Tuesday, July 07, 2009

ကျမရဲ့ ကောင်းကင် ...

တမ်းတလိုက်တိုင်း အနားမှာ အမြဲရှိနေပြီး ကျမကို ထာဝစဉ် စိုးမိုးထားသူ …
ကျမဘက်မှာ အမြဲရပ်တည်ပြီး ကာကွယ် စောင့်ရှောက်ပေးတတ်သူ …
ရယ်ရွှင်ဖွယ် စကားတွေနဲ့ စိတ်နှလုံး ပျော်မွေ့အောင် ဖန်တီးပေးတတ်သူ …
နာပျော်ဖွယ် သီချင်းတွေနဲ့ သီဆိုကာ ချော့သိပ်ပေးတတ်သူ …
နှစ်လိုဖွယ် စကားတွေနဲ့ ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမပေးတတ်သူ …
လူတိုင်းအပေါ် အကောင်းမြင်စိတ်နဲ့ သည်းခံခွင့်လွှတ် နားလည်ပေးတတ်သူ …
ကျမကို စာပေမြတ်နိုးလာအောင် … မြန်မာဂီတကို စိတ်ဝင်စားလာအောင် …. ဘာသာတရားနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် … ပြုစုပျိုးထောင်ပေးခဲ့သူ ….
ကျမရဲ့ အချစ်ရဆုံး …
ကျမရဲ့ ကောင်းကင် …
အဖေ …
***မိုးတွေရွာနေတယ် … ။
မိုးရေစက်တွေကို ချွေချပေးနေတဲ့ ကောင်းကင်ကြီးကြောင့် တလောကလုံး အေးချမ်း စိမ်းလန်း နေတယ်။
အေးမြတဲ့ မိုးရေစက်တွေနဲ့ အတူ … လွန်ခဲ့တဲ့ ၆၄ နှစ် … ဒီလိုနေ့က အဖေ လူ့လောကကြီးထဲ ရောက်လာခဲ့တယ်။
လွန်ခဲ့တဲ့ ၆၄-နှစ် … ၀ါဆိုလပြည့်ကျော် တရက် … ဗုဒ္ဓဟူးနေ့မှာပေါ့။
ဘာသာ သာသနာအတွက်၊ လောကအတွက်၊ မိသားစုအတွက်၊ ကျမအတွက် … ချစ်သော အဖေ့ကို မွေးဖွားပေးခဲ့တဲ့ အဖေ့ မေမေ (ကျမဖွားဖွား) ကို အထူးပဲ ကျေးဇူးတင်မိပါတယ်။
***
“ရောက်တဲ့ အရပ်မှာ ပျော်အောင်နေ …
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း …
ကောင်းတာတွေကိုသာ ပြောဆို ကြံစည် လုပ်ကိုင်ပါ”
အဖေနဲ့ခွဲပြီး အဝေးကြီးကိုသွားရတော့ အဖေက အဲဒီလို မှာခဲ့တယ်။ အဖေပြောတဲ့ စကားသုံးခွန်းကို အမြဲမှတ်ထားပါတဲ့ … ။

“ကြာပင်လို မကျင့်နဲ့၊ မှော်ပင်လိုကျင့် …”
ကျမ စာတွေပြန်ရေးနေတာ အဖေသိတော့ အဖေ့ဆီက စာတစောင် ရောက်လာတယ်။
“လူဆိုတာ မထင်မရှားနေတာ အကောင်းဆုံးဘဲ။ ‘ကြာပင်လို မကျင့်နဲ့၊ မှော်ပင်လိုကျင့်’ လို့ ပညာရှိကြီးတွေ သတိပေးစကား ရှိတယ် မဟုတ်လား။ မှော်ပင်တွေဟာ ရေပြင်နဲ့ တပြေးညီ နေတော့ ဘယ်သူကမှ မခူးဘူး, မချွေဘူး, မဆွတ်ဘူး။ ကြာကတော့ ရေပေါ်ကို ပြူထွက်နေပြီး ၀င့်ဝင့်ထည်ထည် ပေါ်ပေါ်လွင်လွင် နေတော့ သူတပါးရဲ့ ခူးဆွတ် ဖြတ်တောက်တာကို ခံရတယ်။ ဒါကြောင့် မှော်ပင်လို မထင်မရှားနေတာဟာ အန္တရာယ် အကင်းဆုံးဘဲ။”
***
“သမီးမရှိတော့ အဖေ့ညာလက်ရုံး ပြုတ်သလိုပဲ …”
အဖေနဲ့ကျမက အမြဲမခွဲ တတွဲတွဲ နေခဲ့ကြသူတွေ … ။ ၃၃-လမ်း … ၃၄-လမ်း၊ စက္ကူဆိုင်၊ ဖလင်ခန်း၊ colour separation, binding … အဖေနဲ့ ကျမ ခြေတိုအောင် လျှောက်ခဲ့ကြဖူးတယ်။ မြို့ထဲကနေ အိမ်ထိ သားအဖနှစ်ယောက် စကားတပြောပြော လမ်းလျှောက်ရင်း ပြန်ခဲ့ကြဖူးတယ်။ လက်ဘက်ရည်ဆိုင် အတူထိုင်လို့ စာအကြောင်း ပေအကြောင်း၊ ဘာသာရေး၊ နိုင်ငံရေး၊ ရယ်စရာ မောစရာ … ပြောစရာစကားတွေ မကုန်နိုင်အောင် အဖေနဲ့ ကျမ အတိုင်အဖောက် ညီခဲ့ကြတယ်။

ကျမ ရှစ်တန်း ကိုးတန်းလောက်ကတည်းက စာလုံးလေးတွေကို ဘယ်လိုပြင်ရတယ်ဆိုတဲ့ စာပြင်သင်္ကေတလေးတွေ အဖေက သင်ပေးခဲ့တယ်။ အဖေ့ သားသမီး လေးယောက်ထဲမှာ ကျမတယောက်ကိုသာ အဖေသင်ပေးခဲ့ပြီး ကျမသာ အဖေ့အလုပ်တွေ အများဆုံး လုပ်ပေးခဲ့ရတာပါ။ ခဲစာလုံးနဲ့ စာစီပြီး ပုံနှိပ်တဲ့ ခေတ်ကတည်းက အဖေ့စာအုပ်တွေကို ပရုဖ် ဖတ်ရ၊ ပြင်ပေးခဲ့ရတယ်။ နောက်ဆုံး ကွန်ပျူတာခေတ်မှာ အဖေ့စာအုပ် အစအဆုံး ကိုယ်တိုင်ရိုက်ပေးခဲ့တယ်။ အဖေစာသင်သမျှ သင်ခန်းစာတွေကို ကိုယ်တိုင်စာစီ စာရိုက် ကော်ပီကူး စာအုပ်ချုပ် အစအဆုံး လုပ်ပေးခဲ့တယ်။ အဖေကလည်း ဒီ့ပြင်လူတွေ လုပ်ရင် စိတ်တိုင်းမကျလို့ ကျမကိုပဲ အမြဲလုပ်ခိုင်းခဲ့တယ်။

“သမီးရိုက်ပေးခဲ့တာလေးတွေ ပြန်ကြည့်ပြီး … အဖေက သမီးကို အများကြီးခိုင်းခဲ့တာပဲ … ငါ့သမီးလေးကို သနားလိုက်တာ …” အဖေနဲ့ စကားပြောဖြစ်တဲ့ တရက် အဖေအဲဒီလိုပြောတော့ ကျမစိတ်ထဲ ၀မ်းနည်းလို့ မျက်ရည်ဝဲခဲ့ရတယ်။
***
အိမ်ကလူတွေ အမြင်ကပ်လောက်တဲ့အထိ အဖေက ကျမကို ချစ်ခဲ့တယ်၊ ကျမက အဖေ့ကို ချွဲခဲ့တယ်။ ကျမ ရေချိုးခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို ခြောက်အောင် မသုတ်ရင် အဖေက မျက်နှာသုတ်ပုဝါကြီးယူပြီး ကျမကို သုတ်သုတ်ပေးခဲ့တယ်။ သုတ်ပေးရင်းနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ တတွတ်တွတ် သတိပေးခဲ့တယ်။ ခုထိလည်း အဝေးကနေ သတိပေးနေတုန်းပဲ။ ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ဖို့၊ သွားတိုက်ဖို့၊ ရေများများသောက်ဖို့က အစ … အဖေကျမကို စိတ်ပူပန်စွာ သတိပေးနေဆဲ။

“Father came too” ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းအကြောင်းကို ကျမ ဆယ်ကျော်သက်အရွယ်မှာ အဖေ ပြောပြခဲ့တယ်။ အဖေလဲ father came too လုပ်မှာနော် … လို့ စ-သလို နောက်သလို အဖေပြောခဲ့ဖူးတယ်။ အခုကျမက … အဖေ … သမီးဆီလာခဲ့လေ … လို့ ပြောတော့ … သမီးအောင်မြင်မှုရမှ အဖေလာခဲ့မယ် … တဲ့။ အစကတော့ father came too လို့ ပြောခဲ့တဲ့ အဖေ့ကို ကျမ စိတ်မကောက်ရက်တော့ပါဘူး။ အဖေနဲ့ ဆုံနိုင်ဖို့အတွက် ကျမ ကြိုးစားရမှာပေါ့။
***
အဖေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေ …
အဖေဆိုပြတဲ့ သီချင်းလေးတွေ …
အဖေရေးခဲ့တဲ့ စာတွေ …
အဖေဖွဲ့ခဲ့တဲ့ ကဗျာတွေ …
အဖေဆုံးမတဲ့ သြ၀ါဒစကားတွေ …
အဖေ့ရဲ့ နွေးထွေးတဲ့လက် …
အဖေ့ရဲ့ ကိုယ်ရနံ့ …
အဖေ့ရဲ့ အငွေ့အသက်အားလုံး … ကျမအနားမှာ ရှိနေသလိုပဲ … ။
ကျမ ခေါင်းမော့ကြည့်လိုက်တိုင်း ကောင်းကင်ကြီးက ကျမကို အုပ်မိုးထားသလို … အဖေ့မေတ္တာတွေက ကျမကို လွှမ်းမိုးထားတယ်။ ကျမ ပူလောင်နေချိန်မှာ အဖေ့မေတ္တာတွေက အေးမြနေသလို … ကျမ ချမ်းအေး နေချိန်မှာ အဖေ့မေတ္တာတွေက နွေးထွေးနေတယ်။
***
အဖေ …
၆၄-နှစ်မှသည် … နောင်နှစ်များစွာထိ … အနားမှာ ရှိနေပေးပါ။
ဘာသာအတွက် သာသနာအတွက် လောကအတွက် မိသားစုအတွက် … အဖေ ကျန်းမာစွာ အသက်ရှည်ပေးပါ။
အဖေ့ကို ချစ်တဲ့ အဖေ့ရဲ့သမီး … အဝေးကြီးကနေ ဆုတောင်းပေးလိုက်ပါတယ်။
***
(ကျေးဇူးရှင် အဖေရဲ့ ၆၄-နှစ်ပြည့် မွေးနေ့ အမှတ်တရ)

မေဓာဝီ
ဝါဆိုလပြည့်ကျော် ၁-ရက်၊ ၁၃၇၁။
၁၀း၃၉ နာရီ

7 comments:

P.Ti said...

အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တတွေ ချစ်တဲ့ မိဘတွေနဲ့ ခွဲနေခဲ့ကြရတာ...

အမလည်း အမ အဖေနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ပါစေ။
အမ အဖေအတွက် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

kay said...

အဖေချစ်တဲ့ သမီးခြင်းမို့ နားလည်စွာ ဖတ်သွားပါတယ်..မမေ-

မမေရဲ့ ဖေဖေ..သက်ရှည် ကျန်းမာ..သာသနာအကျိုးဆက်လက်သယ်ပိုးနိုင်ပါစေ-

ကိုအောင် said...

မမေဓါဝီရဲ့ ဖခင် အသက်ရာကျော်ရှည်ပါစေ။

Anonymous said...

မမေဓာဝီဖခင် သက်ရှည်ကျန်းမာပါစေ ..
ရိုင်ယန်

မေဓာဝီ said...

ဆုတောင်းပေးကြတဲ့ ... ကိုပီတိ၊ မကေ၊ ကိုအောင် နဲ့ ရိုင်ယန်တို့ကို ကျေးဇူးတင်ပါတယ်ရှင် ... ။

PAUK said...

ကြာပင် မှော်ပင်လို တင်စားဆုံးမတာလေး
သဘောကျတယ်..
မမေအဖေ ကျန်းမာပါစေ..

သူကြီးမင်း (တုံးဖလား) said...

ပုံတွေပြောကာ၊ ဆုံးမရှာ၊
မေတ္တာပေးနေ၊ တို့ဖေဖေ။

သီချင်းဆိုကာ၊ ချော့သိပ်ရှာ၊
ကဗျာဖွဲ့နေ၊ တို့ဖေဖေ။

သြ၀ါစကား၊ မိန့်မြွက်ကြား၊
သင်ကြားခဲ့ပေ၊ တို့ဖေဖေ။

ကိုယ်သင်းရနံ့၊ သင်းပျံ့ ပျံ့ ၊
ပျံ့နှံ့ခဲ့ပေ၊ တို့ဖေဖေ။

နွေးထွေးသည့်လက်၊ ငွေ့အသက်၊ ဆက်လက်တည်နေ၊ တို့ဖေဖေ။
...




ပျော်ရွှင်ဖွယ်ရာ မိသားစုကမ္ဘာလေး ကျန်းမာချမ်းသာစွာနဲ့ ပြန်လည်ဆုံဆည်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)