Friday, July 24, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၃)

ဒီတပတ် အပိုင်း (၃) မှာ ဦးပုညနဲ့ အချုပ်တန်း ဆရာဖေတို့ရဲ့ ကလိယုဂ် ကဗျာတွေကို ဆက်ပြီး ဖော်ပြပါမယ်။ အစကတော့ ကိုးကားစာအုပ်ဖြစ်တဲ့ “ကဗျာသင်္ဂဟမေဒနီ” ထဲမှာပါတဲ့ ကဗျာဥပဒေသတွေကို ချန်လှပ်ခဲ့မလို့ပါပဲ။ ပါဠိတွေရောထွေးနေတဲ့ “စာလေး”တွေမို့ ဖတ်သူတွေ သိပ်စိတ်ဝင်စားမယ် မထင်မိသလို ကျမကိုယ်တိုင်လဲ ရိုက်ရမှာ ပျင်းနေလို့ပါ။ ဒါပေမဲ့ ကိုဟယ်ရီက သူနဲ့ဆုံတိုင်း အဲဒီဥပဒေသတွေ တင်ဖို့ တိုက်တွန်းသလို မလေး (အိမ့်ချမ်းမြေ့) ကလဲ အချိန်ရရင် တင်ပေးဖို့ ကွန်မန့်ထဲမှာ ရေးခဲ့ပါတယ်။ ဒါ့အပြင် ကိုရန်အောင်နဲ့ ခဏတွေ့ခိုက် သူကလဲ ဒေါသတွေအကြောင်း ဖတ်ချင်တယ် လို့ ဆိုပြန်တာကြောင့် ဒီဥပဒေသတွေကို ကြိုးစားရိုက်တော့မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။

ကဗျာ့ဥပဒေခန်း အစမှာ “မြန်မာ” ဆိုတဲ့ ဝေါဟာရ ပြောင်းလဲ ဖြစ်ပေါ်လာပုံကို အရင် ဖော်ပြလိုက်ပါတယ်။
***
ကဗျာ့ဥပဒေခန်း
မြန်မာဟူသောဝေါဟာရ
ဗု၊ ဓံ၊ သံ၊ န။ ။ ဇယတု သဗ္ဗမင်္ဂလံ

ခပ်သိမ်းသော ပရမတ်ပညတ် အသံမျိုးအရပ်ရပ်တို့သည် သောတ၀ိညာဉ်၏ အာရုံအဖြစ်သို့ ရောက်တတ်သောကြောင့် ၎င်း၊ ရွတ်ဖတ်ပြောဆိုအပ်သော အရာကြောင့်၎င်း သဒ္ဒါဟူသော လောကသင်္ကေတ အမည်ထူးရလေကုန် သတည်း။ သို့ရသော သဒ္ဒါ၏ ဖြစ်လာခြင်း အကြောင်းဟိတ်လည်း စိတ္တဇ, ဥတုဇ သဘာဝအားဖြင့် နှစ်ဌာနပင် ရှိချေသည်။ ထိုသဘာဝ နှစ်ဌာနတို့တွင် စိတ္တဇသဒ္ဒါကား - မာဂဓ, မြန်မာ စသောအားဖြင့် ကွဲပြားသော ဘာသာ အရာမက များပြားစွာသော်လည်း ကမ္ဘာဦးသူ လူပညာရှိတို့၏ အာဒိဝါစာ ပ၀ရ ပါဠိဘာသာ - မာဂဓသည် ဘုရားစကားတော်နှင့် သင့်လျော်ညီညွတ် သောကြောင့် နှိပ်, လွှတ်, လေး, ပေါ့, တင်း, လျော့, ရှည်, တို, ဖြတ်, စပ်, ရွတ်, ဖတ်ခြင်းငှာ လိုအပ်သော ထိုထို ပဗ္ဗဇ္ဇဥပသမ္ပဒ-နှစ်ဖြာစုံတို့၏ သရဏဂုံ ဉတ် ကမ္မ၀ါစာတို့၌ သုံးဆောင်မှီဝဲရာ အထူးထိုက်ရကား မကိုဋ်သင်းကျပ် ဘာသာမျိုး အရပ်ရပ်တို့ထက် မြင့်မြတ်သော ဗုဒ္ဓဘာသာကြီး ဖြစ်ပေသည်။

ပဋိသမ္ဘိဒါ၊ ရတနာရောင်ဆိုင်၊ ဉာဏ်မဏ္ဍိုင်ကို၊ အပိုင်ရကြောင်း၊ ကောင်းမြတ်သော ဂုဏ်ကျေးဇူးနှင့် အထူးပြည့်စုံသော အရိယဘာသာလည်း ဖြစ်ပေသည်။

အာဒိကပ္ပ၊ ဗြဟ္မတသိန်၊ သုခမိန်တို့၊ ရှုချိန် ဆုံးဖြတ်၊ ခေါ်ပညတ်ရင်း ဖြစ်၍၊ အရပ်ရပ်သော ဘာသာဟူသမျှတို့၏ မူလဘာသာကြီးလည်း ဖြစ်ပေသည်။

ထို အာဒိဘူတ မူလရင်း ဗြဟ္မာလူမျိုးတို့ သုံးစွဲရိုး မာဂဓဘာသာသည် ကာလဒ္ဓါန၊ ရှည်ကြာလှသဖြင့်၊ တရာ့တပါး၊ လူမျိုးပြားတိုင်း၊ တိုးပွါးပြီးခါ၊ ဘာသာလည်း တိုးပွါးလာကုန်သည်။

ထိုတွင် ဗြဟ္မာ, ဗမာ, မရမ္မာနှင့် မြန်မာ ယခုတွင်ကြောင်းမှုကား “ဂုဏ၀ိသေသေဟိ ဗြူဟိတာ ၀ုဍ္ဎိတာတိ ဗြဟ္မာ” ဟူသော ၀စနတ္ထနှင့်အညီ ရူပါရူပ ရပ်ဌာန်၊ ဘုံကြီးစံတို့သည်၊ ဈာန်အဘိညာဉ်၊ တိမ်ယာဉ်စီးကာ၊ ကြီးပွါးစွာကုန်သောကြောင့် ဗြဟ္မာဟု အမည်ရကြောင်း။

၎င်းဗြဟ္မာတို့ တန္တု၊ ဥပစာဈာန်၊ ဘုံကြိုးဘန်၍၊ ငှက်ဟန်မိုးခေါင်၊ ပြိုးတပြောင်လျှင်၊ ကိုယ်ရောင်ကိုယ်ဝါ၊ ဗြဟ္မာနှင့် တူစွာသောကြောင့် “ဗြဟ္မာ ၀ိယာတိ ဗြဟ္မာ” ၀စနတ်လာသည်နှင့် အညီ ကမ္ဘာဦးသူတို့လည်း ဗြဟ္မာ မည်ကြောင်း။

၎င်းကမ္ဘာဦးသူ လူဗြဟ္မာအဆက်ဆက်တို့မှ ဆင်းသက်ပေါက်ဖွားသော သား, မြေး, မြစ် တစုကိုလည်း “ဗြဟ္မုနော အပစ္စံ ပုတ္တာတိ ဗြဟ္မာ” ဗြဟ္မာဟူ၍ပင် ခေါ်ထိုက်ကြောင်း။

၎င်းဗြဟ္မာဝံသ၊ မျိုးမည်မှလျှင်၊ ကာလညောင်းသော်၊ ခေါ်လွယ်စိမ့်ငှာ၊ အရစ်ဟူသော ရ-ကြီး အက္ခရာ၊ သံယုတ်ဟူသော ဟ-အက္ခရာ၊ ပျက်ကွာသမှု၊ အချို့သော ဗြဟ္မာစုကို၊ သဒ္ဒါပြုမပို၊ ဗမာဟု ခေါ်ဆိုသည်။

ထိုဗမာမှ တခါယွင်းဖောက်၊ ဗ-လုံးလုံးပျောက်ခဲ့၍၊ ထို့နောက် မရမ္မ၊ ထို့နောက် မြတွင်၊ ရမ္မပစ္စည်း၊ နည်းသစ်တဖန်၊ ရမုဓာတ်ကြံပြီးလျှင်။ ။ “မဟန္တေ ဗုဒ္ဓဘာသိတဓမ္မေ ရမေတီတိ မရမ္မာ၊ ဧ၀ံ မြန်မာ” ၀စနတ် နှစ်ဖြာနှင့်အညီ၊ မြတ်စွာဘုရား၊ ဟောကြားမြွက်ဖော်၊ တရားတော်၌၊ မွေ့လျော် နှစ်သက်သမှု၊ လိုက်နာကျင့်ကြံခြင်း ပြုတတ်သောကြောင့် ဤယခု မရမ္မာမျိုး၊ မြန်မာမျိုးဟု၊ တန်ခိုးမတိမ်၊ သီရိနြေ္ဒ၊ တက်သစ်နေကဲ့သို့။ ပရမေ ဥက္ကဋ္ဌ၊ သမုတ်ရသော၊ ဗုဒ္ဓဘာသာကြီး ဖြစ်ပေါ်လေသည်။
***
ကလိယုဂ်ကဗျာခန်း (၃)

စလေဦးပုည အတ္ထုပ္ပတ္တိ

စလေဆရာကြီး ဦးပုည အကြောင်းကား - စလေမြို့ ဘွားရာဇာတိ၊ ငယ်မည် ကိုပုတ်စည်၊ ရှင်မည် ဦးပုညဟု ကျော်စောကိတ္တိရှိပေသော စလေ ဆရာကြီး သည် ငယ်ရွယ်စဉ်ကပင် အတတ်ပညာ အရာရာနှင့်တကွ မန္ဒာခိဋ္ဋ၊ သိပ္ပဆည်းစု၊ ဗဟုဿုတ၊ ဂန္ထန္တရ၊ သုတဗုဒ္ဓိ၊ က၀ိတဆူ၊ ပေါ်ပေါက်လာရကား မန္တလေး ရတနာရုံ နေပြည်တော်ကြီးကို လက်မွန်အစ ပဌမမြို့နန်း တည်ထောင် စံနေတော်မူသော ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတရားကြီး ဘုရား ရွှေလက်ထက်တော်တွင် ရွာစည်ရွာစား မင်းလှသင်္ခယာဟူသော ဘွဲ့တံဆိပ်နှင့် သူကောင်းပြုတော်မူသည်ကို ခံရလေသည်။ ၁၂၂၈-ခု ညီတော် အိမ်ရှေ့မင်း အရေးတော်ပုံတွင် ကွယ်လွန်ရှာလေသည်။

ရေးသားသောစာ စာရင်း
(၁) မန္တလေးမော်ကွန်း
(၂) ရတနာနဒီမော်ကွန်း
(၃) ဇင်းမယ်နိုင်မော်ကွန်း
(၄) သင်္ဂြိုဟ် ၉-ပိုင်း သရုပ် အဓိပ္ပါယ် တေးထပ်
(၅) ၀ိဇယ, ပဒုမ, ကောသလ, ရေသည်, ၎င်းပြဇာတ် လေးစောင်
(၆) ဝေဿန္တရာဇာတ် ဟောစာ
(၇) ဗေဒင်ဟောကိန်း ရကန်
(၈) ပျို့ကဗျာ, လင်္ကာ, ရတု, ရကန်, ဧချင်း, မော်ကွန်း, သမိုင်း, သံပိုင်း, တေးထပ်, သဖြန်, မှာတမ်း, တုံးချင်း, တောလား, ရေလား, ငိုချင်းရှည်, မေတ္တာစာ အမျိုးမျိုး
(၉) သာသနာလျှောက်
(၁၀) တရားစာ အမျိုးမျိုး
(၁၁) ဗေဒင်ကျမ်း၊ ဆေးကျမ်း
အစရှိသည်တို့ကို နောက်သားနောင်လာ သိဿာနု သိဿ အစဉ် အဆက် လေ့ကျက် မှတ်သားစေရန် ရေးသား ထားခဲ့လေသတည်း။
***
စလေ ဆရာကြီး ဦးပုညဆို ကလိယုဂ် တေးထပ်
(၁)
ကာလနှယ် ဆိုးပါဘိ၊ သူခိုးကလူလူ။ တောလေ့ပေါက်နန်းမူ၊ အိမ်သူကို ဧည့်စောင်း။ သူကောင်းကို သက္ကရာဇ်တင်၊ တောင်ယာ့ရှင် မျောက်လိုက်လို့ မောင်း။ ။ လေးတရာ ဆီမှန်လျှင်၊ ရေနံလောက် မကောင်း။ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်။ တူရိယာ နတ်စည်စောင်း၊ သူပုန်းတောင်း ချင်းကတဲ့သွင်။ ။ ၀ါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ် ကြံချေပြီ၊ ဘုန်းရို့ဝသီ။ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်း ပလေး။ ။

၎င်းဆို တေးထပ်
(၂)
လောကဓံ ချောက်ချားလို့၊ ကြောက်ပါးလိ လူ့ပြေ။ နောက်ပွါးသည့် ဥပဒေ၊ မှုအနေမကျ။ လူ့ဗာလ ထင်ပေါ်၊ မြင်မြော်သူ နဲတဲ့ကာလ။ ။ တပ်ကပ်မှာ မေတ္တာ၊ ဆုပ်ကပ်မှာ ဓန၊ ခေတ်အလာ ၀ိသမ၊ ဗြဟ္မစိုရ် ရပျောက်ကွယ်။ ပညာရှင် မှန်ကထဲ၊ မွဲရင်ဖြင့် မိုက်ရတော့မယ်။ ။ ငွေရှိမှ တင့်တယ်သည်၊ လူမမယ် ဒွိဟိတ်မို့၊ ဒေါင်းနှိပ်မှ ခုခါတွင်၊ လောကမျက်မြင်။ ဒင်္ဂါးဌေးမှ ခင်လေးကြင်မယ်၊ ကချင်, ကရင်, ချင်း ဖြစ်စေတော့လေး။ ။
***
အချုပ်တန်းဆရာဖေဆို ကလိယုဂ် တေးထပ် (အတ္ထုပ္ပတ္တိ မပါ)
(၁)
မော်ဖို့ရာ လမ်းမရှိပါဘု၊ မှန်းဂတိ ဆုတ်ကွာ။ ဆန်းကလိ ယုဂ်အခါမှာ၊ မဟုတ်တာ ပွင့်လင်း။ သဘောဖြောင့် ရေလိုက်ကြံရင်၊ ငွေပိုက်ဆံ ရှားတဲ့ ခေတ်တွင်း။ ။ မုသားကို အပြောသန်သည်၊ မနောကံ ပျက်ယွင်း၊ လောကဓံ စက်တွင်းမှာ၊ လင်းငင်းခုမသွေ။ ပြုမဲ့ဆို မကြောက်ငြားပါဘု၊ တယောက်သား လဲလို့ သေသေ။ ။ မထောက်ထား ဆိုးဝါးချေသည်၊ မိုးခါးရေ အကုန်သောက် တာမို့။ ယုံလောက်ဖို့ ဘယ်သူ ဘယ်လူ၊ လောက မဖြူ။ ကောသလ စက်ပျော် သူရယ်၊ မက်တော်မူ သည်ကိန်းထင့်လေး။

၎င်းဆို တေးထပ်

(၂)
သည်ခေတ်တွင် သည်ကာလ၊ ငွေစတဲ့ ရှေ့ဆောင်။ မွဲရင်ဖြင့် လူ့ဘောင်မှာ၊ ခွေးတောင်မှ မလေး။ မျိုးဇာတိ နွယ်မှန်လျှင်၊ ငွေဓနံ ရှိအုံးမှအေး။ ။ ဗူးတောင်းနစ် ဇောင်ချမ်းပေါ်သည်၊ ပုံဆိုသော် မဝေး။ တ၀မ်းဝင် တမိမွေး သော်မှ၊ ပေးနိုင်မှ ချစ်ကြည်။ ဆွေမျိုးကို မဆိုထားပါနှင့် ငွေအားသာ ဖြစ်ပါတော့သည်။ ဗြဟ္မစိုရ် လေးမည်၊ မတည်ကြည် ကုန်ကင်းလို့။ ငွေအရင်း မင်းမူသည့်တာ၊ တင့်တယ်လှပါ။ လူရည်တတ် မျက်နှာငယ်၊ စက္က၀ါ နယ်ဝန်းသို့လေး။

၎င်းဆို တေးထပ်
(၃)
မျက်နှာပေး မမာကြပါနှင့်၊ ထာဝရ ပြုံးပါ။ ကာလကို နှလုံးနာသည်၊ မုန်းစရာ ကရို့။ လေပြင်းဥက် (အုတ်) ဆက်ကွာအောင်၊ တုတ်စကြာ မွှေ့တဲ့ခါမို့။ ။ ဇာတ်တူချင်း ယခုခါမှာ၊ ကရုဏာကွာလို့။ အမှုသာ ရှာလို့ပ၊ မြန်မာတို့ စိတ်မှာ။ ဥပုသ်တော် ထားပြရိုးပါလို့၊ တရာ့ကိုး ဖမ်းတဲ့အခါ။ ။ ခွတမျိုး မချမ်းသာတယ်၊ လမ်းပလာ ဉာဏ်ထုတ်လို့၊ သံတုတ်နှင့် ဇီဝိန်ခြွေ၊ တိုင်းပြေသိပေ။ လိမ်မာမှ အသက်ရှည်မယ်၊ အခက်တွေ ပွေလွန်းလို့လေး။ ။

၎င်းဆို တေးထပ်
(၄)
ဒေါင်းမော်လျှင် ခေါင်းပေါ်ခွစေတော့၊ ပေါင်းဖော်ရ ကြည်ညို၊ နူကွက်လို့ လူလက်တိုစေ၊ ယူဘက်ကို မငြင်း။ ငွေရှိလို့ ဒင်္ဂါးကြွယ်လျှင်၊ မင်းလားကွယ် ဆွဲလိမ့်အတင်း။ ။ ပိုးပုဆိုးနှင့် မြော်မြင်ယူတယ်၊ ခေါ်ချင်သူ ထင်လင်း။ ဘုရာ့တကာ ကြွပါ မင်းရယ်လို့၊ ခ-၀ပ်စင်း ရိုသေ၊ ဘယ်လောက်ပင် ပညာဖုံး သော်လဲ၊ နင်ဘာတုန်း မေးတဲ့ခေတ်ပေ။ ။ သမီးနှင့် ပြီးမသွေ၊ ဇနီးဆွေ မမြှူရပါဘု။ ငဖြူစ ငွေမျက်နှာ၊ လိုက်တဲ့ ခေတ်ပါ။ ငွေစကားနှင့် တင်စားလာလျှင်၊ မင့်ပညာ ဘာပြုလိမ့်လေး။ ။

၎င်းဆို တေးထပ်
(၅)
ဝိပ္ပတ္တိ ခေတ်သမယ၊ ညစ်နိုင်မှ လူတော်။ ရိုးပြန်က အမိုက်ခေါ်သည်။ လော်လည်လျှင် ထင်ရှား။ မှန်အဖြောင့် ဓမ္မရင်မှာ၊ ဓားပြပင် ဖြစ်မည့်အလား။ ။ ကောက်အကျစ် နှောကာကြံလျှင်၊ သောတာပန် မခြား။ သြဘာသံ စကားနှင့်၊ ကြွားနိုင်မှ လိမ္မာ။ ၀င့်ဝါ၀ါ မူချော်စောင်းသူတို့၊ သူတော်ကောင်း ဖြစ်မည့်အခါ။ ။ လိမ်နိုင်မှ ဓိသမာ၊ က၀ိလျာ ခေါ်ကြလို့၊ ဟော်တ၀-ရူးတဲ့ဟန်၊ ထူးငဲ့ ခေတ်မှန်။ ကောသလ သုပိန္နံငယ်၊ မှုကြိမ်ဖန် ထပ်လွန်းလို့ လေး။ ။

၎င်းဆို တေးထပ်
(၆)
လူမြင်ရင် အောက်ကိုကြို့ပါရ၊ ကြောက်စေဖို့ မျက်မြင်။ နောက်ပွေလို့ ခက်ချင်၊ လက်မတင်ခါပ။ လကွယ်နေ့ မီးသွေးပုံလို၊ ကျီးမွေးပုံ မဲတဲ့ကာလ။ ။ မောင်းချဓား ရွှေလက်ကိုင်၊ သေရက်ဆိုင် ၀င်ကြ။ ရွှေစက်တိုင် တင်ရအောင်၊ ထင်သမျှဆိုးတယ်။ မျက်နှာတော် ဂုဏ်သိန်လုပ်၊ စိန်သံတုတ် ထမ်း၍သာလယ်။ ။ ခုကြုံရ မန်းမြေနယ်မှာ၊ ထန်းရေသယ် ဂုဏ်ပြိုင်ဝင့်ပါလို့။ ဘုံဆိုင်နှင့် ချစ်မိတ်ဆွေ၊ ဆိုးညစ်လို့တေ။ ဗြဟ္မစိုရ် အရှင်းသွေတယ်၊ ပုလင်းတွေ မှိုပေါက်လို့လေး။
***
ဖတ်ရတာ ငြီးငွေ့ သွားကြမလားတော့ မသိပါဘူး။ ဒီတပတ် ကလိယုဂ်ကဗျာခန်းမှာ တေးထပ်ကို နှစ်သက်သူများ အတွက် တေးထပ်ချည်း သီးသန့် ဖော်ပြလိုက်ပါတယ်။ ရှေ့တပတ်မှာတော့ ကောသလမင်းကြီး အိပ်မက်ခန်း လေးဆစ်သဖြန် ဖော်ပြပေးမှာ ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ရှင်။
***
မေတ္တာဖြင့် ...

မေဓာဝီ
၂၄၊ ဇူလိုင်၊ ၂၀၀၉
၁၁း၅၀ နာရီ

21 comments:

pandora said...

အကြိုက်ဆုံး ရိုးရာကဗျာ အမျိုးအစားကို ပြောပါဆိုရင် တေးထပ် ပါ။

ဖတ်လိုက်ရတာ အရသာရှိလိုက်တာ မမေရေ။
တင်ပေးတာ အထူးကို ကျေးဇူးတင်ပါတယ်။

Kogyi said...

ဆရာဖေ ဦးပုည
ခုနေပ ရှိစေချင်
ပြုနေကြ သည်ဖြစ်အင်ကို
တွေ့မြင်လျှင် အံ့သြ
ကလိယုဂ် တေးကဗျာကို
ရေးရင်းသာ လက်တိုလို့မော။
ဝီစိနဲ့ ဘ၀ဂ်ဘုံကို
မှောက်ခုံလုပ် လှန်လှော
ဇာတ်အစုံ လံကဓောရယ်က
ဉာဏ်မနော ယုတ်မာ
သေနတ်လျှို တုတ်တိုထမ်းသူတို့
တစခန်း ထသည့်အခါ။
ဦးပုည ဖေဆရာ
ဖြေမသာ ကြိတ်ငိုမိလို့
ဝိပ္ပတ္တိ နှစ်ထပ်ပြန်
ကျွမ်းစိုက်လို့လန်
နားပန်ကျင်း ထောင်တွင်းမစံခင်
အောင်တြင်းသံ ရေးဦးတော့လေး။

Harry said...

ကျေးဇူး မမေရေ ..
အထူးသဖြင့် ဆရာဖေရဲ့ တေးထပ်တွေ အတွက်ပါပဲ

ကိုလူထွေး said...

နားမလည်ဘူး...
အဲလောက် မမှီဘူးလေ...
ူသင်လို့လဲ တတ်တော့မယ် မထင်ဘူး...
ကိုယ်ကိုကိုယ် ရှက်တောင်ရှက်တယ်...

းဝ)

Maydarwii said...

ပန်ပန်ရေ .. စိတ်ဝင်တစားရှိကြောင်း သိရလို့ ၀မ်းသာပါတယ်။
နောက်လာဦးမယ် တွေးစရာ .. ရှေးကဗျာတွေ ...။ :)

ကိုကြီးပေါ်ရဲ့ တေးထပ်ကလဲ ကောင်းမှကောင်း။ ကျေးဇူးတင်ပါတယ် ကိုကြီးပေါ်ရေ ... ။

တော်သေးတာပေါ့ ကိုဟယ်ရီ .. ဆရာဖေကို ပျင်းပြီး မရိုက်သေးဘဲ နောက်တပတ်မှ တင်ရင်ကောင်းမလား စဉ်းစားသေးတယ်။ တေးထပ်တွေချည်း စုစုစည်းစည်း တင်ချင်တာနဲ့ တခါထဲ ရိုက်လိုက်တာ။ :)

ကိုလူထွေးကြီး ... ငယ်ပါသေးတယ်။ ဖြေးဖြေးပေါ့။ ;)

လာရောက်ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

တန်ခူး said...

မေရေ... ခုလို တန်ဖိုးရှိတာ အဖိုးထိုက်တာလေးတွေ တင်ပေးတာ ကျေးဇူးပါ... အမတို့ လို ဘာမှမသိတဲ့သူတွေအတွက် အတော်ကို တန်ဖိုးရှိပါတယ်..

ရွှန်းမီ said...

ကျေးဇူးတင်ပါတယ်

Ko Min Htet said...

ကျေးဇူးတော် အလွန်တင်
အမှန်ပင် ပြောကြား
ရှေးစကား ရှေးစာဆို
မိန့်မှာဆို ဟောတဲ့တရား
ဘလော့မှာ ဖေါ်ပြလို့
အွန်လိုင်းသို့ အရောက်တင်
မြန်မာ့ပြင် ကမ္ဘာပတ်လို့
ဝဠာအနှံ့ သွားတဲ့ဖြစ်အင်
နောက်နောင်လဲ အခုလို
ရွှေစာဆို စကား
ရတနာပျိုတစ်ပါးရယ်သို့
တန်ဖိုးအမြဲထားချင်
သို့စဉ်ကြောင့် မေဓာဝီ
ပညာသည်ဖုရား
အခါမှီ ဖတ်ရှုချင်တယ်
မှတ်စုအသွင် ရေးသားပါတော့လေး။

Ko Min Htet said...

ကျနော်ရှာနေတဲ့ အချုပ်တန်းဆရာဖေနဲ့ စလေဦးပုညရဲ့ ကဗျာတွေကို တွေ့လိုက်ရလို့ သိပ်ကို ကျေးဇူးတင်တယ်ဗျာ။ တကယ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် မန်လည်ဆရာတော်နဲ့ လယ်တီဆရာတော်တို့ရဲ့ လက်ဘက်ရည်တေးထပ်လေးတွေလဲ ပြန်ဖတ်ချင်ပါတယ်။ အဲဒါတွေလဲ တင်ပေးစေချင်ပါတယ်။ ကျေးဇူးပါဗျာ။

Ko Paw said...

အားပေးလျက်ပါ။ ရတနာပုံဆိုက်သလိုပါပဲ။း-)

yangonthar said...

ဆရာကြီး စလေဦးပုည ကတော့ ကျွန်တော် အကြိုက်ဆုံး အလေးစားဆုံး စာဆိုပညာရှိပါ အရူးအမူးကြိုက်ခဲ့တာက ဆဒ္ဒန်ဆင်မင်းစကား ပြေပေါ့အစ်မရယ် နောက်မုလေးယုံတောအစ ဒေါနလမ်းမြေညီ ကျပြန်တော့လည်း မျက်လုံးထဲ ထင်းကနဲ လင်းကနဲကို ကြည်ကြည်လင်လင် ရှိ လှတာ။ လေးမောင့်စံကျောင်း ဖြစ်မယ်ထင်တယ် ကောင်းလိုက်တာအစ်မရယ် ကျေးဇူး ဆရာဖေ့ ကဗျာကတော့ ကောင်းကောင်းမှတ်မိတာရယ် ဆိုလို့ မန်း တုန်အောင် လမ်းဆုံက ဟစ်လိုက်မယ် ဆိုတာလောက်ပဲ။ ကျန်တာတော့ မှတ်မိတော့ဘူး :)))) ကလိယုဂ်ခေတ် ကတော့ လက်တွေ့ မို့ လား မသိ ပို ပိုထင်ရှား နေတော့တာပါပဲဗျာ :)))) ဆရာကြီးနှစ်ယောက်စလုံး ရဲ့ အရေးအသား တွေက ပိုပြီးလည်း နားထဲရှင်းသလို မှတ်စရာ သားစရာလည်း ဒုနဲ့ ဒေးပါ သေချာ ဖတ်သွား ပါတယ်အစ်မ မျှဝေပေးတဲ့ အစ်မရဲ့  ကျေးဇူး ကို မမေ့ပါဘူး
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :)))

Anonymous said...

ဦးပုညရဲ့ တေးထပ်တွေကို ကျနော် သဘောကျဆုံးပဲ
ရှေးမြန်မာတွေရဲ့ ကဗျာတွေရဲ့လျို့ဝှက်ချက်ကို
ရှာဖေဿွဖို့ကြိုးစားနေသူပါ.
ထပ်ပြီးတင်ပေးပါဦး

မောင်သာယာ said...

စာတွေကိုအလွန်နှစ်သက်ပါသည်၊ မေဓာဝီဆိုတာ အမျိုးသမီးလို့ ကွန်မင့်တွေမှာရေးကြပေမဲ့ ကျနော့်အထင်တော့ ဘုန်းကြီးတပါးက
အမျိုးသမီးနာမည်နဲ့ ရေးထားတာလို့ ထင်ပါသည်။ရေးတာတွေကလဲ သပ်သပ်ယပ်ယပ်ရှိတယ်လေ။ ဟုတ်ကဲ့ပါ အလွန်တန်ဘိုးရှိတဲ့စာတွေဖြစ်လို့ အမြဲစောင့်ဖတ်နေပါမည်။

zaw tun said...

ခွင့်​သာခိုက်​မှမလိုက်​ချင်​လျှင်
ကဗျာကိုဘယ်​လိုရှာရမလဲ

မောင်သာယာ said...

ကောင်းပါတယ်

kyaw koko zin said...

ဦးပုညရဲ့ သိကြားလိမ်​​တေးထပ်​​လေးရချင်​ပါတယ်

Mg Kaung said...

ကိုကျော်ကျော်ဇင် ဟြေတာနဲ့တူမလားတော့မသိဘူး ဗျာ
ကျနော်လည်း သီတဂူဆရာတော် ကြီးတရားပွဲတွေမှာ
တိုက်ဆိုင်ရင် ဆိုပြလေ့ရှိတဲ့ သကြားလိမ်တေးထပ်လေး
တင်ပေးပါဗျာ။ ဘုရာကို နှစ်ရစ် လိမ်ညစ်တဲ့ မာဂိန်

Mg Kaung said...

အပေါ်က ကိုကျော်ကိုကိုဇင်ဟြေတာနဲ့ တူမလားမသိဘူး
ကျနော်လည်း သီတဂူဆရာတော်ကြီး တရားပွဲတွေမှာ
အကြောင်းတိုက်ဆိုင်ရင်ဆို ပြလေ့ရှိတဲ့ စလေဦးပုညရဲ့
သကြားလိမ်တေးထပ်လေး တင်ပေးပါဗျာ။ ဘုရားကို နှစ်ရစ်
လိမ်ညစ်တဲ့ မာဂိန် ပစ်ရှာမဲ့ ဝရဇိန်လဲ ပန်းတိမ်မှာ အပ်တုန်း
ဖြစ်နေ ဆရာတော်ကြီးက ဒါလေးဘဲဆိုပြပါတယ်ဗျာ

Mg Kaung said...
This comment has been removed by the author.
hninthihlaing hninthihlaing said...

ကျေးဇူးပါ

Ko Kp said...

ကဗျာကို ကြ်ုက်ဒါကျွန်တော်ပါ စာမတက်တော့ ညဏ်မမှီဘူးဖြစ်နေတယ် အခုလို့ဖက်ခွင့်ရဒါကို ကျေးဇူးအထူးတင်ပါတယ် အကိုတွေ ဆရာတွေ ကို လေးစာစွာဖြစ်