Wednesday, July 15, 2009

အေ ဘီ စီ ဒီ မတတ်ဘဲနဲ့ ...

“မဟုတ်သေးဘူး … ပြန်ဆိုအုံး”
“ … … … ”
“သူတို့ ဘယ်လိုဆိုလဲ နားထောင် … ပြီးတော့ ၁၀-ခေါက်ဆို”
“ … … … ”
“၁၀-ခေါက် ဆိုခိုင်းရင် မဆိုချင်ဘူး၊ ၅-ခေါက်လောက်ဆိုပြီးရင် ပျင်းနေပြီ၊ ပြီးတော့ မှတ်မိတာလဲ မဟုတ်ဘူး၊ နောက်တခါဆို အခါနှစ်ဆယ် ဆိုရမယ်”
"အိ" !_!
***
ညတိုင် ၈-နာရီနှင့် ၁၀-နာရီ အတွင်းဆိုရင် အဲဒီအသံမျိုး ကြားရစမြဲ။ တခြားသူတော့ မဟုတ်ပါဘူး၊ ချစ်လှစွာသော ဦးရီးတော်နဲ့ ကျမကိုယ်တိုင် ပါပဲ။ ဖြစ်ပုံက ဒီလိုပါ … ။

ကျမ ဘိလပ်မြေကို ခြေချခါစ (အိမ်ဆောက်တဲ့ ဘိလပ်မြေ မဟုတ်ပါ) တယ်လီဗေးရှင်းက သတင်းတွေကြည့်၊ သတင်းထူးပါရင် စကားပြောတဲ့အခါ ထည့်ပြော … အင်္ဂလိပ်လို မတောက် တခေါက် ညှပ်သုံး၊ ကိုယ့်ဟာနဲ့ ကိုယ်တော့ ဟုတ်နေတော့ တာပေါ့။ တနေ့တော့ ညနေစာ ထမင်းစားရင်း ဦးရီးတော်ကို ပြောမိတယ်။

“ … အဲဒီဘဏ်ကို နေရှင်နယ်လိုက်ဇ် လုပ်လိုက်တယ်တဲ့ နော် … နေ့လည်က သတင်းထဲမှာ နားထောင်လိုက်ရတယ်”
“ဟင် … ဘာ … နေရှင်နယ်လိုက်ဇ် … ဟုတ်လား”
“ဟုတ်တယ်လေ …”
“နေရှင်နယ် မဟုတ်ဘူး … နဲယ်ရှင်နယ် … ငါ့တူမနှယ် …”

ဦးရီးတော်က ပြင်ပေးပေမယ့် တသက်လုံးက မြင်ခဲ့ဖတ်ခဲ့တဲ့ "နေရှင်နယ်ဓာတ်ခဲ" ဆိုတာကြီး မျက်စိထဲ မြင်ယောင်နေတာ တော်တော်နဲ့ မဖျောက်နိုင်ဘူး။ နောက်တခါ … အလွန်စကားများတဲ့ ကျမ ဘောလုံးပွဲအကြောင်း (သူလဲ စိတ်မ၀င်စားဘဲနဲ့) သွားပြောမိပြန်တယ်။
“ဒီနေ့ ပရီးမီးယားလိဂ် လာမှာ”
“ပရီးမီးယား မဟုတ်ဘူး … ပရဲမ်းမီးယား" တဲ့ ...
(မှတ်ချက်။ ။ အသံထွက်များကို အနီးစပ်ဆုံး ရေးထားခြင်းမျှသာ ဖြစ်ပါတယ်။ သေချာအတိအကျလဲ စကားလုံးဖလှယ်ပြီး မရေးတတ်လို့ပါ)

အဲဒီလိုပြောတော့ မြန်မာပြည်တုန်းက ကျမကြိုက်တဲ့ ပရီးမီးယားကော်ဖီ ကြော်ငြာကို သွားသတိရမိတယ်။ မဟုတ်ဘူး ဆိုတော့လဲ … အင်း … မှတ်ထားရပြန်တာပေါ့။ နောက်ထပ် ပြောမိပြန်တာက Wimbeldon တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် လာမယ်ပေါ့ ... ဆိုတော့ ...
"ဆီမီး ဖိုင်နယ် ... ဟုတ်လား ... ဆီမီးဆိုတာ ထွန်းတာ … semi ကို ဆမ္မီးလို့ ဖတ်ရတယ်”

နောက်တခါလဲ အမှတ် မရှိပြန်ပါဘူး။ ကျမအမ အကြောင်းဝမ်းသာ အားရ ပြောမိတာ …
“သူ ဒီလကုန်ရင် ဘောနပ်စ် ရမယ်တဲ့ … သမီးဆီ ဖုန်းဆက်တယ်”
“ဟား ဟား ဟား ဟား”
ရုတ်တရက် ထရယ်တော့ ဘာလို့ပါလိမ့် ကြောင်သွားတာပေါ့။ ဦးရီးတော်က အရယ်ရှိန် သတ်ပြီး ပြောတာက
“ဘောနပ်စ်မဟုတ်ဘူး … ငါ့တူမရဲ့ … ဘိုးနပ်စ် …”
“သြော်…”

သြော် တလုံးထဲပဲ နင်တင်တင် ပြောရင်း ကျမ နှုတ်ဆွံ့အ သွားတော့တယ်။ Thames ကို သိမ်းမြစ်လို့ ပြောလဲ မှားတာပဲ။ Chavelle ကို ဗမာပီပီ ချက်ပလက်ကားလို့ ပြောမိတာလဲ မှားတာပဲ။ ပြောသမျှ အသံထွက်တွေက တလွဲတွေ ချည်းပါလား။ အဲဒီလို ကျမရဲ့ ပြောင်မြောက်လှစွာသော အသံထွက် အရည်အချင်းကို သိသွားတဲ့ နောက်ပိုင်း ဦးရီးတော်က သူ့တူမကို ဒီတိုင်း ထားလို့တော့ မဖြစ်ချေဘူးဆိုပြီး ညဘက်ဆို စာဖတ်ခိုင်း ပါတော့တယ်။

တယ်လီဗေးရှင်းမှာ tele text သတင်းတွေကို တခုပြီး တခု ဖွင့်ပြီး အသံကျယ်ကျယ် ထွက်ဖတ်ရတယ်။ စဖတ်ဖတ်ချင်း ခွေးအကြီး လှည်းနင်းသလို အိအ အိအ နဲ့၊ အသံထွက်တွေလဲ လွဲ … အဖြတ်အတောက် တွေလဲ မှား၊ ဦးရီးတော်က တဟားဟားနဲ့ ပေါ့။ ကျမကတော့ လူကြီးရှက်တော့ ရယ် ဆိုသလို ဟဲဟဲ ဟဲဟဲ စပ်ဖြဲဖြဲ နေရတာပါပဲ။ ကိုယ်က မှားနေတာကိုး။ ရယ်သာ ရယ်နေရပေမဲ့ အဲဒီအချိန်ဆို ရာသီဥတု ဘယ်လောက် အေးနေပါစေ … ဇောချွေးတွေပြန် စိတ်တွေအိုက်ပြီး နေရာမှာတွင် အငွေ့ပျံ မတတ် စိတ်ကျဉ်းကျပ် လွန်းခဲ့ရတယ်။

ကျမ ဖတ်လို့ သတင်းတွေ ကုန်သလောက်ရှိတဲ့အခါ ဘီဘီစီ သတင်းကို ဖွင့်ပြီး သူတို့ပြောတဲ့ အသံထွက်တွေကို လိုက်နားထောင်ရတယ်။ နောက်က ခပ်တိုးတိုး လိုက်ဆိုရင်းနဲ့ပေါ့။ ဘယ်နေရာကို ဖိဆို၊ ဘယ်နေရာကို ဖော့ဆို၊ အဖြတ်အတောက်က ဘယ်လို … စသဖြင့် ဦးရီးတော်က ဘေးကနေ ညွှန်ကြားလို့ … ။ မှားနေရင် နောက်တခေါက် ထပ်ဖတ်ခိုင်း … ကျမကလဲ အမှတ်မရှိ ထပ်ခါ ထပ်ခါ မှားသေးတာပဲ။ အမှားကြီးနဲ့ နှစ်ရှည်လများ ယဉ်ပါးနေတော့ နှုတ်ကျိုး နေပြီလေ။ ဒါကြောင့် ဦးရီးတော်က ငါးခေါက်ဆို … ဆယ်ခေါက်ဆို … ဆိုပြီး ပြောတာ။ ဥာဏ်တုံးလွန်းတဲ့ ကျမကလဲ ဘယ်နှစ်ခေါက်ဆိုဆို မှတ်မိတာမဟုတ်ဘူး။ ဆိုသာ ဆိုနေတာ စိတ်ထဲ သိပ်ပါတာမှ မဟုတ်တာ။

တက်တက်စင် လွဲနေတဲ့ အသံထွက်တခု ပြောရဦးမယ်။ အဲဒါကလဲ မြန်မာ သတင်းစာတွေထဲမှာ ပါတာကို မြင်ဖူးတဲ့ အတိုင်း ဖတ်လိုက်မိတာပါ။ Uruguay ဆိုတဲ့ တောင်အမေရိက တိုင်းပြည်တခုရဲ့ နာမည်။ ကျမက အားရ၀မ်းသာ ဖတ်လိုက်တယ်။ "ဥရုဂွေး" လို့။ ဟုတ်တယ်လေ … ဒီလိုမျိုး သတင်းစာထဲမှာ မြင်နေကျ၊ မြန်မာ့ရုပ်သံ သတင်းတွေထဲမှာ ကြားနေကျကိုး။ ဦးရီးတော်ခမျာ ရယ်လိုက်တာ အူတက်မတတ်ဘဲ။ အမှန်က … ယူရဂွိုင်း ဆိုပဲ။ ကြည့်ပါဦး လွဲချက်က။
***
ကျမရဲ့ အလွဲတွေကို နေ့စဉ် ကြားနေရတဲ့ ဦးရီးတော်ဟာ မြန်မာပြည် ပညာရေး အဆင့်အတန်း အတွက် စိတ်မကောင်း ဖြစ်တယ်။ သူက ဒီကို ရောက်နေတာ အနှစ် ၃၀ ကျော်ပါပြီ။ ကျမနဲ့မှပဲ မြန်မာပြည် ပညာရေး အဆင့်အတန်းကို သူ ကောင်းကောင်း သဘောပေါက် တော့တယ်။ ကျမညံ့တာနဲ့ အားလုံး အထင်သေး ခံရတော့တာပဲ။ (ခွင့်လွှတ်ကြပါရှင်) ကျမတို့ ငယ်ငယ်က ငါးတန်းမှာမှ လေးကြောင်းမျဉ်းကလေးနဲ့ အေဘီစီဒီ စသင်ရတာပါ။ ဒါတောင် အဘိုး (အမေ့အဖေ) က အင်္ဂလိပ် စာသင်တာ ၀ါသနာပါလို့ ကျောင်းမှာ မသင်ရခင် ခပ်ငယ်ငယ်လေး ကတည်းက သင်ပေးခဲ့တယ်။ ကျမကလဲ တတ်သည့်ပညာ မနေသာတော့ အေကနေ ဇက် အထိ မရခင် တွေ့သမျှ စာလုံး လိုက်ပေါင်းပြီး ဖတ်နေကျ။ တရက်တော့ ကျမ စာဖတ်သံ ကြားပြီး လူကြီးတွေ ရယ်ကြတာ မှတ်မိပါသေးတယ်။

“ဘီ-အီး-ဘီ-အီး - နှစ်ပြောင်းပြန် - အေ-စီ”
စင်ပေါ်မှာ တင်ထားတဲ့ နို့မှုန့်ဘူးပေါ်မှာ မြင်ရတဲ့ အင်္ဂလိပ်စာလုံးကို ကျမ ပေါင်းဖတ်နေတာ။ တကယ်တမ်းက BEBELAC ပါ။ ဒါပေမဲ့ ကျမက L ကို အသံမထွက်တတ်ဘူး။ ဒါကြောင့် ဖတ်တတ်သလို နှစ်ပြောင်းပြန် လို့ ဖတ်လိုက်တာလေ။ အဲဒီလောက် တော်တဲ့ ကျမ … ငယ်ငယ်ထဲက ဇ-ကလေးနဲ့။

အဘိုးသင်ပေးလို့ ကျောင်းမနေခင်မှာပဲ ကိုယ့်နာမည်ကိုယ် စာလုံးပေါင်းတတ်တယ်။ နောက်တော့ အိမ်ဘေးက အငြိမ်းစား တိုင်းပညာဝန် ဆရာကြီး ဦးခင်သန်းဆီမှာ အင်္ဂလိပ်စာ သွားသွား သင်ရပါသေးတယ်။ ဆရာကြီးက အင်္ဂလိပ် ကဗျာလေးတွေ သင်ပေးတယ်။ rain rain go away .. တို့ .. bar bar black sheep တို့ စသဖြင့် ပေါ့။ ငယ်ငယ်က အော်သာ ဆိုနေတာ ဘာရယ် ညာရယ် သိပ်သိတာလဲ မဟုတ်ဘူး။ စာသင်ရမယ်ဆိုရင် ပျင်းတဲ့ စိတ်က ကြီးစိုးနေတော့ သင်သာသင်တယ် ဘာမှ မတတ်ခဲ့ဘူး။

ကျောင်းနေတော့ အမေက သူ့လို ကျောင်းတွေ ဟိုပြောင်း ဒီရွှေ့နဲ့ ဒုက္ခ မရောက်ရအောင် သူငယ်တန်းက ဆယ်တန်းအထိ ရှိတဲ့ လသာ-၂ မှာ ထားပေးတယ်။ ကျောင်းကောင်းမှာ ဆရာကောင်းတွေနဲ့ တွေ့ရလို့ မောင်နှမ ၀မ်းကွဲတွေ ကြားမှာ စာပြိုင်ဖတ်ကြရင် ကိုယ်က ဟုတ်လို့ပါပဲ။ ကိုယ့်အင်္ဂလိပ်စာ အသံထွက်က သူတို့နဲ့ယှဉ်ရင် ပိုသာ နေသလိုလို၊ သူတို့မှားရင် ကိုယ်က ဟားချင်သေးတယ်။ တက္ကသိုလ် ရောက်တော့လဲ ဆင်ခြေဖုံး ကျောင်းက အောင်တဲ့သူတွေ နယ်ကျောင်းက အောင်တဲ့ သူတွေနဲ့ ယှဉ်ရင် ကိုယ်က နည်းနည်းတော့ သာသယောင်ပေါ့။ သူတို့ကြားမှာ ကိုယ်က လူတတ်ကြီး လုပ်ပြီး ငြင်းလား ခုန်လား ဝေဖန်လားနဲ့ လုပ်ခဲ့ မိသေးပါရဲ့။

တက္ကသိုလ်ဆိုလို့ တက္ကသိုလ် ပထမနှစ်မှာ ဆရာမတယောက်ရဲ့ ထူးဆန်းသော အသံထွက် အကြောင်း ကြုံလို့ ပြောပြချင်ပါသေးတယ်။ (ဆရာမကို ပစ်မှား စော်ကားခြင်း မဟုတ်ပါဘူး။ ကျမတို့ မြန်မာပြည်ရဲ့ ပညာရေး အဆင့်အတန်းကို ပြောပြချင်ရုံမျှသာ ဖြစ်ပါတယ်) ဆရာမက ရူပဗေဒ သင်တာပါ။ သူက စာတပိုဒ်ကို ဖတ်ရင်း ရှင်းပြတယ်။ အဲဒီထဲမှာ echo ဆိုတဲ့ စာလုံးပါတော့ သူဖတ်လိုက်တာက … “အီးချို” … တဲ့။

ကျမ အံ့သြသွားတယ်။ ရူပဗေဒဆရာမ ဖြစ်ပြီး အဲဒီစာလုံးကို မမှားသင့်ဘူး လို့ စိတ်ထဲက ဝေဖန်နေမိတယ်။ ဆရာမ မှားနေမှန်း ကျမနဲ့တကွ ကျောင်းသားတွေက သိပေမဲ့ မပြောရဲကြဘူး။ ဆရာမ ဆိုတော့ ရှိန်နေတာလဲ ပါတယ်၊ အားနာတာလဲ ပါတယ်။ အဲဒီအသံထွက် အတိုင်း တချိန်လုံး ဆရာမ သင်သွားတာကို စိတ်ကသိ ကအောက်နဲ့ နားထောင်ခဲ့ရတာ ကျမ မမေ့ဘူး။
***
အဲဒီလို သူများတကာကို ဝေဖန်ခဲ့တဲ့ ကျမ … အခုတော့ ဒုက္ခလှလှ တွေ့နေရပါပြီ။ ၀ဋ်ဆိုတာ ဘ၀မကူးဘူး လည်တတ်တယ် ဆိုတာ လက်တွေ့ပဲလေ။ ဒီမြေကို ရောက်တော့ ဒီဘာသာစကားက မပြောမဖြစ် ပြောရတယ်၊ နားမထောင် မဖြစ် နားထောင်ရတယ် ဆိုတော့ကာ … တချိန်လုံး “အလွဲများနဲ့ မေ” ဖြစ်တော့တာပါပဲ။ တရက် ကျောင်းအဆင်းမှာ သူငယ်ချင်းတွေနဲ့ အတူ လမ်းလျှောက်ပြန်ရင်း တရုတ်ကလေး တယောက်က ကျမကို မေးတယ်။ Are you working? တဲ့။ ကျမက Yes, I’m walking လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလောက်ထိ။

ကျမက မြန်မာ အသံထွက်တောင် မှန်အောင် သိပ်မထွက်တတ်ဘူး။ ကျမ သူငယ်ချင်း “လတ်လတ်” ကို “လက်လက်” လို့ ခေါ်လိုခေါ် “လပ်လပ်” လို့ ထွက်လို ထွက်နဲ့မို့ အဖေနဲ့ အမတွေက အမြဲ ကျီစယ် လှောင်ပြောင်ခဲ့ ကြဖူးတယ်။ အခု အင်္ဂလိပ် အသံထွက်မှာ ပိုဆိုးတော့တာပေါ့။ work နဲ့ walk, heard, hurt နဲ့ heart, … an နဲ့ un ကွဲပြားအောင် မထွက်တတ်ဘူး။ ဦးရီးတော်က t သံ နဲ့ d သံ ဘယ်လို ကွာပုံ။ an ဆို ဘယ်လို … un ဆို ဘယ်လို … သေချာ ပြောပြတယ်။ လိုက်ဆိုခိုင်းတယ်။ ဘယ်ဟာက Scottish လေသံ။ ဘယ်ဟာက Spanish လေသံ၊ ဘယ်ဟာက Irish လေသံ စသဖြင့် ရှင်းပြတယ်။ (ပြောသာ ပြောတာ ကျမက ကျွဲပါးစောင်းတီး ... အခု ပြန်မေးကြည့် မသိတော့ဘူး)

ဒီနိုင်ငံမှာ လူတယောက်ရဲ့ အဆင့်အတန်းကို စကားပြောတဲ့အခါ နားထောင်ကြည့်ပြီး အကဲခတ် တတ်ကြကြောင်း၊ ကိုယ်က ဗမာမို့ ဗမာလေသံက ဖျောက်လို့ မရပေမဲ့ အသံထွက်ကို မှန်မှန် ထွက်နိုင်ဖို့ လိုကြောင်း၊ စကားပြောရင် ဖြည်းဖြည်း မှန်မှန် လူအများ နားလည်အောင် ပြောရမှာ ဖြစ်ကြောင်း၊ ဘယ်လို အသံထွက်မျိုး ဘယ်လို အသုံးအနှုန်းမျိုးဆို မပြောသင့် မသုံးသင့်ကြောင်း … စသဖြင့် ရှင်းပြပြီး အသံထွက် ကောင်းတဲ့ documentary တွေ ကြည့်ရတယ်။ သူတို့ ပြောသလို လိုက်ပြော ခိုင်းတယ်။ ကွန်ပျူတာထဲက dictionary ကိုဖွင့်၊ အသံထွက်ကို အခေါက်ခေါက် ရွတ်ရတယ်။

စိတ်ရှည်တဲ့ ဦးရီးတော်တောင် ကျမက တုံးလွန်းတော့ စိတ်တိုလာသလား မသိပါဘူး။ ဟိုးအစမှာ ရေးခဲ့သလို စိတ်မရှည်တဲ့ လေသံတွေ ထွက်လာပါတော့တယ်။ ကျမလဲ ကိုယ်က တချိန်လုံးမှားနေတော့ သူ့ရှေ့မှာ အင်္ဂလိပ်လို ညှပ်ပြောရမှာ မ၀ံ့မရဲ တော့ဘူး။ တလောက သူ ဖလော်ရီဒါက ပြန်လာတော့ အဲဒီမှာ sea food တွေ ပေါသလား၊ စားခဲ့လား၊ စသဖြင့် မေးချင်တာ။ ဒါပေမဲ့ sea ကို စလုံးနဲ့ စီးရမလား ဆလိမ်နဲ့ ဆီးရမလား၊ food ကရော d သံ နဲ့ t သံ လွဲရင် ဒုက္ခလို့ ရှည်ရှည်ဝေးဝေး တွေးပြီး သကာလ အင်္ဂလိပ်လို မညှပ်တော့ဘဲ …

“ဖလော်ရီဒါမှာ ပင်လယ်စာတွေ စားခဲ့သေးလားဟင်” လို့ ဘာသာလေး ပြန်ပြီး မေးလိုက်မိတယ်။ ဒီတော့ ဦးရီးတော်က
“ဘာ ပင်လယ်စာလဲ … sea food လို့ ပြောပါလား …” တဲ့
ကျမလဲ “တိန်” ခနဲ ဖြစ်သွားတော့တာပဲ။
***
ဒီလိုနဲ့ ကျမလဲ ညညဆို တယ်လီဗေးရှင်းက tele text တွေကို မျက်မှန်ကြီး တပ်ပြီး အိုးနင်းခွက်နင်းဖတ်ရင်း စဉ်းစားမိတယ်။ မြန်မာပြည်မှာ ဘွဲ့တွေ၊ ဒီပလိုမာတွေ ရခဲ့ပေမဲ့ ဒီနိုင်ငံ ရောက်တော့ ကျမရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းဟာ ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ "ဘီ-အီး-ဘီ-အီး နှစ်ပြောင်းပြန် အေ-စီ" အဆင့်လောက်ပဲ ရှိသေးပါလားလို့ … ၀မ်းနည်း ပက်လက် တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၅၊ ဇူလိုင်၊ ၂၀၀၉
၁၁း၁၆ နာရီ

ပုံယူသောနေရာ

15 comments:

စုချစ် said...

မမေရေ... စုချစ်လည်းအဲသလို ဘေးနားက ပြောပြမဲ့ ဦးလေးမျိုးရှိချင်လှပါ့.... အားကျမိပါတယ်။
ကိုယ့်ဘာသာကိုယ်လည်း မမေပြောသလိုအဆင့်ပဲရှိနေသေးတာ သိနေပေမဲ့ တိုးတက်အောင်ဘာမှ မလုပ်ပဲနေတာဆိုးလှပါတယ်....

မေ့သမီး said...

အမရေ တဖြည်းဖြည်းတိုးတက်လာမှာပါ။ ကြိုးစားနေတာပဲဟာ။ ကိုယ်လည်းထူးမခြားနားအဆင့်လေ။ :P

Ko Paw said...

ဟား... အဖော်တွေ ရှိတယ်လို့သာ မှတ်လိုက်ပေတော့။ ကျနော်ဆိုရင် ဒီရောက်ကာစက စင်္ကာပူလူမျိုးတွေရဲ့ ဒေသခံအင်္ဂလိပ်စကား (Singlish) ကို တဖက်သတ် ကျိတ်ပြီး အထင်သေးထားတော့ ကိုယ်ပြောတာ သူတို့နားမလည်ရင် သူတို့ညံ့လို့ပဲလို့ ထင်ထားတာ။ ဒီကောင်တွေ အင်္ဂလိပ်စာကို နေ့စဉ်သုံးလုပ်နေပြီး ညံ့လှချေလားပေါ့။ နောက်မှ ဘယ်ဟုတ်လို့တုန်း။ ကိုယ့်အသံထွက်တွေရဲ့ ၉၀ ရာခိုင်နှုန်းက အမှားတွေ ဖြစ်နေတာကို သိပ်မကြာခင်ကမှ သဘောပေါက်သွားတယ်။

P.Ti said...

ပညာရေးစနစ် အတူအတူအောက်က ထွက်လာကြတာ သူမသာကိုယ်မသာပါပဲ အမရေ...
ဒီမှာတော့ နေထိုင်ပြောဆိုလို့တော့ရနေတာပဲ တခြားထွက်မှ ဘာဖြစ်မယ်မသိဘူး။

ကိုလူထွေး said...

ကိုလူထွေးက
စက္ကရီ ထေရီလို့ ပြောမိလို့လား...

နောက်တခုရှိသေးတယ်
ရေစစ္စရီ လို့ ခေါ်တယ်...

ဘိလပ်လိုတော့ register ဆိုလား ခေါ်သတဲ့...

းဝ)

ရေတမာ said...

ဟားဟား ဖတ်ပြီးရီလိုက်ရတာ.. အမကိုဟားတာမဟုတ်ဘူးနော် ရေးထားတာကောင်းလို့.
ဘိလပ်မြေလည်း လာချင်တယ်။ စကားလည်းမပြောတတ်ဘူး။ ငပျင်းကို သင်ပေးမယ့်လူလဲမရှိဘူး။ အမလို ဦးရီးတော် တစ်ယောက်ရှိရင်ကောင်းမယ်။ သတင်းတွေတော့နားထောင်ဖြစ်ပါတယ်။ ခုထိ မပီသေးပါ။:P

ရွက်လွင့်ခြင်း said...

ကြိုးစားပေါ့ မမေဓါဝီ၊
ဇွဲမလျှော့နဲ့ ပေါ့၊
တစ်ချိန်မှာ ဖြစ်သွားမှာပါ

Anonymous said...

အမ ..ရေးထားတာကို ဖတ်ပြီး အရမ်းသဘောကျတယ်။ ကိုယ်တိုင်လဲ အဲဒီ အခြေအနေ ဖြစ်နေလို့ပါ။ နယ်မှာ တော့ ကိုယ့်ဟာကိုယ် တော်လှပြီပေါ့။ အခုလဲ စလုံးမှာ နေတာ နှစ်ကြာတော့ပေါင်းသင်းဆက်ဆံလို့ရနေတယ်။ ဒါပေမဲ့ အခုတလော ကိုယ့်အသံထွက်ကို အားမရ ဖြစ်နေမိတယ်။ အမက တော်တော်လေး လုပ်ဖြစ်နေတာ ဆိုတော့ သိပ်မကြာခင် တိုးတက်လာမှာ သေချာပါတယ်။ ညီမကတော့ ဆန္ဒရှိပေမဲ့ ဒီလိုပါပဲ လိမ်ဖယ် လိမ်ဖယ် ဖြစ်နေတယ်။ ဒီမှာက နေလို့ ရနေတာကို။ စိတ်လေတယ်။ ညီမ တော့ BBC က ဟာကို လိုက်နားထောင်ရင် ခနနဲ့ ပျင်းသွားတယ်။ ဆက်လုပ်လို့ မရဘူး။ အမ ပြောတဲ့ Tele Text ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ။ သတင်းမှာ ကြေညာတုန်း လိုက်ဖတ်တာ ပြောတာလားဟင်။

Anonymous said...

အင်း သိပ် ကံကောင်းတာပဲ။ အမှားကို မှားမှန်းလဲသိ၊ ပြင်လို့ ရတဲ့ နည်းလဲသိဆိုတော့။ တက်တက်စင် မှားနေတဲ့ အသံထွက်တွေကို ပြင်စရာမလိုဘူးလို့  ထင်နေသေးတဲ့သူတွေ တလှေကြီး တွေ့ နေရတာတော့ ရင်မောစရာ။

Maydarwii said...

စုချစ်ရေ … မမေလဲ အစစအရာရာ သင်ပေးတဲ့ ဦးရီးတော်နဲ့ အတူနေရတာ ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ်က ပျင်းနေတော့ ခက်တယ်။

မေ့သမီးလေး … အားပေးတာ ကျေးဇူးနော် … ။

ဆရာပေါ … အဖော်ရပြီဆိုပြီး အားတက်သွားတယ်။

ကိုပီတိရေ … ကျမတို့လို သူမသာ ကိုယ်မသာတွေ အများကြီး ထင်ပါရဲ့ … နော်။

ကိုလူထွေးကြီး … ကျမ သီလရှင်ဝတ်ရင် ရေစစ္စရီဘွဲ့ ပေးဦးမလို့လား .. :)

ရေတမာ ရေ … နှစ်ရှည်လများ နှုတ်ကျိုးပြီး စွဲလာခဲ့တဲ့ အစွဲက ဖျောက်ရခက်ပါဘိသနဲ့။ ရေတမာ ဘိလပ်မြေလာရင် … သဲတွေ ထုံးတွေပါ ယူခဲ့နော် :D

ရွက်လွှင့်ခြင်း … ကျမ ခပ်ပျင်းပျင်းနဲ့ပဲ ကြိုးစားနေပါတယ်။ တချိန်မှာ ဖြစ်သွားမယ်လို့ မျှော်လင့်ရတာပဲ။

အမည်မဲ့ ညီမရေ … Tele Text ဆိုတာက တီဗီမှာ သတင်းတွေကို စာအနေနဲ့ မြင်ရတာကို ပြောတာပါ။ အသံမပါဘူးလေ။ စာချည်း သက်သက်ပေါ့။ ကမ္ဘာ့သတင်း၊ ပြည်တွင်းသတင်း၊ စီးပွါးရေးသတင်း … စသဖြင့် ကိုယ်ကြိုက်တာ ရွေးပြီး ဖတ်လို့ရတယ်။ အဲဒီ သတင်းတွေဖတ်ပြီးမှ သူတို့ ကြေငြာတဲ့ သတင်းကို subtitle နဲ့ လိုက်ဖတ်ရင်း နားထောင် ရတာပါ။ အမလဲ ညီမလိုပဲ … ကိုယ့်ဟာကိုယ်ဆို မလုပ်ဖြစ်ဘူး အတင်းအကျပ် by force နဲ့ ခိုင်းမှ လုပ်ဖြစ်တာ။

မှတ်ချက်များအားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင်။

Cho said...

me either for the pronunciation.;) Up 2 now, I can't understand their different accent totally. BTW, i like ur quote "I can but i won't " but, I should not be like that. :)

Harry said...

ဒီလိုပါပဲ မမေရယ် ...
ကျနော်တို့ မြန်မာတွေ နိုင်ငံခြားဘာသာစကားပြောတဲ့အခါ Native speaker တွေနဲ့ မသင်ခဲ့ရတော့ အသံထွက်က မှားမှာပါပဲ ...
အသံထွက်မှားရုံမက stress လုပ်ရမယ့်နေရာလဲ မှားကြတာပါပဲ .. ဘယ်ဘာသာစကားမဆို ဒီလိုပါပဲ
တတ်နိုင်သလောက် ကြိုးစားပြင်ကြရုံပါပဲလေ ...
လူသိများတဲ့အမှားကတော့ ကမ္ဘာကျော်ဘောလုံးသမား "ပီလီ" ပေါ့ ... အဲဒီအသံထွက်အတိုင်း မေးကြည့်ပါ .. တခြားသူမဆိုထားနဲ့၊ ဘရာဇီးလ်တွေတောင် ဘယ်သူလဲ လို့ ပြန်မေးတာ ခံခဲ့ရဖူးပါတယ်။
သူတို့ထွက်တဲ့အသံအမှန်က "ပယ်လေ" ပါတဲ့ (အနီးစပ်ဆုံး မြန်မာလို ရေးပြတာနော်)
နောက်တယောက်က "ရော်ဘတ်တိုဘက်ဂီယို" လေ ... တကယ့်အသံအမှန်က "ရိုဘာတိုဘာဂျီးယိုး" ပါတဲ့ (ဒါလဲ အနီးစပ်ဆုံးရေးပြတာနော်)
အင်္ဂလိပ်တွေက "အီတလီ" ကို "အစ်(တ်)လီ" တဲ့ .. It မှာ stress လုပ်ပါသတဲ့။ ဒါပေမဲ့ Italian ကျပြန်တော့ အီတားလီယံ ဖြစ်သွားပြန်ရော ... စိတ်ကိုညစ်သွားတာပဲ ...
ဒါပေမဲ့ အင်္ဂလန်မှာတောင် ဒေသကွဲရင် အသံထွက်ကွဲသေးတာပဲနော် ... ဘယ်ဒေသက အသံထွက်ကို အမှန်လို့ ယူရမှာလဲ ... အကောင်းဆုံးကတော့ BBC တို့ဘာတို့ပြောနေတဲ့ Queen's English ကတော့ အမှန်ဆုံး စံ (standard) အသံထွက်ဖြစ်မယ် ထင်တာပဲ ...
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ... မသေမချင်းတော့ လေ့လာနေရဦးမှာပါပဲ ... ကိုယ့်စကားမဟုတ်တော့လဲ

Anonymous said...

မမေ အားကျဖို့ကောင်းတဲ့ဘ၀ပါဘဲ အမှန်ကိုသင်ပေးနိုင်တဲ့ ဦးလေးမျိုးရှိတာလဲ ကုသိုလ်တမျိုးပေါ့ အသံတွေ အမှန်ပြောရင်လဲ ဒီမှာကတော့ အမှားအကျင့်ပါနေပြီ အမှန်နဲ့ကတော့ ဝေးပြီးရင်းဝေရင်းပါ တတ်နိုင်သလောက် dictionary နားထောင်ပြီး လုပ်ပေးလဲ ကိုယ်ဘဲ ငပေါဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ အမှန်တွေဘယ်တော့များမှ သိမှလဲလို့ တွေးရင်း ရင်မောတယ် အမရယ် ဆရာမ မှားတာကို မထောက်ရဲလို့ ငြိမ်ခံနေရတာရယ် အားနာတတ်တဲ့ အကျင့်တွေရယ် သင်ပေးတဲ့သူတွေကိုယ်တိုင် အမှန်မသိတာရယ်နဲ့ လုံးခြာလည် ဂျာအေးသူ့မေရိုက် မှောင်မိုက်မှာ ငို ဆိုသလိုပါဘဲလေ ဘာဘဲဖြစ်ဖြစ် ကိုယ်ဘဲမှန်အောင်ကျင့်ပြီးပြောပြန်တော့လဲ ကိုယ့်ပတ်ဝန်းကျင်က နားမလည် အဲဒီတော့ သူတို့နားလည်အောင် အမှားနဲ့ဘဲ ဆက်လက်ချီတက်ရမှာလား

yangonthar said...

အစ်မရေ ရတတ်သမျှလေး ဖတ်မှတ်သွားတယ်။ ဒီမှာပဲ ပြောချင်တာလေး ရေးခဲ့တတော့မယ် ။ အင်္ဂလိပ်စာ အကြောင်းပြောရင် မျက်ရည်ဘူး သီးလုံးလောက်ကျအောင် ထိုင်ထိုင်ပြီးငိုဖို့ ပဲ ရှိတော့တယ်။ အစ်မကံကောင်းလိုက်တာ ဦးရီးက ဘေးနားမှာရှိတော့။ ကျွန်တော်
တို့ က တော့အစ်မရယ် ဒီလိုပါပဲ ပြန့် ကျဲနေ တဲ့အထဲက မညီညွတ်မှုတွေပါ။ အင်္ဂလိပ်လိုအရင်က ပတွတ် ပတွတ်ပြောပြောနေတာ ခုတော့ ပါးစပ် ကြီးပိတ်ထားရလို့ စိတ်ညစ်နေတယ် ။ အသံ ထွက် အကြောင်းကတော့ မှားလွန်းလွန်းလို့ မျက်နှာကြီးလည်း ထူးနေပါပြီ။ ရှက်ရမှန်းတောင် မသိချင်တော့ဘူး။ ဘဘကြီး ဦးခင်သန်းတော့ ဆုံးသွားပြီ အစ်မ သိလားမသိ ဘူး ....
ခင်မင်လေးစားလျှက်
ရန်ကုန်သား

Nyi Linn Thit said...

မဖတ်ရသေးတဲ့ စာတွေ လိုက်ဖတ်ရင်းနဲ့ ဒီတစ်ပုဒ်မှာ တော့ သဘောကျလွန်းလို့ ကွန်မန့် ရေးခဲ့တယ် မမေရေ၊ 'ဘီအီး-ဘီအီး-နှစ်ပြောင်းပြန်-အေစီ' ဟုတ်လား၊း) အင်း.. မမေက ကိုယ့်ကိုယ်ကို အသံထွက် မမှန်ဘူးသာ ပြောနေတာ..၊ ဖြတ်ထိုးဥာဏ် ကောင်းတာကျ ထည့်မပြောဘူး၊း)

ဒီပို့စ်ဖတ်မိမှပဲ မမေ အင်္ဂလိပ်စကား ပြောတာကို နားထောင်ချင်မိ တော့တယ်၊ ဒီပို့စ်ရေးချိန်ကနေ တွက်ရင် အခုဆို ၂ နှစ်ခွဲလောက် ရှိသွားပြီ ဆိုတော့ ဦးရီးတော်လည်း ပြင်စရာ မလိုတော့ဘူး မဟုတ်လား..။