Thursday, July 23, 2009

မယ့်ဖြစ်အင် ... နောက်ဆက်တွဲ

ကျမရဲ့ အဖြစ်အပျက်ကို ကဗျာစပ်ချင်ဇော ကပ်နေတာက တကြောင်း ဥပဒေသတွေ စည်းမျဉ်း စည်းကမ်းတွေ ပြန်ဖတ်ရမှာ ပျင်းတာက တကြောင်းမို့ ပြီးစလွယ်ရေးလိုက်မိတဲ့ "မယ့်ဖြစ်အင်" ကို ညီမငယ် ပန်ဒိုရာက တကူးတက ခုလို ဖြည့်စွက် ရေးပြီး မေးလ်နဲ့ပို့ပေးလိုက်ပါတယ်။
***
မမေရေ
ဝါသနာက ခုလုခုလုဖြစ်လို့ ဖြည့်ကြည့်လိုက်တယ်။ ညီအစ်မချင်းမို့ ရေးရဲတာပါ။ ဘယ်လိုမှ သဘောမထားပါနဲ့နော်။ ပထမပိုဒ်ရဲ့ အဆုံးက ဂရုသံမဟုတ်တော့ တြိချိုးပုံစံလည်း မဟုတ်လေတော့ အချီအချနဲ့၎ ပိုဒ်ပဲဖြစ်မယ် ထင်တာပဲ။
***
မြို့ရွှေဘို သနပ်ခါးကိုလ
တို့မေပျို ပါးကွက်ပါးတင်လို့
အညက်သား လိမ်းလို့ခြယ်
ပိန်းလို့ရယ်တဲ့ ထူထဲ။

အလှူပွဲကိုလာ
အမူကဲကာ ဟန်ကိုချီဖို့
တရံဆီ မြန်ပြည်ဖြစ်ပါတဲ့
အဆင်ညီ ပင်နီချောရယ်နဲ့
ယောထမီညိုညိုထွေးကို
ရွေးလို့ ၀တ်လဲ။

လည်ဆွဲလှ စီရရီ
စာသီလျှင် မှိုင်တွေရှုံးလေမယ့်
ရွှေကုံးနော်ဇာခိုင်နဲ့
ကြာတိုင်မှာ ရောင်ဝါဟပ်စေဖို့
သာထပ်ကာ နံ့သာမှုန်းပါလို့
ပခုံးလက်ဖျံ မွှတ်ကာခြယ်
ညွတ်သွယ်လို့ ဆင်မြန်း။

တပင်နန်းသူ အသွင်
မယ့်စိတ်တွင် ဘာသာထင်လျက်
ရွှေဘ၀င် လေအလျဉ်ဟပ်နေလဲ
မေတခင် ဖြေမရွှင်ခက်လေပေါ့
ဘိလပ်မြေ မြောက်လေသွေးပြန်တော့
အနောက်ပြေ (ပြည်) မှာ တယောက်မေ မနွေးနိုင်ဘု …
အေးလို့ တုန်ချမ်း။ … ။
***
ပန်ပန် ဖြည့်စွက်ချက် ကဗျာပိုဒ်လေးကို ဖတ်ရတာ ချစ်စရာလေးပါပဲ။ ဟုတ်ပါရဲ့ …. ကျမက မျက်နှာပဲ သနပ်ခါးလိမ်းပြီး လည်ပင်းတွေ လက်တွေ မလိမ်းထားတော့ သူက ထပ်လိမ်းပေးတာပေါ့ … ကျေးဇူးပါ ပန်ပန် … ။
နောက်တခါ ကျမရဲ့ သင်ဆရာ မြင်ဆရာ ဖြစ်တဲ့ ကိုဟယ်ရီနဲ့ တွေ့ပြန်တော့ သူက နည်းစနစ်ကို သေချာဂဏ ရှင်းပြပေးတဲ့အပြင် မှားနေတဲ့ အပိုဒ်တွေကို ထပ်ပြင်ပေးပါတယ်။ ဖတ်ကြည့်ပါဦး။
***
ညှို့ပေသကို၊
မြို့ရွှေဘို သနပ်ခါးကိုလ
တို့မေပျို ပါးကွက်ပါးတင်လို့
အညက်သား လိမ်းလို့ခြယ်။

အလှူပွဲကိုလာ
အမူကဲကာ ဟန်ကိုချီလို့
တရံဆီ မြန်ပြည်ဖြစ်ပါတဲ့
စံသစ်ညီ ပင်နီချောရယ်နဲ့
ယောထဘီ ညိုသွယ်သွယ်၊
သီကာရယ် ဆင်မြန်း။

တပင်နန်းသူ အသွင်
မယ့်စိတ်တွင် ဘာသာထင်လျက်
ရွှေဘ၀င် လေအလျဉ်ဟပ်နေလဲ
မေတခင် ဖြေမရွှင်တတ်ပြီကွယ်၊
ဘိလပ်မြေ မြောက်လေသွေးပြန်တော့
အနောက်ပြေ (ပြည်) မှာ တယောက်မေ မနွေးနိုင်ဘု …
အေးလို့ တုန်ချမ်း။ … ။
***
ကိုဟယ်ရီက အဲဒီလို ပြင်ပေးပြီးတော့ သူ့ဘလော့မှာ ရေးခဲ့ဖူးတဲ့ ပို့စ်ရဲ့ လင့်ခ် လေး ပေးပါတယ်။ အဲဒီမှာပါတဲ့ ဇယားအတိုင်းရေးရင် မမှားတော့ဘူးတဲ့။ ဟုတ်ပါတယ်။ ဇယားနည်းက ကြည့်ရတာ အလွန်ရှင်းလင်းပါတယ်။ ကျေးဇူးအထူးပါ ကိုဟယ်ရီ။

အရင်ကတော့ ကျမလည်း ကိုပြူးကျယ်သို့ပေးစာ မှာ အဲဒီ ဥပဒေသကို အကြမ်းမျဉ်း ရေးခဲ့ဖူးပါရဲ့။ ရေးပြီး မေ့ပစ်လိုက်တာကြောင့် မမှတ်မိတော့လို့ တကယ်တမ်း ကိုယ်တိုင်စပ်တဲ့အခါ ကမောက်ကမ ဖြစ်တော့တာပဲ။ ဒီလိုနဲ့ အရပ်ကူရ လူဝိုင်းရ ဖြစ်သွားတဲ့ "မယ့်ဖြစ်အင်"ပေါ့။

ခုလို စေတနာထားပြီး ဖြည့်စွက် ပြင်ဆင်ပေးကြတဲ့ ညီမငယ် ပန်ဒိုရာနဲ့ အကိုကြီး ကိုဟယ်ရီကို ကျမ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ နောက်ကို ကျမ မှားတာတွေ တွေ့ခဲ့ရင်လဲ မည်သူမဆို ပြင်ဆင်ပေးကြပါလို့ …. ။
***
မေဓာဝီ
၂၃၊ ဇူလိုင်၊ ၂၀၀၉
၂၂း၂၉ နာရီ

5 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာကလည်း ကောင်းတယ်၊ ပြင်ဆင်ချက်တွေလည်း
ကောင်းတယ်၊ ရိုးရိုးသားသားပြောရရင် ကောင်းတယ်လို့
ဘဲ ပြောတတ်ပါတယ် တကယ်ပါ၊ အားပေးလျက်။

ရေတမာ said...

ကဗျာတွေက ချစ်စရာလေးတွေနော်.. ကဗျာလေးတွေ ဖတ်ပြီး ကြည်နှုးတယ်.....

ရွက်လွင့်ခြင်း said...

မမေဓါဝီ အားမငယ်နဲ့ 
ကျွန်တော် မြန်မာစာသမားတောင် ကဗျာကို ဖြောင့်အောင် မရေးတက်ဘူး....း))

တန်ခူး said...

တော်လိုက်ကြတာနော်...ကဗျာရေးသူရော ပြင်ပေးသူတွေရော... လေးစားအားကျမိပါတယ်

nyinyi ko said...

ရွှေဘိုမြို့ရဲ့ ဂုဏ်