Sunday, November 12, 2006

ရန်သူအတွက် ချန်မထားကြေး...

လောလောဆယ်ဖတ်နေသော စာအုပ်ထဲမှ …
***
အခုလောလောဆယ် …. မောရစ်ကောလစ် (ရန်ကုန်အရေးပိုင်ဟောင်း) ရဲ့ ‘Last & First in Burma’ ကို ဦးခင်မောင်ကြီးဘာသာပြန်ထားတဲ့ ‘အင်္ဂလိပ်မြန်မာနောက်ဆုံးတိုက်ပွဲ’ ဆိုတဲ့ စာအုပ် ဖတ်နေပါတယ်။ စာအုပ်ဆိုက် ၁၆ ချိုး စာမျက်နှာ ၅၇၀ ကျော်ကျော်ရှိတဲ့ ဒီစာအုပ်ကို ညဘက် အိပ်ခါနီးလေးလောက်မှ ဖတ်ဖြစ်တာဆိုတော့ တော်တ်ာနဲ့ ဖတ်လို့မပြီးသေးဘူး။
ဖတ်နေရင်း စာမျက်နှာ ၁၉၅ က စာတပိုဒ်ကို သဘောကျလို့ ဝေမျှ လိုက်ပါတယ်။
***
အခဏ်း (၁၂)
ရန်ကုန်မြို့တွင် နောက်ဆုံးရက်များ
……………………………………………..
……………………………………………..
……………………………………………..
……………………………………………..
ထိုညတွင် အစိုးရ အိမ်တော်ကြီးမှာ အင်မတန်မှ ခြောက်ကပ်နေလေတော့သည်၊ ရန်ကုန်မြို့သို့ အခြေအနေ အကဲခတ်ရန် ရောက်လာကြသော လန်ဒန်မှ သတင်းစာဆရာ ဧည့်သည့် နှစ်ယောက်အပြင် ဒေါ်မန်စမစ်၌ ၄င်း၏ အပါးတော်မြဲ အဲရစ်(က်)ဘက်တားစတိုင်းနှင့် စစ်ဘက်ဆက်သွယ်ရေးအရာရှိ ၀ယ်လီရစ်(ချ)မွန်း တို့ ၂-ယောက်သာ အဖော်များအဖြစ် ရှိနေ၏၊ အိမ်တော် အမှုထမ်းဟောင်း ၁၀၀-အနက် ဘဏ္ဍာစိုးမှူး နှင့် ထမင်းချက်တို့သာ ကျန်ရှိနေတော့သည်။
‘ကျုပ်တို့ ညစာအတွက် ဆိတ်သား စားကြရတယ်ဗျ…’ ဟု ဒေါ်မန်စမစ်က ထိုညအကြောင်း ကျွန်ုပ်အား ပြန်ပြောခဲ့သည်။
‘ဒီဆိတ်ကို ကျုပ်အိပ်ခန်းပြတင်းပေါက် အပြင်ဘက်မှာ ချည်ထားခဲ့တာကြာလှပြီ၊ ဒီတော့ ဆိတ်ကို သတ်စားရတာ ကျုပ်တော်တော်ဘဲ စိတ်မကောင်းဖြစ်မိသေးသဗျာ၊ အရက်ဆိုလို့တော့ ၂-ပုလင်းလောက်ပဲ ကျန်တယ်၊ ဒါတွေကိုလဲ ရန်သူ့အတွက် ချန်မထားရဘူးဆိုပြီး အကုန်သောက်ပစ်လိုက်တယ်၊ ရန်သူ့အတွက် ချန်မထားရဘူးဆိုတဲ့ စကားဟာ အဲဒီတုန်းက တော်တော်ခေတ်စားခဲ့တာပေါ့။ ဂျင်မခါနာကို ဖောက်ခဲ့တဲ့ စစ်သားတွေကလဲ ဒီစကားကိုသာ သုံးခဲ့ကြတာပါပဲ၊ ကျုပ်တို့ ညစာစားပြီးတဲ့နောက် ဘီးလယက်အခန်းထဲကို ပြောင်းခဲ့ကြတယ်၊ အဲဒီမှာ ဘီးလယက်ထိုးနေတုန်း နံရံမှာချိတ်ထားတဲ့ အရင်ဘုရင်ခံအဆက်ဆက်ရဲ့ ရုပ်ပုံကားချပ်တွေက ကျုပ်တို့ကို ခပ်တည်တည်ကြီးတွေ ငုံ့ကြည့်နေခဲ့ကြတာပေါ့၊ သူတို့အတွက် ခုလိုကျုပ်တို့ ရောက်နေရတဲ့ အခြေအနေမျိုးဟာ စဉ်းစားလို့တောင် ရမှာမဟုတ်ပါဘူး၊ အဲရစ်(က်)ဘက်တားစတိုင်း လဲ ဒီပုံတွေကို ကြည့်ပြီး စိတ်တိုလာပုံရပါတယ်၊ ‘‘ဒီပုံတွေကိုလဲ ရန်သူအတွက် ချန်မထားခဲ့ကြပါနဲ့လား ဘုရင်ခံမင်း’’ လို့ပြောပြီး ဘီးလယက်ဘောလုံးလေးတလုံးကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်၊ ကျုပ်အနေနဲ့ တားဖို့တော့ သင့်သပေါ့လေ၊ ဒါပေမဲ့ ကျုပ် မတားမြစ်ခဲ့ဘူး၊ သူလဲ နရံက ရုပ်ပုံကားချပ်တွေကို ဘီးလယက်လုံးနဲ့ စပစ်တော့တာပဲ၊ အခြားလူတွေကလဲ ၀ိုင်းပစ်ကြတော့ ရုပ်ပုံကားတွေဟာ ရစရာမရှိအောင် ဖြစ်ကျန်ရစ်ခဲ့ တော့တာပေါ့ …’
***

7 comments:

Anonymous said...

မမေ ရေ ညီမတို့ မဖတ်နိုင်တယ် စာတွေတင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်နော်

မေလေး

Thiha Kyaw Zaw said...

I wanna read it. :(

ကလိုစေးထူး said...

တအုပ်လုံး ဖတ်ခွင့်ရရင် ပိုကောင်းမှာပဲ.. ဒီလောက်တင်ပေးတာကိုလဲ ကျေးဇူးပါ

မေဓာဝီ said...

စာမျက်နှာ ၆၀၀ နီးပါး မရိုက်နိုင်တဲ့အတွက် … ဒီလောက်နဲ့ပဲ ကျေနပ်ကြပါနော်။
ဖတ်ရင်းနဲ့ နောက်ထပ်ကောင်းနိုးရာရာတွေ့ရင် တင်ပေးပါအုံးမယ် ..။

မေဓာဝီ said...
This comment has been removed by a blog administrator.
ုခွန်တင်ဝင်း said...

မောရစ်ကောလစ်စာအုပ်တွေကိုသိပ်ဖတ်ချင်ပါတယ် .. ဖြစ်နိုင်ရင်ရိုက်တင်နိုင်ရင်ပိုကောင်းမယ်

Anonymous said...

မောရစ်ကောရစ် စာအုပ်တွေကိုအကုန်ဖတ်ချင် တယ်