Friday, November 10, 2006

ညနေ.. ညနေ .. စည်တယ်လေ ...

ဒီခေါင်းစဉ်တပ်ထားလို့ အပျိုတော်ယိမ်းထွက်ဖို့ ကိုကြီးကျော်သီချင်း ဟဲတယ်လို့ မထင်လိုက်ပါနဲ့။ ဒီကနေ့ညနေမှာ အိမ်နဲ့ မနီးမဝေးက ညနေဈေးလေးကို သွားတဲ့အကြောင်း ရေးမလို့ပါ။ အရင်ကတော့ အဲဒီလိုညနေဈေးလေးတွေကို တခါမှ မသွားဖူးပါဘူး။ တခါတရံ အဲဒီနားက ဖြတ်လျှောက်ဖြစ်ရင်တောင် ဈေးတန်းထဲက ဖြတ်မသွားဘူး၊ ဈေးသည် ဈေးဝယ်တွေနဲ့ ဝေးတဲ့နေရာကသာ ရှောင်ကွင်းသွားဖြစ်တယ်။
ဒီနေ့ သွားဖြစ်ရတာကတော့ …
***
အခုဆို အဖေနဲ့ ကျမ နှစ်ယောက်စာတင် မကတော့ဘူး အလုပ်သမားတွေအတွက်ပါ စားရေးသောက်ရေးကို ကျမက တာဝန်ယူနေရပြန်ပါတယ်။ ကိုယ့်သားအဖ နှစ်ယောက်ထဲဆိုရင်တော့ ကိစ္စမရှိဘူးလေ။ သူတို့ပါကျွေးရမယ်ဆိုတော့ ခါတိုင်းလို ကိုယ့်စိတ်ကြိုက်တွေချည်း ချက်လို့ မဖြစ်ပြန်ဘူး။ အရောအနှောလေးဘာလေးမှ ဖြစ်မှာမို့ ဟိုတနေ့က မနက်ခင်းဈေးသွားတုန်း ၀က်သားသုံးထပ်သား ၀ယ်ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် အဆီတွေမကြိုက်လို့ သုံးထပ်သား ၀ယ်လေ့မရှိပါဘူး။ အားလုံးစားဖို့ ၀က်သားနဲ့ ချဉ်ပေါင်နဲ့ချက်မယ်ဆိုပြီး ချဉ်ပေါင်ရွက်တွေပါ ၀ယ်လာခဲ့တယ်။ ဒီလိုနဲ့ နက်ဖန် ၀က်သားချက်မဲ့အလှည့်ကျတော့ အိမ်က ကျေးဇူးရှင်ကောင်မလေးက ပဲပြားပါမှ ကောင်းတာလို့ အကြံပေးတာကြောင့် ပဲပြားအ၀ယ်ထွက်ဖို့ ညနေဈေးကို သွားရတာပါ။

ညနေဈေးဆိုတာကလဲ ဈေးရောင်းသူတွေရှိလို့သာ ဈေးလို့သတ်မှတ်ရပေမဲ့ ပလက်ဖောင်းပေါ်အခင်းလေးတွေနဲ့ ချရောင်းတဲ့နေရာလေးတခုပါပဲ။ ဈေးကိုရောက်သွားတဲ့အချိန် ဈေးတန်းလေးမှာ လူစည်ကားနေပါတယ်။ ဈေးက ကားဂိတ်နားမှာမို့ လူပိုစည်တာလဲ ဖြစ်ပုံရပါတယ်။ ရုံးသမား ကျောင်းသမားတွေ ရုံးပြန်ကျောင်းပြန် ဒီဈေးကလေးကို ၀င်ဝယ်ကြတယ်။ တချို့ကလဲ ညနေဈေးက ဈေးပိုသက်သာလို့ တမင်ကိုလာဝယ်ကြတယ်။ ကျမလိုမျိုး တခါတလေ မျက်စိလည်ရောက်လာတဲ့သူ တချို့တလေလဲ ပါမှာပေါ့လေ။

ဈေးတန်းလေးကို ၀င်လိုက်ရင်ပဲ သတိထားမိတာက ငါးခြောက်သည်တွေကိုပါ။ မိုးကုန်သွားလို့လားမသိ ငါးခြောက်သည်တွေ တော်တော်များများကိုတွေ့ရတယ်။ အများဆုံးတွေ့ရတဲ့ ငါးခြောက်အမျိုးအစားကတော့ အာပြဲခြောက်တွေ။
‘အာပြဲတွေ အာပြဲတွေ .. ချိုတယ်..ပေါတယ်နော်’ လို့ အော်ဟစ်ဈေးခေါ်နေတဲ့ ဈေးသည်ရဲ့ အသံကြောင့် ကျမ ပြုံးမိတယ်။
‘ဗီတာမင်အပြည့် ပဲပင်ပေါက် ပဲပြား…ကြော်စားကြမယ် ..’ လို့ အော်နေတဲ့ ပဲပြားသည်ကြီးဆီမှာ ပဲပြား ၂ တုံး ၀ယ်လိုက်ပါတယ်။ ဈေးပေါလိုက်တာ … တတုံးမှ ၅၀ ထဲရယ်။ ၂၀၀ တန်ပေးတော့ သူ့ခမျာ ၁၀၀ ပြန်မအမ်းနိုင်ဘူး။
‘အကြွေ ၁၀၀ မပါဘူးလား အမ’ လို့ မေးပါတယ်။

ကျမတို့ငယ်ငယ်က အကြွေဆိုတာဟာ ၅ပြား ၁၀ပြားစေ့လေးတွေကစပြီး ငါးမူး တစ်ကျပ်ထိဆိုပါတော့။ အခုခေတ် အကြွေကတော့ ၅၀၊ ၁၀၀ပေါ့။ နိုင်ငံနဲ့အ၀ှမ်း အကြွေရှားပါးမှုပြဿနာဖြစ်နေတာ ဆိုတော့လဲ ပဲပြားသည် အကြွေမအမ်းနိုင်တာ အပြစ်မဟုတ်ပါဘူး။ နိုင်ငံနဲ့ အ၀ှမ်းဖြစ်နေတဲ့ ပြဿနာကို ကျမ မဖြေရှင်းပေးနိုင်ပေမဲ့ ပဲပြားသည်ရဲ့ လတ်တလော ပြဿနာကိုတော့ဖြင့် ကျမဖြေရှင်းပေးလိုက်ရပါတယ်။ သူ့ဆီမှာရှိနေတဲ့ တရုတ်နံနံ ၁၀၀ ဖိုး ထပ်ယူလိုက်တာပေါ့။ သိပ်မလတ်ပေမဲ့ မတတ်နိုင်ဘူးလေ .. သူမှ ပြန်မအမ်းနိုင်တာကိုး။ ဒါပေမဲ့ ဒါဟာဈေးသည်ရဲ့ ဈေးရောင်းနည်း ဗျူဟာတခုလဲ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ လိုက်ပြီးတော့ မဖြစ်စလောက် ပိုက်ဆံလေးအတွက် ကပ်သပ် မနေချင်ပါဘူး။
‘ရဲမာလေးတွေရမယ် .. ရဲမာလေးတွေ…’
ပဲပြားသည်ကြီးအနားက ဈေးသည်ကောင်မလေးတယောက် အော်သံကြောင့် ဘာများလဲလို့ လှမ်းကြည့်လိုက်တော့ ခရမ်းချဉ်သီးရောင်းနေတာပါ။ ဟုတ်တော့လဲ ဟုတ်သား၊ သူ့ခရမ်းချဉ်သီးလေးတွေက နီနီရဲရဲလေးတွေ။ မာမမာတော့ စမ်းမကြည့်မိလို့ မသိပါဘူး။

‘ကဲ .. ကဲ .. ဘာတွေချက်ကြမလဲ’ လို့ အသံကျယ်ကျယ်နဲ့ အော်နေတဲ့ လူကြီးဆီက ပင်စိမ်းနဲ့ နံနံပင် ငရုတ်သီးစိမ်း ၀ယ်လိုက်ပါတယ်။ ဒီတခါတော့ နံနံပင် ငရုတ်သီးစိမ်း ၂ မျိုးပေါင်း ၁၀၀ ဖိုး ဆိုပြီး ၀ယ်တတ် သွားပါပြီ။ (ဟိုတခါ ၀ယ်ထားတဲ့ ငရုတ်သီးစိမ်း ၁၀၀ ဖိုးက ခုမှ ကုန်သွားတယ်။ ဒါတောင် တချို့ ပုပ်ကုန်လို့ လွှင့်ပစ်ရသေး) ဘုရားပန်းတွေရောင်းတဲ့ ပန်းဆိုင်ရောက်တော့ ကျမကြိုက်တဲ့ ပန်းလေးတွေတွေ့တာနဲ့ ဘုရားကပ်ဖို့ ၀ယ်ခဲ့တယ်။ ပန်းနာမည်ကတော့ ဘာမှန်းမသိပါဘူး။

လက်ထဲမှာ တိုလီမုတ်စ ကျွတ်ကျွတ်အိတ်လေးတွေ တွဲလောင်းတွဲလောင်းနဲ့ ဈေးတန်းကလေးမှာလျှောက်နေတဲ့ ကျမ တနေရာအရောက် လူစုစု စုစုကိုတွေ့လို့ စပ်စုစိတ်နဲ့ စနည်းနာမိတယ်။ ခုံပုကလေးပေါ်မှာ ပလတ်စတစ် ဇကာလေးနဲ့ စာရွက်လေးတွေ စာအိတ်လေးတွေ ထည့်ထားတယ်။ စာရွက်တွေက အရောင်တွေ အရုပ်တွေနဲ့၊ ဘာများပါလိမ့်။ သူတို့ပြောနေကြတဲ့စကားတွေထဲမှာ ကိုရင်ကြီးတွေရော ဦးအာစိဏ်ဏ တွေရော စုံနေတာပါပဲ။
ကျမလဲ ခပ်ပိန်းပိန်းဆိုတော့ ချက်ချင်းသဘောမပေါက်ပါဘူး။ အနားရောက်မှ သိတော့တယ်၊ နှစ်လုံးလား သုံးလုံးလား အဲဒါမျိုးတွေ ထိုးဖို့ အတိတ်ဂဏန်းတွေ ရုပ်ပုံတွေ ရေးထားတဲ့ စာရွက်လေးတွေ ရောင်းနေတာ။ အဲဒါကိုပဲ အုံပြီးလာဝယ်နေကြတာလေ။ ပြီးရင် ထိုးကြအုံးမယ်ပေါ့။
အဲဒီစာရွက်တွေကို မယုံရင်ယူကြည့် ၀ ကနေ ၉ ထိ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ အကုန်ပါမှာပဲ။ ရှိတဲ့ ဂဏန်းအားလုံးပါမှတော့ ပေါက်ဂဏန်းလဲ ပါမှာပေါ့။ ဒါကိုပဲ မှန်တယ် ဆိုပြီး အလုအယက်ဝယ်ကြ၊ ထိုးကြ၊ စီးပွါးရေးသမားတွေကတော့ သဘောတွေကျ။ နောက်ဆုံး ထိုးတဲ့သူတွေ ဖြူခါပြာကျ။ ကျမ မြင်ဖူးပါတယ် .. အခြေခံလက်လုပ်လက်စား လူတန်းစားကစပြီး ဟိုးအမြင့်က လူတွေထိ ဒါကို စွဲစွဲလမ်းလမ်း လုပ်နေကြတာ။ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေလဲ သူ့အထွာနဲ့သူ လုပ်ကြတာပဲ။ သိန်းတွေထောင်နဲ့ သောင်းနဲ့ချီပြီး ချမ်းသာသူတွေလဲ လုပ်ကြတာပဲ။ ဆင်းရဲသား (လို့ပဲ သုံးပါရစေတော့) တွေ အတွက်တော့ ဒါဟာ ထွက်ပေါက်တခုတဲ့။ သူဌေးတွေအတွက်ကတော့ ဒါဟာ စီးပွါးရေး (business) ဆိုပဲ။ ဒါတွေကြောင့်ပဲ ဘ၀ပျက်တဲ့သူပျက်၊ အရှက်ရတဲ့သူ ရ၊ ထောင်ကျတဲ့သူကျ။ ဒါပေမဲ့လဲ ဒီကိစ္စတွေက ပျောက်မသွားသေးပါဘူး။ ခုထိ ရှိနေဆဲပါပဲ။

ရင်မောစွာနဲ့ သူတို့အနားက ခွါလာပြီး …ဈေးတန်းလေးကို ကျောခိုင်းခဲ့ပါတယ်။
ညနေဈေးလေးကတော့ စည်ကားနေဆဲ။
အော်သံ ဟစ်သံ ဈေးခေါ်သံတွေနဲ့ သက်ဝင်ရှင်သန်နေဆဲ။
***
ကျမ အိမ်ကိုပြန်လာတဲ့ လမ်းဟာ အနောက်ဖက်ကို မျက်နှာပြုလို့ပေါ့။
ဝင်တော့မယ့် နေရောင်က ပိုပြီးတောက်ပ စူးရှနေသလို… ။
ဒါပေမဲ့ ခဏပါ။
မကြာခင် နေ၀င်တော့မှာ …
နေ၀င်သွားပြီးရင် အမှောင်ရောက်လာတော့မှာပါ…။
နောက်နေ့သစ်တဖန် အစပျိုးဖို့အတွက် အမှောင်ကိုလဲ ခဏတော့ကြုံရအုံးမယ် မဟုတ်လား။
***
(၉.၁၁.၀၆)

3 comments:

မေဓာဝီ said...

ကျမစာတွေအမြဲအားပေးဖတ်ရှုတာကို ကျေးဇူးတင်ပါတယ် ကိုချို ..
ဝက်သားနဲ့ချဉ်ပေါင်ကို ရောပြီး အရည်သောက်ချက်တာပါ။ ပဲပြားလေးတွေ ထည့်လိုက်တော့ ၀က်သားလိုလိုဘာလိုလိုနဲ့ ဟင်းကုန်သက်သာသွားတာပေါ့.. ဟဲဟဲ။ ဒီနေ့ အဲဒီဟင်းချက်တယ်လေ။ ကန်စွန်းရွက်ထည့်ချက်ရမှန်းမသိဘူး။ ဒီလိုမှန်းသိ ထည့်ချက်ပါတယ်။ အခု ချဉ်ပေါင်ချည်းပဲ ဆိုတော့ နဲနဲအချဉ်စူးတယ်။

Anonymous said...

sound makes me hungry :(
I miss those curry :(
Ma May can you treat me when I come home?

I am ngat gyi kya par tae :(
I really like "chin yae him"(sour soup)

ကလိုစေးထူး said...

အဖြစ်အပျက် သေးသေးလေးကို ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးတတ်ပါပေ့။ သရုပ်ဖော် ကောင်းတဲ့ စာစုလေးပါပဲ အမ။ ရှဲဒိုး ငှားမယ်ဗျာ..။ တအုပ် ဘယ်လောက်ယူမလဲ.. ပြော။ .. ;P