Tuesday, June 30, 2009

အိမ်ပြန်ပါရစေ ... အမေ ...

စကားသံတွေကို ကျောခိုင်း
တရားသံတွေကို ကျောခိုင်း
တောရိုင်းလေးမှာသာ
နေပါရစေတော့ … အမေ … ။

အမှားနဲ့အမှန်ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ …
တယောက်နဲ့အများ ဘယ်သူက မှားသလဲ …
အများနဲ့တယောက် ဘယ်သူ့ကို ကြောက်ရမလဲ …
နောက်ဆုံးတော့ ….
တရားမရှိတဲ့ ကိုယ်
တရားမသိတဲ့ ကိုယ်
အမှားအပြည့်နဲ့ ကိုယ်
မငိုဘဲ မျက်ရည်ကျ
ဒုက္ခတွေနဲ့ ရစ်ပတ်
ကိုယ့်ဘ၀ကိုယ်လဲ မနှစ်သက်မိတော့ပါ အမေ … ။

အမေ့ရဲ့ အိပ်မက်
အဖေ့ရဲ့ အနာဂတ်
မဖျက်ဆီးရက်ပေမဲ့
မရင့်ကျက်တဲ့နှလုံးသားက
ခံစားရတာများလွန်းတော့
ပွန်းရိနေပြီပေါ့ အမေ … ။

ဟန်ဆောင် ခေါင်းညိတ်
စိတ်လက်မပါ
အပြုံးတုတွေနဲ့သာ
နေရတာကြာလာတော့
ကိုယ်ဟာ ဘာလဲ …
မှန်ထဲတောင် ရဲရဲမကြည့်ဝံ့တော့ပါ အမေ … ။

ငှက်တေလေ တကောင်လို
ကိုယ့်အတောင် ကိုယ်အားကိုးပြီး
မိုင်ထောင်ချီခရီးကိုနှင်
ပြန်လို့ရရင် ပြန်လိုက်ချင်ပါရဲ့ …
ဒါပေမဲ့လေ …
တကယ့်လက်တွေ့မှာတော့
စက်ရုပ်တရုပ်ပမာ
ထားရာနေ စေရာသွား
အမှန်နဲ့ အမှား မခွဲခြားနိုင်
ပန်းတိုင်တွေလဲ ပျောက်ဆုံးကာ …
ခလုတ်တွေနဲ့ မကြာမကြာတွေ့တိုင်း
အမေ့ကိုသာ အခါခါတမ်းတ …
အိမ်ပြန်ပါရစေ …. အမေ …. ။
***
မေဓာဝီ
၃၀၊ ဇွန်၊ ၂၀၀၉
၁၇း၂၄ နာရီ

Read More...

Friday, June 19, 2009

မွေးနေ့ဆုတောင်း ...

မွေးနေ့ဆုတောင်းဘွဲ့ ရတုပိုဒ်စုံ

မှောင်လွှမ်း ထုရှည်၊ ချုပ်ညရီချမ်း၊ ရာသီနွမ်းမှာ၊ လူများစွာတို့၊ မှန်းကာမျှော်ဆ၊ ရမ်းရော်တ-သည့်၊ သာစွရောင်ရှိန်၊ နေသူရိန်မင်း၊ ထိန်ဝါလင်းလျက်၊ ဒေါင်းငှက်တွန်ကျူး၊ အိုးဝေမြူးမည့်၊ ထူးသည့်ချိန်ခါ၊ မင်္ဂလာရက်၊ ရောက်လာလတ်ဟု၊ ရွယ်မှတ်ပြုလေ၊ တောင်းဆုချွေသည်။ ... ။ နံနက်နေ လန်းဖြာသာစေကြောင်း။

ဆောင်မြန်းသူ့ဆီ၊ ရွယ်ကာရည်စူး၊ ပွင့်ဖူးတင့်ဆန်း၊ မွှေးပျံ့လန်းကြိုင်၊ ဤပန်းခိုင်ကို၊ လှမ်းပိုင်သီဆွတ်၊ စိတ်ဝယ်ညွတ်ကာ၊ လွတ်လပ်စေကြောင်း၊ ဆုမွန်တောင်း၍၊ အပေါင်းလက်ချီ၊ တူညီထက်သန်၊ မွန်မြတ်မှန်သည့်၊ ရည်ထန်စိတ်ဇွဲ၊ မယိုင်လဲအောင်၊ မေတ္တာဆောင်လျက်၊ အောင်ပန်းဆက်သည်။...။ အဖျက်တွေ လှမ်းကွာပါစေကြောင်း။

အောင်ဆန်းစုကြည်၊ အာဇာနည်သွေး၊ မြန်ပြည်ရေးတွက်၊ စွန့်လျက်ဘ၀၊ နှစ်-လ-ရက်ပေါင်း၊ ရှည်ကြာညောင်းလည်း၊ အားခဲသည်းခံ၊ ဇွဲရင့်သန်ကာ၊ ၀င့်မာန်မလျှော့၊ ခေါင်းမော့ဦးတည်၊ ပန်းတိုင်ဆီသို့၊ ယုံကြည်ချက်လွှမ်း၊ ရောက်မည်မှန်းလျက်၊ ခြေလှမ်းဆက်သူ၊ လူထုသခင်၊ တို့မိခင်သည်။...။ အသက်ရှည် ကျန်းမာပါစေကြောင်း။
***
မေဓာဝီ
၁၇၊ ဇွန်၊ ၂၀၀၉
၁၆း၂၂ နာရီ

(ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄-နှစ်ပြည့် မွေးနေ့ကို ရည်စူး၍ ရေးဖွဲ့ပါသည်။)

Read More...

Wednesday, June 17, 2009

အလွမ်းဘွဲ့

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာမင်ဂန်ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ရင်း ဆရာတော်က ကျမဖတ်ဖို့ စာအုပ်တချို့ ပေးလိုက်ပါတယ်။ အဲဒီထဲကမှ “ကဗျာသင်္ဂဟမေဒနီ” ဆိုတဲ့ ကဗျာ့အဆီအနှစ်ပေါင်းချုပ် စာအုပ်ကလေးကို စပြီး ဖတ်ဖြစ်ခဲ့တယ်။ နွေဘွဲ့ မိုးဘွဲ့ ရာသီဘွဲ့တွေနဲ့ မယ်ဘွဲ့ မောင်ဘွဲ့ သစ္စာတိုင် သစ္စာပျက် ရတု ရကန်တွေ ဖတ်ရင်း ကိုယ်တိုင်လည်း ရေးချင်လာတာနဲ့ ရတုတပုဒ်ကို စမ်းသပ် ရေးဖွဲ့ ကြည့်မိပါတယ်။ တတ်လို့တော့မဟုတ်ပါဘူး။ ရေချင်လွန်းလို့ ဖြစ်ညှစ် ရေးမိတာမို့ လိုတဲ့နေရာများ ရှိခဲ့ရင် ထောက်ပြဝေဖန် ပေးကြပါလို့ … ။
***
အလွမ်းဘွဲ့ ရတုပိုဒ်စုံ

ပန်းပွင့်ဝါနီ၊ ရာသီနွေနှောင်း၊ ရက်လ-ပြောင်းသော်၊ ရွှေကျောင်းတော်ပိတ်၊ ဆိတ်ငြိမ်တိတ်ကာ၊ ဆွေမိတ်တသင်း၊ သူငယ်ချင်းတို့၊ မွေးရပ်သို့ပြန်၊ နှုတ်ဆက်ဟန်ပြင်၊ ပြုံးပျော်ရွှင်လျက်၊ အိမ်ပြန်ခက်သူ၊ ကျွန့်မှာမူကား၊ ဗျာပါပူနွမ်း၊ ရူတမ်းတတ၊ မှန်းဆ၍သာ၊ လွမ်းရပါသည်။ ။ နီဝါပွင့်ပန်း ဝေဆာနှော။

ဆန်းတင့်ဖြာညီ၊ နေ့တာရှည်ကူး၊ ကာလထူးဝယ်၊ ကြည်နူးသံသာ၊ သာရကာငှက်၊ စာရှာထွက်သည့်၊ နံနက်မိုးသောက်၊ အလင်းရောက်မှ၊ ချုပ်ညမှိုင်းရီ၊ နေ၀င်သည်ထိ၊ နာရီကြည့်မှတ်၊ တွက်စစ်လတ်သော်၊ ဆယ့်ရှစ်နာရီ၊ ရောင်ခြည်ဖြာဝင်း၊ အမှောင်ခွင်းကာ၊ လင်းပပါသည်။ ။ ညီဖြာတင့်ဆန်း နေရှာသော။

လွမ်းရင့်ကာစီ၊ ရာသီမေထုန်၊ လနယုန်ဝယ်၊ စပယ်မုလေး၊ ကြိုင်လှိုင်မွှေးကာ၊ လန်းဝေဖြာအောင်၊ တိမ်ခိုးဆောင်လျက်၊ ညိုမှောင်မှိုင်းဆင်၊ တောင်ရပ်ခွင်မှ၊ သွန်းရွာချမည့်၊ ဒေ၀အမ္ဗုန်၊ မိုးပဇ္ဇုန်နှင့်၊ စိမ်းစိုတင့်လန်း၊ မြိုင်တောတန်းရှည်၊ မွေးဌာနီကို၊ မျှော်တ-ငိုသည်။ ။ စီကာရင့်လွမ်း မေမှာမော။
***
မေဓာဝီ
၁၇၊ ဇွန်၊ ၂၀၀၉
၀၀း၃၂ နာရီ

မှတ်ချက်။ ... ။ အင်တာနက်ခက်ခဲတဲ့ နေရာကို ရောက်နေတာမို့ ဘလော့လည်ထွက်ခြင်း၊ ကွန်မန့်ရေးခြင်း၊ သတင်းဖတ်ခြင်း၊ ဂျီတော့မှာ စကားစမြည်ပြောခြင်းများနဲ့ လတ်တလော ကင်းဝေးနေရပါဦးမယ်။ ဒီစာတပုဒ် တင်ဖို့တောင် ၄၅-မိနစ်လောက် အချိန်ပေးနေရတာမို့ ... သည်းခံပေးကြပါလို့ ... ။

Read More...

Tuesday, June 09, 2009

အို ... မိခင်

မနေ့ကပဲ … စာမေးပွဲပြီးသွားပါပြီ။

ကြားရတဲ့ သတင်းတွေနဲ့ အဖြစ်အပျက်တွေရဲ့ စေ့ဆော်ပေးမှုကြောင့် မအားလပ်တဲ့ ကြားမှာပဲ ဒီကဗျာလေး တပုဒ် ရေးဖြစ်ခဲ့ပါတယ်။
***
အို … မိခင်ရင်မှမွေးဖွား ချစ်သည့်သားနှင့်
တိုင်းသားပြည်သူ ယှဉ်လာမူကား
အများအရေး ဦးစားပေးကာ
သားမြေးမငဲ့ စွန့်ဝံ့ခဲ့သည်
ပါရမီရှင် … အို … မိခင်။

အိမ်တွင်ပိတ်လှောင် ထောင်တွင်ထည့်ထား
နှစ်ရက်များစွာ ရှည်ကြာပါလည်း
မလျှော့ဇွဲဖြင့် ရဲမာန်ဝင့်တင်း
စိတ်ဓာတ်ပြင်းသည်
အလင်းသခင် … အို … မိခင်။

လိမ်ဆင်ဉာဏ်များ လှည့်စားတတ်သူ
ထိုလူတစု နှိပ်စက်မှုအောက်
ဖန်ဖန်ရောက်လည်း
ကြောက်သည် မပြော
မောသည် မဆို
ငိုသည် မရှိ
သတ္တိပြည့်သည်
တိုင်းပြည်အရှင် … အို … မိခင်။

အို … မိခင် …
အမိ* ကောင်းမှု
ပြုသည့် ပါရမီ
တည်သည့် စိတ်ဓာတ်
မြတ်သည့်ဆန္ဒ
အ၀၀ကြောင့်
ကျမည့် ဘေးရန်
အန္တရာယ်ခပ်သိမ်း
ဖယ်ခွါတိမ်း၍
ငြိမ်းချမ်းပါလို
တောင်းဆု ဆိုသည် …
အလိုဆန္ဒ ပြည့်စေသောဝ် … ။
***
ဆုတောင်းတယ်ဆိုတာ ရည်မှန်းချက်ထားတာပါ။ သစ္စာပြုတယ်ဆိုတာကတော့ ကိုယ့်ရည်မှန်းချက် အောင်မြင်ရေးအတွက် အထောက်အကူ ဖြစ်စေဖို့ မှန်ကန်သော စကားကို ပြောဆို တိုင်တည်တာပါ။ တခြား ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်သေးတဲ့ ကျမအတွက်တော့ အဝေးတနေရာကနေပြီး ရည်မှန်းချက် တခုရောက်စေဖို့ တိုင်တည် နေမိပါတော့တယ်။
***
မေဓာဝီ
၁၇၊ ၅၊ ၂၀၀၉
၁၇း၀၅ နာရီ

မဇ္ဈိမ

မှတ်ချက်။ ။ စာပိုဒ်ရေ ၄-တွင် "သင်၏ကောင်းမှု" ဟုရေးဖွဲ့ထားသည်ကို "အမိကောင်းမှု"ဟု ပြန်လည် ပြင်ဆင်ထားပါသည်။ အသုံးအနှုန်းမှားယွင်းမှုကို ထောက်ပြ ပြင်ဆင်ပေးသော ဘာမင်ဂန်ဆရာတော် ဦးဥတ္တရဉာဏကို ကျေးဇူးတင်ပါကြောင်း။

Read More...