ဒီတခေါက် အညာခရီးမှာ ပင်လုံးကျွတ်ပွင့်နေတဲ့ လက်ပံပင်တွေကို အပြင်မှာ စမြင်ဖူးပြီး  စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ရတယ်။ 
.
ဆိုတဲ့ ဦးဆောင်းရဲ့ လက်ပံကောက် ကဗျာလေးက အတွေးထဲရောက်လာတယ်။ လက်ပံပင်ကြီးပေါ်မှာတော့ တကယ့်ကို "လက်ပံပင် ဆက်ရက်ကျ" ဆိုတဲ့အတိုင်း  ဆက်ရက်သံတွေ ကျလိကျလိနဲ့ ဆူညံလို့။ စကားပုံဆိုတာ တကယ်ဖြစ်တာကို အခြေခံပြီး  ပေါ်လာတာပါလား ဆိုပြီး ဒီစကားပုံလေးကို လက်တွေ့သိလိုက်ရလို့ ကျေနပ်နေမိပါ  သေးတယ်။
|  | 
| သပြေတန်းခံတပ်အနီးက လက်ပံပင်ကြီး | 
"လက်ပံပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့အခါ 
တဝဲဝဲဝေ့ကာ လေယာဉ်ပမာ"
အဆိုတော်သန်းထွန်းလေးရဲ့ အညာအလွမ်း သီချင်းလေးထဲမှာ လက်ပံပွင့်ကြွေပုံကို  သရုပ်ဖော်ထားပုံက ပီပြင်လှတယ်။ လက်ပံပွင့်ကြွေပုံက တခြား ပန်းပွင့်တွေ  သစ်ရွက်တွေ ကြွေသလို မဟုတ်ဘူး၊ တဝေ့ဝေ့ တလည်လည်နဲ့ လေဟုန်စီးပြီး  မြေပေါ်သက်ကြတာ။ ဘယ်လောက်လှ ဘယ်လောက် ချစ်စရာ ကောင်းလိုက်ပါသလဲ။
|  | 
| ဦးပိန်တံတားနဲ့ လက်ပံပင်ရဲ့ အလှ | 
လက်ပံကောက်ရင်း သီချင်းဆိုတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းလေး တခုလဲ ခုထိ စွဲနေမိသေးတယ်။ 
"နုထွားပျို မေလုံ
ကိုယ့်အသည်းမှာ စွဲနေပါပေါ့
သည်းလိုက်တဲ့ဖြစ်ပုံ
ကြုံရင် ဆုံရင် လိုက်ခဲ့ပါလား ကျမတို့ရွာမြစ်ဆုံ"
ပန်းမြိုင်လယ်က ဥယျာဉ်မှူး ရုပ်ရှင်ဇာတ်ကားထဲမှာ အဲဒီသီချင်းကို လက်ပံပင်ကြီးအောက်  လက်ပံကောက်ရင်း ဆိုနေတဲ့ ဇာတ်ဝင်ခန်းလေး သတိရ မြင်ယောင်မိလို့ လက်ပံပင်ကြီးအောက် ရောက်တုန်း သီချင်းလေးကို ခပ်တိုးတိုး ညည်းတွားမိသေးရဲ့။ 
|  | 
| ဦးပိန်တံတားထိပ်က လက်ပံပင်ကြီး | 
"လက်ပံပွင့်ချိန် ခွေးရူးချိန်"
ဆောင်းအကုန် နွေအကူး နွေဦးပေါက်ရင် အညာမှာ ရေရှားတယ်၊ မျက်ခမ်းစပ်တွေ  ဖြစ်တယ်၊ ခွေးရူးတွေ ပေါတယ် လို့ အမေပြောပြဖူးတယ်။ အဲဒီစကား ကြားတိုင်း  အညာနေပူအောက်မှာ နီနီရဲရဲပွင့်နေတဲ့ လက်ပံပင်ကြီးတွေရယ် လေပူဝှေ့တိုင်း  ကြွေကျကြတဲ့ ရွက်ဝါတွေရယ် ပြီးတော့ သွားရည်တမြားမြားနဲ့ လျှောက်ပြေးနေတဲ့  ခွေးရူးတကောင်ရယ် ကို မြင်ယောင်မိတယ်။ 
|  | 
| ဦးပိန်တံတားမှာရောင်းတဲ့ လက်ပံပွင့်ခြောက်တွေ | 
 “တံမြက်စည်းဟင်း”
အညာက ဆွေမျိုးသားချင်းတွေ  အလည်လာကြတဲ့အခါ လက်ပံပွင့်ခြောက်တွေ ယူလာကြလို့ အိမ်မှာ  လက်ပံခေါင်းဟင်းချက်ရင် ငယ်ငယ်က သိပ်စိတ်ညစ်တာပဲ။ လက်ပံပွင့်ထဲက  ဝတ်ဆံတိုင် အချောင်းလေးတွေဟာ ခြောက်သွားပြီး ဟင်းချက်လိုက်တော့ တံမြက်စည်းနဲ့တူလို့  တံမြက်စည်းဟင်းလို့ နာမည်ပေးခဲ့ကြဖူးတယ်။ တံမြက်စည်းဟင်းကို သူများတကာလို သိပ်စွဲစွဲလမ်းလမ်း  မနှစ်သက်ခဲ့ဖူးဘူး။ ဒါပေမဲ့ တောင်သမန်အင်းက ဦးပိန်တံတားပေါ်မှာ  လက်ပံပွင့်ခြောက်တွေ ဗန်းကလေးနဲ့ ထည့်ရောင်းနေတာ တွေ့တော့ ငယ်ငယ်က  စားခဲ့ဖူးတဲ့ တံမြက်စည်းဟင်းကလေး ပြန်သတိရပြီး စားချင်စိတ် ပေါ်လာမိတယ်။ 
.
"မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်"
ဒီစကားရဲ့ ရင်းမြစ်ကို သေချာမသိပေမဲ့ ကိုယ်နဲ့မဆိုင်ဘဲ ဆွဲထည့်တာမျိုး ကြုံတဲ့အခါ ကိုယ်တိုင်လည်း ဒီစကားကို သုံးနှုန်းခဲ့ဖူးပါတယ်။ ဘာလို့များ လက်ပံသားမှ ဓားနဲ့ချိုင်ရတာလဲ၊ လက်ပံသားက အသားပွသလား ကျစ်သလား ... တကယ်ကို မသိပါဘူး။ လက်ပံပင် အမြစ်ဆုံကြီးပေါ်မှာ ထိုင်ခဲ့ဖူးပေမဲ့ သူ့အသားကို မစမ်းစစ်ကြည့်မိလေခြင်းလို့ စိတ်ထဲ နောင်တရမိသေးတယ်။ 
|  | 
| အပြာရောင် ကောင်းကင်နောက်ခံနဲ့ လက်ပံပွင့် နီနီတွေ | 
“ဥုံ - လက်ပံပင်ထိပ်ဖျား တင်ကျီးနား၊ တင်ကျီးထိုးဟဲ့ - ငါးရိုးထွက်”
ငါးရိုးမျက်ရင် ရွတ်တဲ့ ဂါထာတဲ့။ ငယ်ငယ်က ငါးရိုးစူးရင် အဲဒီလို ရွတ်ကြတာ ကြားဖူးတယ်။ ရထားပေါ် ကားပေါ် ရောင်းတဲ့ အိတ်ဆောင် လောကျမ်းလေးထဲမှာလည်း ဖတ်ဖူးတယ်။ တချို့ကလည်း ဒီဂါထာက ငါးရိုးမျက်တာ တကယ် သက်သာစေသတဲ့။ တခါမှ စမ်းမကြည့်ဖူးလို့ မှန်မမှန်တော့ မသိပါဘူး။ လက်ပံပင်ကြီး မြင်တော့ ဟိုးထိပ်ဖျားမှာ တင်ကျီးနားနေမလားလို့ မော့ကြည့်မိသေးတယ်။ တင်ကျီးတော့ မရှိဘူး၊ ရဲရဲနီနေတဲ့ လက်ပံပွင့်တွေက အပြာရောင် ကောင်းကင်နောက်ခံနဲ့ လှနေလိုက်တာ .... ။ 
|  | 
| နန်းတော်ကျွန်းရွာက လက်ပံပင်ရင်းမှာ | 
 
စစ်ကိုင်းက နန်းတော်ကျွန်းရွာကလေးကို ရောက်တော့ ဧရာဝတီ မြစ်ကမ်းနားမှာ  လက်ပံပင်ကြီး အကြီးကြီးကိုတွေ့လို့ ပျော်ပြီး လက်ပံပွင့်ကောက်တဲ့  ပုံလေးရိုက်ပေးပါလို့ အကို့ကို ပူဆာတော့ လက်ပံပွင့်ကြွေတွေက နွားချေးတွေ  ခွေးချေးတွေနဲ့ ညစ်ပတ်နေတာမို့ မရိုက်ပါနဲ့တဲ့။ လက်ပံပင်အောက်က  သစ်မြစ်ဆုံကြီး ပေါ်မှာပဲ ရိုက်ပေးပါတယ်။ 
.
|  | 
| ဦးပိန်တံတားပေါ်မှာ လက်ပံပင်နောက်ခံရှုခင်းနဲ့ | 
ဒါနဲ့ပဲ  လက်ပံပွင့်ကြွေတွေ မကောက်ရတဲ့ အတူတူ အကြွေပန်းလေးတွေကို ငေးမောရင်း  ဓာတ်ပုံလေးတွေပဲရိုက်ပြီး လက်ပံပွင့်တွေ ကြွေရာမြေက ပြန်လာခဲ့ရပါတော့တယ်။ 
***
မေဓာဝီ
၂၊ မတ်၊ ၂၀၁၆
၁၇း၅၀ နာရီ
(အညာခရီး အမှတ်တရ)