စိတ်မသက်မသာဖြစ်မိရင်း … ဒီလို မသေသင့်ဘဲ သေခဲ့ရတဲ့ ကျမတို့ လူမျိုးတွေ တနှစ်ကို ဘယ်နှစ်ယောက်လောက်များ ရှိနေမလဲ လို့ တွေးမိတယ်။
မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့အတူ ကျမကြောက်တာ အဲဒီ ဓာတ်ကြိုးတွေနဲ့ ဓာတ်လိုက်ခံရမှာကိုပါပဲ။
ရောဂါတွေက ကုစရာဆေးရှိသေးတယ် .. သူက ဆေးမရှိပါဘူး။
ဒါပေမဲ့ .. ‘ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိရောက်တယ်’ ဆိုတဲ့စကားအရ .. ဒါမျိုးမဖြစ်အောင် ကာကွယ်ရမှာပေါ့။
ကျမတို့ဘယ်လိုကာကွယ်ကြမလဲ။ ဒီလို ဓာတ်ကြိုးတွေရှုပ်ထွေးမနေစေဖို့ .. ဆွေးမြေ့ပေါက်ပြဲနေတဲ့ ဓာတ်ကြိုးတွေကို အသုံးမပြုဖို့ .. ဓာတ်လိုက်မခံရဖို့ ကျမတို့ အိမ်မှာ ဓာတ်ကြိုးတွေမသွယ်ဘဲ ဖယောင်းတိုင်လေးတွေပဲ ထွန်းကြရင် မကောင်းဘူးလား။
***
11.11.2006
12:08 am

4 comments:

TZA said...

ရန်ကုန်မှာတုန်းက မြေနီကုန်းမှာ လမ်းသွားလမ်းလာတယောက် အပေါ်ကဓါတ်ကြိုးပြတ်ကျလို့ ပွဲချင်းပြီး ကွိသွားတယ်ကြားဖူးပါတယ်။ ဘာအသက် အာမခံမှလည်း မရှိဘူး၊ ဆိုတော့ အသက်ကို ဖက်နဲ့ထုပ်ထားတာကမှ စိတ်ချရပါသေးတယ်။

ကလိုစေးထူး said...

ကျနော် ရန်ကုန်မှာနေတုန်းကလဲ ဓာတ်ကြိုးတချောင်းက ပြတ်ကျပီး လမ်းဘေးမြောင်းရေထဲမှာ... ရေတွေပါ ဓာတ်လိုက်နေတာ ကြုံဖူးတယ်.. တချိန်လုံး ပျက်နေတဲ့ မီးက အဲဒီအခါကျတော့ မှန်နေတယ်လေ..

SaNay said...

စနေတို့ရွာမှာက လျှပ်စစ်မီး မရှိဘူး မမေ.. စနေတို့အဲဒီရွာကို ပြောင်း
သွားကတည်းက ရမယ် ရတော့မယ် ဆိုပြီးပြောနေတာ (၁၀)နှစ်ကျော်
သွားပြီ... ရွှေညောင် -ရပ်စောက်မှာတောင် လျှပ်စစ်မီးရတယ်.. ရွှေညောင်
နဲ့ စနေတို့ရွာက ၃ မိုင်ခွဲပဲ ဝေးတာတောင် ခုထိမရသေးဘူး။ ငယ်ငယ်ကတည်း
က ရေနံဆီမီးခွက်နဲ့ ညညအဖော်လုပ်လာခဲ့တာ.. ခုတော့ နည်းနည်းတိုးတက်ပြီး
ဖယောင်းတိုင် ဖြစ်သွားတယ်။ ရေနံဆီ ဓာတ်ဆီတွေက ဈေးကြီးကုန်လို့လေ..
ဟား..ဟား... လျှပ်စစ်မီးမရှိတော့ မီးပြတ်မှာ၊ မီးမလာမှာ၊ ဓာတ်လိုက်မှာ မပူရတော့ဘူး.
ညညဆို စောစောအိပ်ပြီး စောစောထကြတယ်။ ကျန်းမာရေး ပိုကောင်းတာပေါ့..ဟီး
အခုတော့ ရွာမှာ စစ်တပ်လာတည်တယ် ကြားတယ်။ သူတို့လာလို့ မီးရမလားမသိဘူး။
ဒါမှ မဟုတ် သူတို့နေရာပဲ ကွက်ပြီးလင်းနေမလားမသိဘူး... :)

Anonymous said...

အဲဒီ မီးကြိုးပြုတ်ကျလို့ ညီမ ရဲ့ သူငယ်ချင်းတစ်ယောက် ဆုံးရုံးခဲဘူးပါတယ်
သတိရသွားပြီးမမေ ရေ

မေလေး