Monday, July 20, 2009

ခ၀ါသည်

မနက် ၈ နာရီလောက်ဆိုလျှင် သူရောက်လာတတ်သည်။
သူက အရပ်မြင့်မြင့်၊ ကိုယ်ဟန် သွယ်လျလျ၊ နက်မှောင် ရှည်လျားသော ဆံပင်များကို တခါတရံ နောက်တွဲထုံး၍ သော်လည်းကောင်း၊ တခါတရံ ကျစ်ဆံမြီးကျစ်၍ သော်လည်းကောင်း ထုံးဖွဲ့လေ့ရှိသည်။ အိန္ဒိယ နွယ်ဖွားမို့ အသားအရေက မဟူရာရောင်၊ လက်သည်းများက ဒန်းနီရောင်။ မျက်ခုံး နက်နက်များ၏အလယ် နဖူးစပ်တွင်မတော့ အနီရောင် အစက်တစက် ခြယ်သ လျက်။

သူ့အပြုံးက ချိုလှသည်။ သူပြုံးလိုက်လျှင် ဖြူဖွေးသော သွားများက ညီညီ ညာညာ စီတန်း၍ နေ၏။ ပါးလွှာသည့် ပိုးဆာရီကို ခြုံသိုင်း ၀တ်ဆင်လေ့ရှိပြီး ဆာရီအောက်မှ အင်္ကျီ တိုတိုကျပ်ကျပ်က ဗိုက်သား ခါးသားတွေ မလုံလှ။

သူ့အမည်က မာဂရက် … ။
ကျမတို့ငယ်ငယ်က အိမ်မှာ အ၀တ်တွေ လာလျှော်လေ့ရှိသည့် အမျိုးသမီး တဦးဖြစ်သည်။ ကျမတို့ ညီအမတွေက သူ့နာမည်ကို ပီအောင် မခေါ်တတ်။ ကျမကိုထိန်းသည့် အမကြီးနှင့် အိမ်မှာ လက်တို လက်တောင်း လုပ်သူ အမကြီးတွေက အမမာဂရက်ဟု ခေါ်သည်။ ကျမတို့ ညီအမတတွေ ကတော့ ဒေါ်ဂဒက်ဟုပင် ခေါ်ကြ၏။

ထိုစဉ်က အဘိုး၏ အိမ်ကြီးမှာ မိသားစုတွေ အများကြီး တစုတဝေး နေကြ သည်မို့ လျှော်ရမည့် အ၀တ်တွေကလည်း အများသား။ သူရောက်ပြီ ဆိုလျှင် အခန်းပေါက်စေ့ အ၀တ်ဟောင်း ခြင်းတွေ လိုက်ယူသည်။ ပြီးတော့ အိမ်နောက်ဖေး မီးဖိုးချောင် အပြင်ဘက် အ၀တ်လျှော်သည့် နေရာလေးမှာ ထိုင်ပြီး ကျကျနန လျှော်လေတော့၏။

အ၀တ်တွေကို အဖြူသပ်သပ်၊ အရောင်သပ်သပ် ခွဲသည်။ လုံချည်သပ်သပ် အင်္ကျီသပ်သပ် ခွဲသည်။ တချို့ကို ရေနွေးလောင်းတန်လောင်း၊ တချို့ကိုတော့ ထင်းမီးဖိုပေါ် တင်ထားသော ဒန်အိုးအကြီးကြီးဖြင့် ပြုတ်လျှော်သည်။ ပုံမှန်ကတော့ အ၀တ်တွေကို ရေဖြင့် တထပ် အရင် ဆေးသည်။ ပြီးမှ ရွှေဝါ ဆပ်ပြာတုံးဖြင့် နှံ့အောင်ပွတ်၊ ဘရပ်ရှ်ဖြင့် တိုက်သင့်သည့် အ၀တ်များကို ဘရပ်ရှ်ဖြင့်တိုက်၊ တချို့အ၀တ်တွေကို အ၀တ်ရိုက်သည့် သစ်သားလုံးချော တုတ်ကလေးဖြင့် ရိုက်ကာ လျှော်၏။

ရေဆေးလိုက်၊ ဆပ်ပြာတိုက်လိုက်၊ လက်ဖြင့် ပွတ်လိုက်၊ ဘရပ်ရှ်ဖြင့် တိုက်လိုက် … နောက်ဆုံး ဆပ်ပြာရည် ပြောင်စင်သည်ထိ ရေဆေးပြီးသည့် နောက်မှာ အဖြူရောင် အ၀တ်တွေကို မဲနယ် ဆိုးသည်။ ပြာတောက်တောက် မဲနယ်ရည်ထဲ အ၀တ်ဖြူတွေ ခဏထည့်ကာ ရေညှစ်လိုက်လျှင် အ၀တ်တွေက ပြာလွင်လွင်နှင့် ဖြူစင် သန့်ရှင်း သွားတော့သည်။ အ၀တ်တွေကို ရေစင် အောင်ညှစ်၊ ကြိုးတန်းတွေမှာ စနစ်တကျ လှန်းပြီးချိန် မှာတော့ သူ၏ အ၀တ်လျှော်ခြင်း ကိစ္စ ပြီးလေပြီ။ သည့်နောက် အိမ်က ကျွေးသည့် မနက်စာ စားသောက်ကာ နောက်တအိမ် ဆက်လျှော်ရန် နှုတ်ဆက် ထွက်သွားလေ တော့သည်။

နောက်တကြိမ် နေ့လည် ၃ နာရီ လောက်ဆိုလျှင် သူပြန်ရောက် လာပြန်ပြီ။ မနက်က လျှော်ထားသည့် အ၀တ်တွေ ခြောက်ပြီမို့ မီးပူတိုက်ရပေဦးမည်။ အဲဒီတုန်းက ကျမက ကျောင်းမနေရသေး။ အမတွေ ကျောင်းသွားလျှင် အိမ်မှာ ကစားဖော်မရှိ ပျင်းကျန်ခဲ့သည်မို့ မာဂရက် မီးပူတိုက်သည့် အနား ကပ်ကာ ဟိုမေး ဒီမေး ထွေရာလေးပါး စကားပြောနေကြ။

သူတိုက်လေ့ရှိသည့် မီးပူက မီးသွေးထည့်ကာ တိုက်ရသော ကြေးမီးပူကြီး။ သူရောက်တာနှင့် မီးသွေးမီးဖိုထဲတွင် မီးမွှေးသည်။ ပြီးတော့ ရုပ်ထားသည့် အ၀တ်တွေကို တူရာတူရာ ခွဲသည်။ မီးသွေးတွေ မီးစွဲချိန်မှ မီးပူကြီးထဲထည့်၊ အဖုံးဖုံး၊ မောင်းတံကလေးပိတ်ကာ ဂလောက် ဂလက် ဂလောက် ဂလက်နှင့် မီးပူတိုက်ခြင်း လုပ်ငန်း စလေတော့၏။ တိုက်ရင်း တိုက်ရင်း မီးကျလာလျှင် မီးသွေး အသစ်ထပ်ထည့်၊ နှီးယပ်တောင် အစုတ်ကလေးဖြင့် မီးတက်အောင် တဖျပ်ဖျပ်ခတ်၊ မီးပွါးတွေက တဖျစ်ဖျစ် တလွင့်လွင့် … ကြည့်လို့ဖြင့် အကောင်းသား။

နောက်ဖေး မီးဖိုထဲက သစ်သားကွပ်ပျစ်ကြီးပေါ်မှာ သူ မီးပူတိုက်ပြီဆိုလျှင် ကျမက အ၀တ်ပုံကို မှီရင်း သူပြောသမျှတွေ နားထောင်လိုက် သိချင်တာတွေ ပြန်မေးလိုက်ဖြင့် တခါတလေလည်း ပျင်းရိကာ အိပ်ပျော်သွားတော့သည်။ သူမီးပူတိုက်ပြီးလျှင် အ၀တ်တွေက ပြန့်ပြူးသပ်ရပ်လို့ နေသည်။ ချည်ထည်လို ကြေတတ်သည့် အ၀တ်များဆိုလျှင် ရေကလေးဆွတ်ကာ တိုက်တတ်သည်။ ရှပ်အင်္ကျီများ ဘောင်းဘီများကိုလည်း စနစ်တကျ ခေါက်၍ တိုက်တတ်သည်။

သူက မုန့်မျိုးစုံလည်း လုပ်တတ်သေးသည်။ တခါတရံ အိမ်မှာ ပလာတာ၊ ပူရီ၊ ချပါတီ စသည်ဖြင့် သူလုပ်ကျွေးသော မုန့်တွေ စားရသည်။ ဂျုံတွေကိုနယ်၊ အလုံးလေးတွေလုံး၊ သစ်သားအ၀ိုင်းပြား ပေါ်တင်၊ လက်ကိုင်တပ် ဒလိမ့်တုံး ကလေးဖြင့် လှိမ့်၊ ကျင်လည် သွက်လက်စွာ လုပ်ကိုင်နေသော သူ့လှုပ်ရှား မှုတွေက ကြည့်လို့ကောင်းသလို သူလုပ်သည့် မုန့်တွေမှာလည်း အရသာ ရှိပေစွ။

အိမ်က လက်တိုလက်တောင်း အမကြီးတွေက သူ့ကို “မာဂရက် ဂွက်ထော်” ဟု စ-ကြသည်။ သူက အပျိုကြီးမို့ “အပျိုကြီး မဂွက်ထော် ခွေးကိုက်လို့အော်” ဆိုပြီး ကျီစယ်ကြသည်။ ဘယ်လိုပြောပြော ဘယ်သို့ဆိုဆို သူက စိတ်မဆိုး၊ ပြုံးပြုံး ရွှင်ရွင်သာ။ တနေ့မှာတော့ အပျိုကြီး ဒေါ်ဂဒက် အိမ်ထောင်ပြု လေသည်။ သူနှင့် အကြောင်းပါသူက သူ့လို အိန္ဒိယနွယ်ဖွား၊ နိုင်ငံခြား သံရုံးတခုတွင် ယာဉ်မောင်းသူတဦး။

အိမ်ထောင်ကျပြီးနောက် သူ အ၀တ်လာမလျှော်တော့။ သို့ပေမဲ့ တနှစ် တကြိမ် နှစ်ကြိမ်လောက်တော့ အိမ်ကို လာတတ်သည်။ သူတို့ မုန့်လုပ်သည့် ရာသီမှာ ဒိုဒိုတို့ စမိုင်တို့ လာ၍ ပို့လေ့ရှိ၏။ သူကား ကျေးဇူး မမေ့တတ်သူပေ။
***
သူမရှိသည့် နောက်ပိုင်း တခြား အ၀တ်လျှော်သည်များကို ငှားသော်လည်း သိပ် အဆင်မပြေလှ။ ကျမနှင့်လည်း သူ့တုန်းကလို ရင်းရင်းနှီးနှီး မရှိ။ နောက်တော့ အိမ်မှာလည်း လူတွေက တဖြည်းဖြည်း နည်းသွားတာမို့ လက်တိုလက်တောင်း အမကြီးတွေသာ အ၀တ်လျှော် မီးပူတိုက်သည့် တာဝန်ကို တွဲဖက် ယူလိုက်ကြလေတော့သည်။

သူတို့က မာဂရက်လို ပရော်ဖက်ရှင်နယ် ခ၀ါသည် မဟုတ်သည့်အတွက် စနစ်တကျလည်း မလျှော်တတ်၊ အ၀တ်တွေက မာဂရက် လျှော်တုန်းကလို မဖြူတော့။ ကျောင်းအင်္ကျီ အဖြူတွေဆိုလျှင် ကော်လံဂုတ်ပိုးမှာ ကပ်နေသည့် ချေးညှော်များပင် သိပ်မပြောင်ချင်။ လျှော်ပြီးသား အ၀တ်တွေ၏ အနံ့အသက် ကလည်း မကောင်းတော့၊ မီးပူတိုက်လည်း မပြန့်၊ တဖြည်းဖြည်း အင်္ကျီအဖြူ တွေက အရင်လို ဖြူစင် ပြာလွင် မနေတော့ဘဲ ၀ါကျင့်ကျင့် အရောင်ပြောင်း လာတော့သည်။

အ၀တ်တွေကို ဆပ်ပြာမတိုက်ဘဲ ရေညှစ်ပြီးများ လှန်းထားသလားမသိ … ဟု ကျမတို့က စိတ်ပျက် လက်ပျက် ညည်းတွားမိသည်။ သူတို့တွေ မည်သို့ပင် လျှော်စေကာမူ အ၀တ်တွေက ဖွပ်သထက် ညစ်ညစ်၍ နေပြီ။
***
ရုပ်ဝတ္ထုပစ္စည်းများ တိုးတက် ပြောင်းလဲ လာချိန်မှာတော့ အ၀တ်လျှော်ခြင်း အတွက် သိပ်စိတ်ညစ်စရာ မလိုတော့ပြီ။ အ၀တ်တွေအားလုံး စုပုံ၊ အ၀တ် လျှော်စက်ထဲ ထည့်၊ ဆပ်ပြာမှုန့်ထည့်၊ ခလုတ်နှိပ်ရုံမျှဖြင့် အ၀တ်လျှော်ခြင်း ကိစ္စ ပြီးမြောက်သည်မို့ ဟိုစဉ်ကလို ခ၀ါသည်ငှားရန် မလိုအပ်တော့။ ရေညှစ်လှန်းသည့် ကိစ္စမျိုးလည်း ကြုံတွေ့စရာ မရှိတော့။

သို့ပေမဲ့ အ၀တ်လျှော်စက်က မာဂရက် လျှော်သလိုတော့ စနစ်တကျ ခွဲခြမ်း စိတ်ဖြာ လျှော်နိုင်သည်မဟုတ်။ ဘယ်နေရာက ပေသလဲ၊ ဘယ်နေရာကို သေချာပွတ်ရမလဲ စသဖြင့် စက်က သိသည်မဟုတ်။ အားလုံး ရောပြွမ်း၍ ထည့်လျှင် ထည့်သလို၊ ခလုတ်တွေဖြင့် ကွန်ထရိုး လုပ်လျှင် လုပ်သလို၊ ဘာရယ် ညာရယ်မသိ လျှော်သွားမည်သာ။ စက်မှ ထုတ်လျှင် အ၀တ်တွေက ဖွတ်ဖွတ်ညက်ညက် ကြေနေသည်။ အသီးအသီးတွေ ထကာ ဖွာစုတ်စုတ်ဖြင့် အခါမတိုင်မီ ပျက်စီး လေတော့သည်။
***
အ၀တ်လျှော်သည့်အကြောင်း စဉ်းစားရင်း မိမိစိတ်တွင် အထပ်ထပ် ငြိတွယ် နေသည့် အညစ်အကြေးများကို အ၀တ်လျှော်သလို လျှော်ဖွပ်၍ ရလျှင် ကောင်းလေစွဟု တွေးမိ၏။ တကယ်တော့ စိတ်အညစ်အကြေးကို စိတ်ဖြင့် သာ ဖွပ်လျှော်၍ ရကောင်းသည် မဟုတ်လား။ ထိုသို့ ဖွပ်လျှော် မည်ဆိုပါက မည်သည့်နည်းက အကောင်းဆုံး ဖြစ်မလဲ။

ရေညှစ်လှန်းသည့် နည်းလား။
အလွယ်တကူ ရေညှစ်လှန်းခြင်းသည် စင်သယောင်နှင့် မစင်၊ ပြောင် သလိုနှင့် မပြောင်။ ကြာလာတော့ အထပ်ထပ် ငြိကပ်နေသည့် ချေးညှော်တွေကြောင့် အ၀တ်တွေ ၀ါကျင်လာပြီး ပြန်လည် ဖြူစင်အောင် မလုပ်နိုင်တော့။ ဒီနည်းကို ကျမကတော့ “ကာမသုခလ္လိကာနုယောဂ” အကျင့်ဟု တင်စားမိသည်။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်၊ ပုထုဇဉ် လူမိုက်တို့၏ အကျင့်၊ ကာမဂုဏ်ချမ်းသာကို ကပ်ငြိကာ အဖန်တလဲလဲ လိုက်စားအားထုတ်သည့် အကျင့်။ ထိုသို့ ကျင့်နေသမျှ မိမိစိတ်သန္တာန်မှာ အညစ်အကြေးတွေ ပို၍သာ ကပ်ငြိလာမည် မဟုတ်လား။

ဒါဖြင့် အ၀တ်လျှော်စက်ဖြင့် လျှော်သည့် နည်းလား။
စက်ဖြင့်လျှော်လျှင် အ၀တ်တွေနာမည်။ သက်တမ်းတိုမည်။ အခါမတိုင်မီ ပျက်စီး တတ်သည်။ ထိုနည်းကိုတော့ “အတ္တကိလမထာနုယောဂ” အကျင့်နှင့် နှိုင်းယှဉ်မိသည်။ ကိုယ်စိတ် ဆင်းရဲခြင်းကို ဖြစ်စေတတ်သော၊ အရိယာတို့၏ အကျင့်မဟုတ်သော၊ အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်သည့် အကျင့်။ ထိုသို့ ကျင့်နေသမျှ မိမိအတွင်း အဇ္ဈတ္တမှ ညစ်ထေး မှုတို့ ပျောက်နိုင်ပါ့မလား။

နောက်ဆုံးတော့ မာဂရက်၏ နည်းသည်သာ စနစ်ကျသည့် မဇ္ဈိမပဋိပဒါ အကျင့်ဟု လိုရာဆွဲယူ ကောက်ချက် ချမိသည်။ အ၀တ်တွေမှာ ညစ်ပေ နေသည့် နေရာကို သေချာ ခွဲခြမ်းစိတ်ဖြာကာ ပွတ်တိုက်၍ လျှော်သကဲ့သို့ မိမိစိတ် သန္တာန်မှာ ဖြစ်ပျက်နေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကိလေသာ အညစ်အကြေးတွေကို သေချာ စေ့ငု ဉာဏ်ဖြင့် ကြည့်ရှုကာ စင်ကြယ်အောင် ကျင့်ကြံ အားထုတ် လျှော်ဖွပ် ခြင်းသည်သာ အမှန်ကန်ဆုံး ဖြစ်လေမလားဟု တွေးနေမိပါတော့သည်။
***
မေဓာဝီ
၂၀၊ ဇူလိုင်၊ ၂၀၀၉
၁၁း၅၂ နာရီ

ကိုးကား။ ။ နည်းပြဓမ္မစကြာ - ဦးမောင်မောင် (ဟံသာဝတီ)

11 comments:

ကိုလူထွေး said...

စာရေးပုံ အရမ်းယဉ်ကျေးတယ်...

ခဝါသည် ဒေါ်ကဒက်ကိုလဲ ခင်ဖို့ကောင်းအောင်ရေးတတ်တယ်...

ဒီစာကြောင်းကတော့ အကြိုက်ဆုံးပဲ...

"စင်သယောင်နှင့် မစင်၊ ပြောင် သလိုနှင့် မပြောင်။ ကြာလာတော့ အထပ်ထပ် ငြိကပ်နေသည့် ချေးညှော်တွေကြောင့် အ၀တ်တွေ ၀ါကျင်လာပြီး ပြန်လည် ဖြူစင်အောင် မလုပ်နိုင်တော့။ "

ရေတမာ said...

စိတ်လျှော်ဖွတ်တဲ့အလုပ်ကို စနစ်တကျဖြစ်အောင် ခုလိုရေးပြပေးတာ ၀မ်းသာပါတယ်။ မလျှော်ပဲပစ်ထားတဲ့ စိတ်အ၀တ်တွေ အပြည့်ပဲအမရေ. ဘာပဲဖြစ်ဖြစ် မလျှော်နိုင်တောင်မှ အမစာတွေဖတ်ပြီး လျှော်ရမယ်လို့ သတိရပါတယ်

ရွက်လွင့်ခြင်း said...

စိတ်ကို လျှော်ဖွတ်ပြီးရင်တော့ ထပ်မပေအောင် ထိန်းနိုင်ကာမှ ဖြူစင်သန့် ရှင်းတဲ့ စိတ်ကိုရမှာပါ။
အတက်နိုင်ဆုံး ကြိုးစားရမှာပေါ့
ဒါနဲ့  စကားမစပ်...
လာလည်ရလွယ်အောင် လင်ခ့်ခွင့်ပြုပါခင်ဗျာ

Ko Paw said...

အညစ်အကြေးတွေ မစွန်းထင်းအောင် နေနိုင်ရင်တော့ လျှော်ဖို့ မလိုတော့ဘူးပေါ့နော်။ ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေ၊ မှန်ပြောင်းတွေ၊ အာကာသစခန်းတွေမှာ နှစ်တွေကြာတဲ့အထိ ညစ်ပတ်တာတို့ သံချေးတက်တာတို့ မရှိဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အာကာသဟင်းလင်းပြင်ထဲမှာ ဖုန်မှုန့်တို့၊ သံချေးတက်စရာ အောက်ဆီဂျင်တို့ မရှိလို့တဲ့။

လူတွေအနေနဲ့ရော… အကုသိုလ်စေတသိက်တွေနဲ့ ဝေးရာမှာ နေလို့ရမလား။ ဥပမာ ကျွန်းကလေးတကျွန်းပေါ်မှာ တယောက်တည်းနေတဲ့လူဆိုရင် လူတွေကြားမှာ နေတဲ့လူတွေနဲ့စာရင် မနာလို၊ ၀န်တိုတာတွေ ဘာတွေ နည်းနည်းလျော့သွားမယ်ထင်တယ်။ ဒါကြောင့်လည်း ရသေ့ရဟန်းတွေက လူ့ဘောင်လောကနဲ့ ဝေးရာ တောတောင်ထဲကို သွားရောက် တရားအားထုတ်တာထင်တယ်။

မဆုမွန် said...

ပို့စ်လေးကို ဖတ်သွားပါတယ်...ပရိုဖက်ရှင်နယ်လဲဖြစ် နောက်ပြီး လုပ်ပေးချင်တဲ့ စေတနာနဲ့လည်း ဆိုင်မယ် ထင်ပါတယ် ..အခုနောက်ပိုင်း အလုပ်သဘောဆန်လာကြတာ တွေ့ရတယ်..ပို့စ်လေးကို ဖတ်ပြီး စဉ်းစားစရာလေးတွေ တွေးမိတယ်

Maydarwii said...

ကိုလူထွေး ဒေါ်ဂဒက်ကို ခင်သွားပြီလား။ ကျမလည်း တခါတခါ သူ့ကို လွမ်းနေတယ်။

ရေတမာရေ ... အမလည်း မလျှော်မိတဲ့ စိတ်အညစ်အကြေးတွေ တပုံကြီးပါပဲ။ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အနေနဲ့ ဒီပို့စ်လေး ရေးဖြစ်တာပါ။

ဟုတ်ပါတယ် ရွက်လွှင့်ခြင်း ... စိတ်အညစ်အကြေးတွေ ထပ်မပေအောင် ထိန်းဖို့ လိုအပ်ပါတယ်။ လင့်ခ်တဲ့အတွက်လဲ ကျေးဇူးပါ။

ကိုပေါရေ ... လူတွေနဲ့ ဝေးတဲ့နေရာမှာနေရင် အကုသိုလ်တော့ အထိုက်အလျောက် လျော့မှာပါ။ လုံးလုံးတော့ မဟုတ်ဘူးပေါ့။ အပျော့စား လောဘ ဒေါသ မောဟတွေကတော့ ရှိနေဦးမှာပါပဲ။
အကုသိုလ်စေတသိက်ဆိုတာ ပုထုဇဉ်တိုင်းရဲ့ စိတ်သန္တာန်မှာ အနုသယတွယ်နေတတ်တာမို့ သူနဲ့ ဝေးအောင် နေလို့တော့ မရပါဘူး။ ဒါကြောင့် အကုသိုလ် နည်းပါးပြီး စိတ်စင်ကြယ်အောင် (စိတ္တ၀ိသုဒ္ဓိဖြစ်အောင်) အားထုတ်ဖို့ လိုအပ်ပါတယ်။ တရားဟောတာတွေ များသွားပြီ။ ဘုန်းကြီးစာချ ဖြစ်နေပြီလား မသိဘူး။ ရပ်မှ :)

မဆုမွန်ရေ ... လာဖတ်သွားတာ ကျေးဇူးတင်ပါတယ်။

မှတ်ချက်လေးများ အားလုံးအတွက် ကျေးဇူးပါရှင်။

မေ့သမီး said...

အမရေ ခ၀ါသည်အကြောင်းရေးတာ ဖတ်ကောင်းကောင်းနဲ့ဖတ်လိုက်တာ စိတ်အညစ်အကြေးအကြောင်းဖတ်ရတော့ တရားရပြီးပြန်သွားတယ်။

မေ့သမီး said...

အမပြောတာ ဟုတ်နေမလားတော့ မသိဘူး။ ညီမက ၂၀၀၉ ဖေဖော်ဝါရီလထုတ်မဟေသီမဂ္ဂဇင်းထဲက တင်ပေးလိုက်တာအမ။ အဲဒါ ကဒေါက်တာထီလာစစ်သူ ပြန်ရေးပေးထားတာ။ အဲဒီထဲမှာတော့မပါဘူး။

natthi said...

မဇ္စျေ တိဋ္ဌတိ မေဓာဝီ၊ ဒွေ အန္တေ ပဋိစဇ္ဇတိ။
ကိလမဋ္ဌံ ၀ိသောဓေတိ၊ သဗ္ဗဒါ သော ၀ိသုဇ္ဈတိ။

အမှန်လမ်းမှာ ရပ်တည်လို့
အမှားလမ်းတွေကို ရှောင်ရှားလို့
ညစ်နွမ်းမှုကို ဆေးကြောလို့
ရှင်းသန့်ကြည်လင်လို့

pandora said...

တချိန်ကတော့ မာဂရက်လျှော်သလို လျှော်ခဲ့ဖူးတယ်။ စက်တွေကပေါ်လာတာနဲ့ ကိုယ်က ဟိုဟာဒီဟာတွေနဲ့ မအားတော့တာနဲ့ အ၀တ်တွေလည်း ကြာရှည်ခံ သင့်သလောက် မခံတော့ဘူး။ တိုးတက်တယ် ဆိုလာလေ တဖက်ကလည်း ပိုညစ်ထေးလာလေလေ ဆိုတာမျိုး ရှိနေမလား။

မမေရေ.. မမေ စာတွေပြန်ရေးဖြစ်တာ ၀မ်းသာတယ်။

ချစ်ခင်လျက်..

ပန်

yangonthar said...

စရဏ ကို ဥပမာ ပေးပုံလေး အင်မတန် သဘော ကျမိပါတယ်။ အတွေးတွေ ကောင်း တယ်ဗျာ။ အစ်မမေရေ ..... စိတ်ရဲ့  ညစ်ထေးမှုတွေကို လျှော်ဖွတ်တဲ့အလုပ်ဟာ ခပ်ပေါ့ပေါ့လေး လုပ်လို့ လည်း မစင်ပါဘူး။ ပြင်းပြင်းထန်ထန်လုပ်ပြန်တော့လည်း ပျက်စီး တတ်ပါတယ်။ ဖွတ်တန်ဖွတ် တိုက်တန်တိုက် ထိုတန်ထု လိုသလိုလေး ပညာရှိရှိနဲ့ ဖွတ် လျှော် မှသာ စင်ကျယ်မှုကိုရလိမ့်မယ်နော်အစ်မ ...။ ဒီထဲ ခဝါသည် ဒေါ်မာဂရက် ရဲ့  စေတနာကို သဒ္ဓါ အမြင်လေးနဲ့ ကြည့်ရင် မှန်ကန်သန့် စင် တဲ့ အားကောင်းတဲ့ သဒ္ဓါတရားဟာလည်း အဝတ်တဖြစ်လည်း စိတ်ရဲ့ သန့် စင်ခြင်းအမှု ကိုရောက်ဖို့ လိုအပ်ချက်တစ်ခုပါ .... မလျော့ မတင်းပဲ စေတနာ ကောင်းကောင်းနဲ့  လုပ် ဖို့ အားထုတ်ဖို့ လိုတဲ့အကြောင်း မှတ်သား နာယူ သွားပါတယ် အစ်မမေရေ
ကျေးဇူးတင်ပါတယ် အစ်မမေ...
နွေးထွေးပါစေ
လေးစားလျှက်
ရန်ကုန်သား :)