Saturday, November 25, 2006

လျှပ်တပြက် စာချိုးများ

မနေ့က လဖက်ရည်ဆိုင်ရောက်တော့ လျှပ်တပြက်ဂျာနယ်တစောင် ၀ယ်ဖြစ်ခဲ့တယ်။
လျှပ်တပြက်ဂျာနယ် ပြန်ထွက်ကတည်းက မဖတ်ကြည့်ဖြစ်သေးပါဘူး။ (ဦး)မြတ်ခိုင် လုပ်ပြီး ဒီဂျာနယ်ရဲ့ သတင်းတွေကလဲ သင်းပျံ့နေတော့ ၀ယ်ဖတ်ရမှာတောင် ရွံ့တွန့်တွန့်နဲ့မို့ မ၀ယ်ဖြစ်ခဲ့တာ၊ ဒီနေ့တော့ လဖက်ရည်ဆိုင် အတူထိုင်တဲ့ သူငယ်ချင်းက ဂျာနယ်သမားကြီးဆီက ခဏယူဖတ်နေရင်း အတွင်းမှာ ဆရာအောင်သင်းရဲ့ ဆောင်းပါးတပုဒ်တွေ့လိုက်တာနဲ့ပဲ ဖတ်ချင်လို့ ၀ယ်လိုက်ပါတယ်။ ဂျာနယ်ထဲမှာ ရောင်းဈေး ၃၀၀ရေးထားပေမဲ့ ၄၅၀ နဲ့ဝယ်ရတယ်။
သတင်းတွေကလဲ စုံပါပေ့၊ ဆောင်းပါးတွေကလဲ မြိုင်ပါပေ့၊ စက္ကူကလဲ ချောပါပေ့၊ သူတို့အခေါ် ကွာလတီ စက္ကူပေါ့။ စာမျက်နှာ ၃၆ မျက်နှာအပြင် အချပ်ပို ၄ မျက်နှာပါပါသေးတယ်။ စာမျက်နှာ တော်တော်များများကိုလဲ 4 colorတွေနဲ့ချည်း ရိုက်ထားတာ တွေ့ရတယ်။
ထားပါတော့ လျှပ်တပြက်ဂျာနယ်အကြောင်းကို။
ပြောချင်တာကတော့ … ဒီဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ ကဗျာ စာချိုးလေးတပုဒ်အကြောင်းပါ။
***
ခေါင်းစဉ်က ‘လျှပ်တပြက်ရိုက်ချက်’ .. တဲ့။
ကြက်သား
စားချင်တဲ့ ကလေး။
အဖေ့ခမျာ
ဝယ်မပေးနိုင်ရှာလို့
အိမ်ခေါင်မှာ တက်လို့နှိုက်
ခိုရိုက်လို့ ကျွေး … ။


အဲဒီစာချိုးလေး ဖတ်ပြီးပြုံးမိရင်းက ကျမတို့ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့ရဲ့ စာချိုးလေးတွေကို သွားအမှတ်ရမိပါတယ်။

‘ဗြုန်းခနဲရွာ
အိမ်သာက မိုး။
ရေပြန်ကို စာဆိုတတ်သူက
မိုးမှတ်လို့ ချိုး’
… ။ ။ တို့

‘ပဲကလေးက ဆိမ့်လိုက်တာ
လေပြေကဖြူး။
ညအခါ
လသာသာ ကိုယ်တော်သုံးတယ်
လေပုန်းကမြူး’
… ။ ။ တို့ စတဲ့ စာချိုးလေးတွေပေါ့။

ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့ဟာ သွားရင်းလာရင်း လျှပ်တပြက် ကြုံတွေ့တဲ့ အဖြစ်အပျက်လေးတွေပေါ် အခြေခံပြီး ဒီစာချိုးလေးတွေကို စပ်ဆိုခဲ့ကြတာကြောင့် လျှပ်တပြက် စာချိုးလို့ ကျမက အမည်တပ်လိုက်တာပါ။
ဦးမင်း ၂ မင်းကတော့ စာချိုးတပုဒ်မှာ အခံပိုဒ် အအုပ်ပိုဒ် ဆိုပြီး တယောက် တပိုဒ် စပ်ဆိုခဲ့ကြတယ်။
ဒီလိုစာစပ်နိုင်တဲ့သူတွေဟာ တင်္ခဏုပတ္တိဥာဏ်တို့ ဇ၀နဥာဏ်တို့ ထက်သန်နေမှာပဲလို့ ကျမတွေးမိတယ်။
အဲဒီလို စာချိုးလေးတွေဖတ်ရတာ စိတ်ကို ပျော်ရွှင်ကြည်နူးစေတဲ့အတွက်လည်း ကျမ သဘောကျပါတယ်။
ဦးမင်း ၂ မင်းရဲ့ စာချိုးတွေအမှတ်ရမိရင်းနဲ့ တဆက်ထဲမှာပဲ အဖေငယ်ငယ်က အခုလိုပဲ လျှပ်တပြက်စာချိုးတွေ စပ်ခဲ့ကြောင်း ကျမကို ပြောပြခဲ့ဖူးတာ သတိရမိပြန်တယ်။
အဖေဟာ ငယ်ငယ်တုန်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေကို နာမည်ပြောင်ပေးတာ ၀ါသနာပါတဲ့အပြင် သူတို့အကြောင်းကို ဟာသလုပ်ပြီး စာစပ်လေ့ရှိတယ်တဲ့။
ကျမ မှတ်မိသလောက်ပြောရမယ်ဆိုရင် ..
အဖေ့သူငယ်ချင်း ထိပ်ပြောင်တဲ့ ဦးသန်းအောင်ကို အဖေက အခုလို စပ်ခဲ့ပါသတဲ့။

“ထိပ်ကြီးပြောင်ပြောင်
ဘယ်ကောင်လဲမေး။
လျှပ်ရောင်ကိုတန်ပြန်လို့
နေမင်းတောင် ရောင်ဝါနွမ်းတယ် …
သန်းအောင်တဲ့လေး။ ။”


နောက်တပုဒ်ကတော့ အဖေ့ရဲ့ ကားဒရိုင်ဘာ မောင်မြင့်ဆိုတဲ့လူအကြောင်းပါ။
အဲဒီ မောင်မြင့်ဟာ (ကန်တော့ပါရဲ့) အချိန်မရွေး အီးကို လိုသလို ပေါက်နိုင်စွမ်းရှိသတဲ့။ အဲဒီလို အီးကွန်ထရိုး လုပ်နိုင်တာကိုလည်း သူ့ကိုယ်သူ အမြဲဂုဏ်ယူလေ့ရှိတယ်တဲ့။
ဒါကြောင့် အဖေက သူ့ကို ခုလို စာချိုးခဲ့တယ်။

“အီးတဘူဘူ
ဘယ်သူလဲမေး။
စအိုနှင့် ဂုဏ်မာန်ဝင့်တယ်
မောင်မြင့်တဲ့လေး … ။ ။”
***
မှတ်မိသလောက် လျှပ်တပြက်စာချိုးလေးတွေ ရေးပေးလိုက်ပါတယ်။ နောက်ထပ်သိသေးတဲ့သူများ ရှိရင်လဲ ဝေမျှပေးကြပါအုံး။
***
၂၄.၁၁.၀၆

11 comments:

Anonymous said...

မိုက်တာ်။

Anonymous said...

မိုက်တယ်။ လက်တန်းစာချိုးတာ မြန်မာချက်ထဲမှာတုန်းက အရမ်းပျော်စရာကောင်းတယ် ...မမေ။ အခုစာချိုးလေးတွေကူထားလိုက်တယ်။ ကော်ပီရိုက်တ်ငြိမလား သိဘူး။တရားမစွဲနဲ့နော်။ကြိုက်လို့ကူတာပါ။ ပြန်သုံးဖို့ဟုတ်ဘူးလေ။

မေဓာဝီ said...

ကူးပါရှင် .. ကူးပါ … အီးတဘူဘူတို့ဘာတို့ ဟန ကြိုက်လို့ သုံးချင်ရင်လဲ ကြိုက်သလိုသုံးနိုင်ပါတယ် .. :P

Thiha Kyaw Zaw said...

ကျွန်တော် လက်ဆော့ထားတာလေး တစ်ခုပါ အမရေ..

http://naynaynaing.blogspot.com/2006/09/03-september-2006.html

မေဓာဝီ said...

ဟားဟား .. ရယ်ရတယ် ကိုသီဟ …

sisain said...

´တောင်ကြီးတွေကမြင့်လိုက်တာ
ပြောစရာမရှိဘူး
ငါ့အဖေမော့ကာကြည့်
ခေါင်းပေါင်းပြုတ်ကျ။´
ဆရာရန်အောင်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကလို့ ထင်ပါတယ်။ ကာရန်နဲ့ပတ်သက်ပြီးပြောထားတာလေးဗျ။ အပေါ်ကစာချိုးလေးက ရွတ်ရင်သာကာရန်ပါသလိုထင်ရတယ်။ ကာရန်မဲ့နေတယ်တဲ့။ ကျနော် မှတ်မိတာလေးပါ။

ကလိုစေးထူး said...

ဘလော့တွေစုံ
အဖုံဖုံပေါ့လေး
ထုတ်နှုတ်ကာ ဖတ်မယ်ကြံတော့
မေဓာဝီ ဘလော့ကို ရောက်တယ်
စာချောလို့ ငေး။

မေဓာဝီ said...

ကိုစစ်အိမ်၊ ကိုသံလွင် .. စာချိုးလေးတွေအတွက် ..ကျေးဇူး။

မေဓာဝီ said...

ကိုသံလွင်က သူ ကျမအတွက်ရေးထားတဲ့ လျှပ်တပြက်စာချိုးကလေးအပေါ် ကျမရဲ့ တုန့်ပြန်မှုကို သိပ်ပြီး အားရကျေနပ်မှုမရှိဘူးလို့ပြောလာပါတယ်။
တကယ်တော့ ကျမလဲပဲ သူ့လို ပြန်စာချိုးချင်တာပါပဲ.. ရုတ်တရက် ဥာဏ်ကမထွက်တဲ့ အတွက်ကျေးဇူးစကားသာ ဆိုလိုက်ရခြင်းပါ။
အခုတော့ … ကျမ စာပြန်စပ်လိုက်ပါပြီ … ။ လျှပ်တပြက်တော့ မဟုတ်ဖူးပေါ့ .. နဲနဲတော့ကြာသွားပါတယ်။ ဖတ်ကြည့်ကြပါကုန် … ။
***
လျှပ်တပြက်
စာစပ်မယ်တဲ့ ကလောင်ကိုင်
ခေါင်းကုတ်လို့မှိုင်။
ငေးကာငိုင် မပိုင်တဲ့စိတ်ကူး
စာစပ်သူ မေဓာဝီခမျာ
စိတ်နောက်လို့ရူး … … ။
***
ကဲ … ကျေနပ်ပြီလား ကိုသံလွင်။

Anonymous said...

can't stop reading... ;)
pls carry on..

Anonymous said...

မမေအတွက်

သူသူငါ အပြိုင်ကျဲတဲ့
ဘလော့ခ်ဂါဇာတ်စင်
ဖတ်ရှုစရာများပြားကြားက
သိမှတ်စရာစုံလင်လှတယ်
မေဓါဝီ့စာများ......