Tuesday, July 28, 2009

သျှင်ဥတ္တမကျော် တောလား

“သျှင်ဥတ္တမကျော်တောလား” လို့ ပြောလိုက်ရင် တခြားလူတွေတော့ မသိဘူး၊ ကျမစိတ်ထဲ ချက်ခြင်း သတိရမိတာက “ဘီလူး သွားကို … … ” ဆိုတဲ့ အပိုဒ်ပါပဲ။ တိမ်ညိုမိလ္လာ၊ တိမ်စူကာ ဆိုတဲ့ တိမ်တွေကို ဖွဲ့တဲ့ အဖွဲ့တွေကိုတော့ ဘီလူးရဲ့ နောက်မှ သတိရမိတာ။ ဆယ့်နှစ်ရာသီအလိုက် သစ်ပင် ပန်းမန် ကျေးငှက် သာရကာ ကြယ် တာရာ နက္ခတ်တွေနဲ့ လှပ ပြေပြစ်တဲ့ စကားလုံး အသုံးအနှုန်း တွေ စီခြယ်ရေးဖွဲ့ထားတဲ့ ဒီတောလားကို ကျမ အလွန်နှစ်သက်ပါတယ်။ ခဏခဏ ပြန်ပြန်ဖတ်ရင်း ဖတ်လို့လဲ မ၀ခဲ့ပါဘူး။

ဒါကြောင့် သျှင်ဥတ္တမကျော်တောလား ကို ၂၀၀၆ ခုနှစ် သြဂုတ်လ (ကျမ ဘလော့ကို စမလုပ်ခင် အချိန်လောက်) က မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ နေးတစ်မြန်မာ ဖိုရမ်ထဲမှာ အစအဆုံး တင်ပေးခဲ့ဖူးပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်သူက ဒေါက်တာဘဟန် ဖြစ်ပြီး မြန်မာစာတည်းဖြတ်သူ ကတော့ ဦးသိန်းဟန်နဲ့ ဦးဝန်လို့ ဖော်ပြထားပါတယ်။ ဒီစာအုပ်လေးက ဟိုအရင် တခေတ်တုန်းက ကျောင်းသုံးပြဋ္ဌာန်းခဲ့တဲ့ စာအုပ်လေးပါ။ အခု ကိုမင်းထက်က တောင်းဆို လာတာကတကြောင်း၊ တခြားသော လိုချင်သူများကို မျှဝေလိုတဲ့ ဆန္ဒရှိတာက တကြောင်း တို့ကြောင့် အခု ထပ်ပြီး ဘလော့မှာ ဖော်ပြ လိုက်ပါတယ်။ မူရင်းစာအုပ်က ကျမနဲ့ အတူ မရှိတာမို့ နေးတစ်ထဲကနေ ကော်ပီယူပြီး ဇော်ဂျီစာလုံး ပြန်ပြောင်းထားတာပါ။ အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာလုံး အတွက် စာအပေါက် အကျ၊ အမှားအယွင်းများ ရှိခဲ့ရင် ကျမမှာသာ တာဝန်ရှိပါကြောင်း ၀န်ခံပါတယ်ရှင်။
***
ဒီနေ့တော့ တောလားကိုးပိုဒ်ထဲက ပထမပိုဒ်ကို အရင်တင်ပါမယ်။ အရင်ဆုံး စာအုပ်ရဲ့ အမှာစာမှာ ရေးထားတာလေးကို အနည်းငယ် ကောက်နုတ်ဖော်ပြ ပါရစေဦး။

“တောလားကြီးသည် လေ့လာရန်မလွယ်ကူ။ ကဗျာအလေ့အထ နည်းသူတို့အဖို့ သျှင်ဥတ္တမကျော်၏ လ-အက္ခရာ အသုံးမှာ နားမချမ်းဘွယ် ဖြစ်သည်။ သို့သော်လည်း စာဆိုပုဂ္ဂိုလ်၏ အကိုင်အတွယ် ကျွမ်းကျင်မှုကြောင့် ဤ အသုံးရ ခက် အက္ခရာမှာ လတ္တံ့ဟူသော အနက်ကို ဆောင်ရလေသည်။

သျှင်ဥတ္တမကျော်၏ ကိုယ်ရေးဆုတောင်းမှာ ဤကမ္ဘာတွင်ပင် နောင်ပွင့်အံ့သော အရိမေတ္တယျဘုရား အထံတော်တွင် ဘုရားဖြစ်ရန် ဗျာဒိတ်ကြားခြင်းကို ခံယူ ရလို၏ ဟူ၍ နောက်ဆုံးပိုဒ်တွင် ဖော်ပြထားချက်ဖြစ်သတည်း။”
***
သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၁)
စက်ဆယ့်နှစ်လီ၊ ဒွါဒသီဝယ်၊ သုံးလီဥတု၊ လက်ဝယ်လုသား၊ ရတုသာစွ၊ လမဏ္ဍလျှင်၊ သဘင်ဂိမှာန်၊ တာသင်းကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍၊ ဥဏှဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ သီးကင်းနုစ၊ အချို့ကမူ၊ သြဇရသာ၊ နတ်သုဒ္ဓါသို့၊ ချိုစွာတင့်မော၊ ငှက်ပျောသခွါး၊ သဖန်းခါးနှင့်၊ သျှစ်သျှားသမ္ဘရာ၊ သြဇာသရက်၊ ဖက်သက်တရော်၊ မြတ်ရှင်တော်ကို၊ ပူဇော်လို့ငှါ၊ သီးကြရှာ၏၊ မဟာလှေကား၊ ဆတ်သွားရင်ခတ်၊ ခိုင်ညွှတ်ကံ့ကော်၊ ထိုထိုသော်လည်း၊ တော်သင်းကြန်ဝင်၊ ဥည်သဘင်၌၊ ညွန့်ရှင်လုလု၊ ဂုဏ်တင်းပြုလျက်၊ မာန်ပုံဖက်၍၊ မင်းထက်မင်းဖျား၊ တို့ဘုရားကို၊ ညွတ်တွားသဒ္ဓါ၊ ဖူးပွင့်လာ၏၊ အာကာသဓာတ်၊ ကောင်းကင်ရပ်က၊ ဇောတရသ်ချယ်၊ နတ်ဘုန်းကြွယ်တုံ၊ ပြိုင်ဆွယ်ကာက၊ ကက္ကဋနှင့်၊ ဟင်္သာ့တာရာ၊ ရံဝန်းကာလျက်၊ ညီလာစုံခံ၊ ကွန့်မြူးစံရှင့်၊ တိမ်ပြတာန်စု၊ တဂုဏ်လုသည်၊ ကျေးဥအရောင်၊ မိလ္လာဘောင်ဝယ်၊ တိမ်တောင်စက်သွား၊ တိမ်ရထားနှင့်၊ ကိုးပါးန၀ရတ်၊ တိမ်ပြာဿာဒ်လည်း၊ လူ့ထွဋ်ပရမေ၊ သုံးလူ့ဆွေကို၊ ညွတ်ခွေဦးတင်၊ ရှိပန်ဆင်ခဲ့၊ တောခွင်တောင်ထု၊ ပျော်ကြောင်းလုသည်၊ တောင်သူ့ဓလေ့၊ ယာမီးကြွေ့သား၊ မျိုးစေ့မြေနှံ၊ ဒေ၀မာန်လျှင်၊ ညံတခြိမ့်ခြိမ့်၊ ဘ၀င်စိမ့်မျှ၊ သိမ့်သိမ့်ရိုက်ကျော်၊ ဗုဇွန်ဆော်၍၊ ခါတော်သဘင်၊ ဖက်နွှဲယဉ်သို့၊ ညွန့်ရှင်ခက်သွယ်၊ တောနိကာယ်တုံ၊ အံ့ဘွယ်သရဲ၊ ကဲကြဆင့်ဆင့်၊ ပင်လုံးဝင့်လျက်၊ ပင်မြင့်ပင်လတ်၊ ပင်ပျပ်ပင်စောက်၊ ဖူးညှောက်ကိုက်နု၊ စည်းဝေးပြု၍၊ သီးမှုသန္ဓေ၊ သုံးလူ့ဆွေကို၊ ရိုသေလှစွာ၊ ကမ္ဘာလိုလိုက်၊ စရိုက်အားကိုး၊ ညွန့်ညွန့်ဖြိုးသည်။ ။ သီးမျိုးခိုင်ညှာ လ,ပြွတ်တည်း။
***
The sun swings westward aslant. Signs and seasons speed in procession to where the let keeps its station high in the eastern sky. Innocent freshness decks the Thingyan season of the infant year. April airs sweep along in fitful gusts. Phoebus’ crystal disc shoots its fiercest blaze in a thousand rays. Withered leaves shaken from the spray glide down on the aery surge as if in mystical ecstacy. Their sapphire hue seems dashed with gold. A clamour of colour fills the vernal woods. Tender fruits peep from the budded quicks and mellow clusters luscious as ambrosia sway in the air. The golden banana, the cold cucumber, the bitter sycamore, the tart shitsha, the acid lime, the delicious custard-apple, the juicy mango, the restless petthet and the riotous grewia rush to render their homage to the thrice-adored Sage. The Mahahlega varied in colour, the satthwa fragrant as ever, the yingat with its yellow bud, the gangaw subtle in odour put forth their blooms on this occasion of joy and mirth. In the pride of nature impatient of out-blooming the rest, each bares its breast in adoration to the King of Kings. Lesser lights constellate in the ambient sky and take fancy shapes. Lo, the crow, the crab, the sheldrake shine around the moon’s loveliness. Bank of cloud shot with shades of azure and sable fleece the sky. They shift and wave and form now a wheel, then a chariot and again a nine jeweled turret. The noiseless columns bow before the peerless superman in splendid rivalry. Joyous peals of thunder usher in the seeding-season and urge the tribes of the hills to burn and till and sow their land as is their use and wont. It is now the time of song and dance. The drumming thunder rings through the folding circles of heaven like the plangent roll of the crustacean drum in honour of the enlightened One. In the forest grove trees and planets both high and low – are crowned with sprout and bud and fruit. Fruit-laden branches and boughs pay their vows mortal-wise to the exalted One.
***
နောက်နေ့တွေမှ ကျန်တဲ့ အပိုဒ်တွေ ဆက်ပြီး တင်ပါမယ်။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါဦး။

မေတ္တာဖြင့် ...

မေဓာဝီ
၂၈၊ ဇူလိုင်၊ ၂၀၀၉
၁၂း၃၀ နာရီ

12 comments:

Ko Paw said...

အဲသည် တောလားထဲက စာသားတွေကို စိတ်ထဲမှာ စပြီး စွဲငြိမိတာက….

“သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့….” ဆိုတဲ့ စာသားလေးကို ထုတ်နှုတ်ပြီး ရှုမ၀ ရုပ်ရှင်၊ ဒါရိုက်တာ မောင်ဆွေတင့်ရဲ့ “သိင်္ဂီတ၀က်၊ မြတ၀က်” ရုပ်ရှင်ဇာတ်ကား ကြော်ငြာ မဂ္ဂဇင်းတွေမှာ တွေ့ရကတည်းက စိတ်ဝင်စားခဲ့တာ။

တကယ်တမ်း အဲဒီကဗျာကို စသင်ရတော့ တက္ကသိုလ်မှာ ဒုတိယနှစ်။ ဒါပေမယ့် ကျနော်တို့ သင်ရတဲ့ အပိုဒ်က “လေခမြေသက်၊ ဈာန်ဝိတက်သို့…. ကနေစပြီး… ပူဇော်လို့ငှါ သီးကြရှာ၏… အထိရယ်၊ ပြီးတော့ တိမ်ညိုမိလ္လာ၊ တိမ်စူကာ အပိုဒ်ရယ် နှစ်ပိုဒ်ပဲ သင်ခဲ့ရတာပါ။

အချိန်ပေးပြီး တင်ပေးတဲ့အတွက် ကျေးဇူးပါ။

ကလူသစ် said...

ဒါမျိုးစာတွေက ကလူသစ်အတွက်ကတော့ နွားကို ပလာတာကျွေးသလိုပဲနေမှာ ခွိခွိ

ကိုအောင်(ပျူနိုင်ငံ) said...

အပင်ပန်းခံပြီး တင်ပြထားတာ ကျေးဇူးပါ။ အားပေးလျက်။

Ko Min Htet said...

မေဓာဝီဆရာမရေ့ သိပ်ကျေးဇူးတင်ရပြန်ပီနော်။ တကယ်ပါဗျာ။ တောင်းသမျှပေးနိုင်တဲ့ ဘလော့ပိုင်ရှင် မေဓာဝီကို အစဉ်အားပေးလျှက်ပါ။ ကျနော်ကတော့ ကျောင်းစာတွေနဲ့ နပန်းသတ်နေရလို့ မရေးနိုင်သေးဘူး။ သြဂုတ်လကုန်မှပဲ ကောင်းကောင်းပြန်ရေးနိုင်တော့မယ်။ ကျေးဇူးနော်။

ကိုလူထွေး said...

MDW တင်ပြမှပဲ ဒီလိုစာမျိုး ဖတ်ရကောင်းမှန်း သိတော့တယ်... တချို့ စကားလုံးတွေ သိပ်နားမလည်ပေမယ့် ဒီလိုသဘောပေါက်တယ်...

သစ်သီးတွေသီးတယ်
ဘုရားရှင်ကို ဆည်းကပ်ဖို့

တိမ်တိုက်တွေထွန်းတယ်
မြတ်ဗုဒ္ဓကို ဦးညွှတ်ဖို့...

ပန်းမာလာတွေ ပွင့်တယ်
သုံးလူ့ရှင်ကို ပူဇော်ဖို့...

အောက်ဆုံးတကြောင်းကတော့ ဘယ်တော့မှ မေ့တော့မယ် မထင်ဘူး...

းဝ)

Ko Paw said...

တခုမေးဖို့ ကျန်ခဲ့လို့ပါ။

မောင်ဆွေတင့်ရဲ့ “သိင်္ဂီတ၀က်၊ မြတ၀က်” ရုပ်ရှင်ကြော်ငြာမှာ ကဗျာစာသားကို နောက်တမျိုး ထည့်သွင်းထားပုံက “မြရောင် ရွှေရောင်၊ လေသာတောင်မှာ၊ ညိုရောင်ရောစပ်၊ ဇောတရသ်သို့၊ (ပြောစမှတ်ထူး၊ သောမနဿ်နူးစေဖို့ ??)” ဆိုတဲ့ ထုတ်နှုတ်ချက်ကလေးကိုလည်း ရေးရေးမှတ်မိတယ်။ အဲဒါ ထုတ်နှုတ်ချက်ကရော ရှင်ဥတ္တမကျော် တောလားထဲက စာသားတွေပဲလား… မမေဓါဝီ။ ဒီပို့စ်မှာ ဖော်ပြထားတဲ့ အပိုဒ်ထဲမှာ “ဇောတရသ်ချယ်” ဆိုတဲ့ အသုံးကို တွေ့မိလို့ပါ။ ဇောတရသ်ရဲ့ အဓိပ္ပါယ်ကလေးကိုပါ တဆိတ်လောက် ကျေးဇူးပြု၍ ဖြေပေးပါ။

Maydarwii said...

အားလုံးပဲ ... လာဖတ်ကြတာ ကျေးဇူးတင်ပါတယ်ရှင်။

ကိုပေါရေ .. ကိုပေါပြောတဲ့ "မြရောင်ရွှေရောင်" ဆိုတာ ကျမဖတ်မိသလောက်တော့ ဒီထဲမပါဘူးရှင့်။
ဇောတရသ် ဆိုတာကတော့ ဇောတိရသ် ကိုပြောတာပါ။ စာရိုက်စဉ်က ကျမ ကျန်ခဲ့သလားတော့ မပြောတတ်ဘူး။ မူရင်းစာအုပ် အနားမရှိလို့။
စတုတ္ထပိုဒ်မှာတော့ ... "မဟာဇောတိရသ်၊ လောကဓာတ်ဝယ်၊ မျက်မြတ်ရည်မှန် ..." ဆိုပြီးပါတာ တွေ့ရပါတယ်။

ဇောတိရသ်ဆိုတာက အရောင်တောက်ပြီး အလိုပြည့်စေသော မနောမယ ပတ္တမြား (နေမင်းစိုးမိုးသော ရတနာ) လို့ နေးတစ်ဖိုရမ် တုန်းက ဘကြီးဝိဟာရီ ဆိုသူ အနက်ဖွင့်ပေးထားတာ ရှိပါတယ်။
ဦးဟုတ်စိန်ရဲ့ အဘိဓာန်ထဲမှာတော့ ခုလိုတွေ့တယ်။
ဇောတိရသ် = the all wish-giving gem (ဇောတိရသ) ... တဲ့။

အဲဒီလောက်ဆိုရင် ကိုပေါ ကျေနပ်လက်ခံလိမ့်မယ် ထင်ပါရဲ့။

Ko Paw said...

မမေဓါဝီ…. အင်မတန် ကျေနပ် နှစ်သက်မိပါတယ်။ အခုလို ဖြေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်ပြောတဲ့ စာသားဟာ အဲသည်ထဲမှာ မပါဘူးဆိုရင် ရှင်ဥတ္တမကျော် တောလားထဲက မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။

ဟုတ်တယ်။ ဇောတိရသ လို့ ဖြေပြလိုက်မှ ဆက်စပ်ပြီး မှတ်မိလာပြီ။ ဟိုမေရှင် သီချင်းထဲ (မောင်ရှေ့ကို တည့်တည့်လျှောက်မယ်လေ၊ မေလည်း တည့်တည့်လိုက်ကာ လျှောက်မယ်မောင်ရေ.. ဆိုတဲ့သီချင်း) မှာ အဲသည် ဇောတိရသ ဆိုတဲ့ အသုံးအနှုန်း ပါတာပဲ။ အခုလို့ အနက်အဓိပ္ပါယ်ပါ သိရတော့ ပို အဓိပ္ပါယ်ရှိသွားတာပေါ့။

“မိဘ၀တ္တရား ချီးမြှင့်အပ်သော အရွယ်ပေ၊ တင့်တယ်လျောက်ပတ်ရွေးချယ်၊ မျိုးနွယ်တူဆွေ၊ (သုပဏ္ဏကအခါ?) မင်္ဂလာ ရက်မြတ်မလေ၊ စုလျားရစ်ခွေ ဇောတိရသ ပတ္တမြား နိတုံရွှေ.. မင်္ဂလာရှိကြောင်း ကျက်သရေ… အောင်ကြောင်းဆုခြွေ… လိုရာ အဖြာဖြာ အောင်ပါစေ… မောင်မယ်တွေ”

ခါးခါး said...

အရင်ကတော့ ဆရာလေးတပါးရေးတယ်ထင်လို့ ၀င်မဖတ်မိဘူးဗျ။ကိုမင်းထက်ကတဆင့်ရောက်လာတာဗျို့။ လာရကျိုးနပ်ပါတယ် မမေဓာ။ကျေးဇူးပါနော်။

Anonymous said...

Hey really nice weblog!Guy Beautiful . Astounding.I'll bookmark your website and take the feeds also.


my website is Korean Words .Also welcome you!

Anonymous said...

Great post as usual - here is a little something that made me smile :)
The shortest distance between two points is under construction. :)



http://blog.rssmax.schnaapit.com/?p=1692

Anonymous said...

ကျေးဇူးကြီးလှပါတယ်မမေဓါဝီ.. နောင်လာနောက်သားများအတွက် ကြီးမားသောအကျိုးကိုဆောင်တာပါပဲ
ဆွေးနွေးပါရစေ။
တောလား ၉ပိုဒ်မှာ လ အချတွေဟာ ဆရာတော်တမင်တကာသုံးခဲ့မှန်းသိသာလှပါတယ်။
လ ကို လတ္တံ့ လို့ပြန်ဆိုတာကိုဘ၀င်မကျမိပါ။
မှတ်ဖူးခဲ့တာလေးတင်ပြပါရစေ။ အဲ့ဒီခောတ်က လ ဆိုတဲ့အသုံးကို နုနုရွရွ လှလှပပ တွင်တွင်ကျယ်ကျယ်သုံးလာကြတော့ ဆရာတော်က တမင်ရွဲ့ ပြီးသုံးခဲ့တယ်၊ အရွှန်းဖောက်လိုခဲ့ပုံလဲရပါတယ်တဲ့
ပြန်ဆွေးနွေးပေးပါခင်ဗျား