Monday, July 13, 2009

Reunion, Rebecca နှင့် ... လူကြီးတွေ ပျော်တဲ့ပွဲ

စနေ တနင်္ဂနွေဆို ကျမတို့ တူဝရီး နှစ်ယောက် အိမ်မှာ နေရတယ် ရယ်လို့ မရှိပါဘူး။ ဟိုက သည်က ဖိတ်တဲ့ ပွဲတွေ သွားနေရတာနဲ့ပဲ ပိတ်ရက်တွေကို ကုန်ဆုံးခဲ့ရတယ်။ ဒီတပတ် စနေနေ့က မွေးနေ့အလှူ ဆွမ်းကျွေးကို သွားရပြီး တနင်္ဂနွေနေ့မှာတော့ ဦးရီးတော်တို့ ငယ်သူငယ်ချင်းတွေ တွေ့ဆုံပွဲ reunion ကို သွားရတယ်။

အဲဒီ reunion ဖြစ်လာခြင်းရဲ့ အဓိက အကြောင်းကတော့ Rebecca Win ကြောင့်ပါပဲ။ ဘာကြောင့် ဆိုတော့ ရေဗက္ကာဝင်းနဲ့တကွ မြန်မာပြည်က အဆိုတော် တချို့ အင်္ဂလန်ကို လာပြီး နာဂစ်ရန်ပုံငွေ ဖျော်ဖြေပွဲ လုပ်ကြတယ်။ ရေဗက္ကာဝင်းနဲ့အတူ သူ့ရဲ့မိဘ နှစ်ပါးလည်း လိုက်လာကြပါတယ်။ သူ့အဖေ ဒေါက်တာဌေးဝင်းက ဦးရီးတော် တို့နဲ့ အတူတူ ဆေးကျောင်းမှာ တနှစ်ထဲ တက်ခဲ့သူပါ။ ဒီတော့ သူ့အဖေလာတုန်း လာခိုက် သူငယ်ချင်းတွေ ပြန်ဆုံကြမယ် ဆိုပြီး လန်ဒန်က ဆရာဝန်ကြီး ဒေါက်တာအောင်ကြည်မြင့်က စီစဉ်ပါတယ်။ နေရာကတော့ West Midlands ဘာမင်ဂန်မြို့အနီး Sutton Coldfield အရပ်က ဒေါက်တာကျော်မြင့်ရဲ့ နေအိမ် … ။

ဒီလိုနဲ့ ၁၂၊ ဇူလိုင်၊ ၂၀၀၉ ရဲ့ သာယာလှပတဲ့ တနင်္ဂနွေနေ့မှာ ၁၉၆၈ ခုနှစ်က ဆေးကျောင်းတက်ခဲ့ကြတဲ့ ဆေးကျောင်းသားလေးတွေ ပြန်လည်တွေ့ဆုံပွဲကို ကျင်းပဖြစ်ခဲ့တယ် ဆိုပါတော့။

၁၉၆၈ ခုနှစ် က ဆေးကျောင်းသားလေးတွေ … ခုချိန်မှာတော့ ပင်စင်ယူခါနီး ဆရာဝန်ကြီးတွေ ဖြစ်နေကြပါပြီ။

အားလုံးရဲ့ မျက်နှာမှာ အပျော်တွေဖုံး အပြုံးတွေ ဝေ … လို့။ ငယ်ငယ်တုန်းကလိုပဲ ပျော်နေလိုက်ကြတာလေ … ။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြ၊ နောက်ကြ ပြောင်ကြ၊ တချို့ကလည်း တရားဓမ္မတွေ ဆွေးနွေး … အေးအေးလူလူ အပူအပင် နည်းပါးသွားတဲ့ တတိယအရွယ် ဘ၀တွေ ... ။
မိသားစုတွေနဲ့အတူ …

ရေဗက္ကာဝင်း မိသားစုနဲ့ အိမ်ရှင် (ဒေါက်တာကျော်မြင့်) မိသားစု

ရေဗက္ကာဝင်း မိသားစုနဲ့ စီစဉ်သူ (ဒေါက်တာအောင်ကြည်မြင့်) မိသားစု

ရေဗက္ကာဝင်းရဲ့ ဖျော်ဖြေမှု

ရေဗက္ကာဝင်းက ဓာတ်ပုံ ၂ ပုံနဲ့ စီဒီတခွေ လူတိုင်းကို လက်ဆောင်ပေးပါတယ်။ ဓာတ်ပုံနောက်ကျောမှာ အမှတ်တရ လက်မှတ်ထိုးပေးတယ်။ (သူ့ရဲ့ အမှတ်တရ လက်မှတ်ကို လိုချင်လို့ တန်းစီစောင့်နေကြတဲ့ ဆရာဝန်ကြီးတွေ)

မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ .... တဲ့။
(ရေဗက္ကာဝင်းနဲ့ တွဲဖက် သီဆိုသူ အင်္ဂလန်က ဒေါက်တာ ကောင်းဘွိုင်များ)

သံပြိုင် ဟစ်ကျွေး country တေး ...
¶ ¶ ¶ take me home .... country road .... ¶ ¶ ¶
***
“ပြန်လိုချင်တယ် … ဆေးကျောင်းသားဘ၀ …”
ရန်ကုန် ဆေးတက္ကသိုလ် (၁) ကျောက်ပန်းချီကားချပ် နောက်ခံနဲ့ သီချင်းသံ ထွက်လာလို့ ကြည့်လိုက်တော့ ….
“ဘယ်တော့မှ မမေ့ဘူး” ဆိုတဲ့ ကျော်ဟိန်းရဲ့ သီချင်းကို စာသားအနည်းငယ်ပြောင်းပြီး သီဆိုနေတဲ့ အန်ကယ်ကျော်မြင့်။ သီချင်းနောက်ခံက ရန်ကုန်ဆေးတက္ကသိုလ် (၁) ကျောက်ပန်းချီကားပုံ၊ ရန်ကုန်ဆေးရုံကြီး၊ လိပ်ခုံးနဲ့ ဆေးကျောင်းသားတို့ရဲ့ အမှတ်တရ နေရာလေးတွေ … ။ ပြီးတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ကျောင်းတက်ဖော် သူငယ်ချင်း တချို့ … ။ ဓာတ်ပုံလေးတွေ တခုပြီး တခု … …. ။

အားလုံး ဆိတ်ငြိမ်ပြီး နားထောင်နေကြတယ်။ သူတို့ မျက်ဝန်းတွေမှာ ရောင်စဉ်တွေ တဖျပ်ဖျပ် ပြေးလို့။ ခွဲခွါခဲ့ရတဲ့ ဒေသနဲ့ ကျောင်းတော်ကြီးကို သတိရ လွမ်းတဲ့စိတ် … သွားလေသူ သူငယ်ချင်းများအတွက် နှမြောတမ်းတ ၀မ်းနည်း စိတ်တွေ ရောပြွမ်းနေ လေရော့ သလား …. ။

“ဘယ်တော့မှ … မမေ့ဘူး …. ဘယ်တော့မှ မမေ့ဘူး ….”
တေးသံအဆုံးမှာ အားလုံးငိုင်တွေ နေကြတယ်။ ပြီးတော့ လက်ခုပ်သံတွေ ထွက်လာတယ်။ သူတို့ရင်ထဲမှာ ဘယ်လိုခံစားနေရမလဲ … ကျမကတော့ တိတ်တဆိတ် ကြေကွဲ နေမိတယ်။ မြန်မာပြည်က တော်တဲ့ ပညာရှင်တွေ … တချို့ တိမ်းပါး သွားကြတယ် … တချို့ တိုင်းတပါး ရောက်နေကြတယ် … တချို့ကတော့ ပြည်တွင်းမှာ … ရုန်းကန် နေကြရတယ်။ သူတို့ရဲ့ ကြိုးစားမှုတွေက ဘယ်သူ့အတွက်လဲ … ။ ဘာအတွက်လဲ … ။ သူတို့ချစ်တဲ့ တိုင်းပြည်ကြီးကတော့ ထုံးစံအတိုင်း ဆင်းရဲနေဆဲ။
***
“အားလုံးပြီးဆုံးသွားတော့ … ရင်တခုလုံး ကြေသွားမလား …”
ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းကို ရေဗက္ကာဝင်းနဲ့ ဆရာဝန်ကြီး ၃ ယောက် အတူ သီဆိုကြတယ်။
“သူငယ်ချင်း … ရှေ့ဆက် မင်းဘ၀မှာ အမြဲပျော်ရွှင်ပါစေ … သာယာပါစေ … တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ … ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော .. ပင်လယ်လိုစီးပါစေ … အားတင်းကာ လျှောက်လေ …”
“အားတင်းကာ ….. လျှောက် ………….. လိုက် ….”

“မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို အားတင်းထားကြပါလို့ … ပြောပေးပါ … 2010 နောက်ပိုင်းမှာ ကျနော်တို့ အားလုံး ပြန်ဆုံကြဖို့ မျှော်လင့်ပါတယ်။”
အန်ကယ်ကျော်မြင့်ရဲ့ စကားအဆုံး အားလုံး လက်ခုပ်တီးကြတယ်။ သူတို့ရင်ထဲမှာ မျှော်လင့်ချက်တွေကိုယ်စီနဲ့ …. ။
***
ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ … ။
အားလုံးပျော်ရွှင်နေကြတယ်။
တချိန်က သူတို့ဟာ ကြိုးစားခဲ့ကြရတယ်။ ရုန်းကန်ခဲ့ကြရတယ်။ ပေးဆပ်ခဲ့ကြရတယ်။
ခုချိန်မှာတော့ သာယာအေးချမ်းတဲ့ ဘ၀အသီးသီးမှာ နေသားတကျ ဖြစ်နေကြပြီ။ သံသရာခရီးအတွက် ပြင်ဆင်တဲ့သူက ပြင်ဆင်နေကြပြီ။ တွေ့ကြ ဆုံကြတဲ့ အခိုက်အတန့် လေးမှာ ဟန်ဆောင်ခြင်းတွေ မာနတွေ ပကာသနတွေ ဖယ်ခွါပြီး ငယ်ငယ်ကလို လွတ်လပ် ပျော်ရွှင် နေကြတဲ့ လူကြီးတွေရဲ့ တွေ့ဆုံပွဲလေးက အဲဒီနေ့ ည ၈ နာရီကျော်မှာ အဆုံးသတ်ခဲ့ပါတယ်။
***
မေဓာဝီ
၁၃၊ ဇူလိုင်၊ ၂၀၀၉
(၁၂၊ ဇူလိုင်၊ ၂၀၀၉ တွင် ပြုလုပ်သော ၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် (၁) ကျောင်းသားများ တွေ့ဆုံပွဲ နေ့အမှတ်တရ)
မှတ်ချက်။ ။ ဆေးတက္ကသိုလ် (၁) ဓာတ်ပုံကို ဤနေရာမှ မပြောမဆို ယူသုံးထားပါသည်။
ကျန်ဓာတ်ပုံများ အားလုံး ကိုယ်တိုင်ရိုက်သော ပုံများဖြစ်ပါသည်။

5 comments:

ရွက်လွင့်ခြင်း said...

သူတို့ သူငယ်ချင်းတွေပြန်တွေ့ ကြတာ ဝမ်းသာကြည်နှုးစရာပါပဲ၊
ကျွန်တော်တို့ တိုင်းပြည် လမ်းကြောင်းမှန်ပေါ်ပြန်ရောက် သွားရင် ဒီလို လူတွေ ရှေ့ ဆုံးက ပြန်ကြမယ်ဆိုတာ ယုံကြည်ပါတယ်

အိမ်ချမ်း said...

ရင်ထဲမှာ ဘာကို နှမြော မှန်း မသိဘူး မမေရယ်...

Ko Paw said...

အင်း….။ မြန်မာပြည်က တိုးတက်ဖွံ့ဖြိုးနေတယ်ဆိုရင်တော့ လူတွေလည်း အပြင်ထွက်ပြီး ရေကြည်ရာ မြက်နုရာ အထူးတလည် ရှာဖွေပြောင်းရွှေ့စရာ လိုတော့မယ်မဟုတ်ဘူး လို့တွေးမိတယ်။

တန်ခူး said...

မေရေ…. ပျော်ရွှင်ကြည်နူးစရာ ပြန်လည်တွေ့ ဆုံပွဲလေးပေမယ့် မေ့ကလောင်စွမ်းကြောင့် ရင်ထဲမှာ ဆွတ်ပျံ့ လွမ်းမောမိတယ်… ဝေးနေကြရတဲ့ဘ၀တွေ…

Harry said...

ရေဗက္က၀င်းနဲ့ မိတ်ဆက်ပေးပါလား ... ဟီးဟီး