Thursday, July 16, 2009

အလှည့်

ဟိုစဉ်အခါ ကလေးဘ၀တုန်းက ခရေပင်တွေ အုပ်ဆိုင်းနေတဲ့ လမ်းကျဉ်းလေး တခုမှာ အဖေနှင့်အတူ ညီအစ်မ တတွေ မနက်စောစော မိုးမလင်းမီ ခရေပန်းတွေ ကောက်ခဲ့ကြဖူးသည်။ လေတိုက်တိုင်း ကြွေလွင့်လာတဲ့ ခရေပန်းလေးတွေကို အပြေးအလွှား လိုက်ကောက်ရတာ ပျော်စရာ ကြည်နူးစရာ … ။ အဲဒီလိုကောက်ကြရင်းနဲ့ … “မောင်လေးရေ … ထပါတော့ .. ရောင်နီလာလှပေါ့ …” အစချီတဲ့ ခရေပန်းကောက် ကဗျာလေးကို သံပြိုင် ရွတ်ဆိုခဲ့ကြဖူးသည်။ ထိုစဉ်တုန်းက မောင်လေးက အမေ့ရင်ခွင်ထဲ မှေးအိပ်လို့ ကောင်းဦးမည့် အရွယ်ကလေး။ သူတို့လို ပန်းကောက် ထွက်နိုင်သည့် အရွယ်မဟုတ်။

“ဖေ … ဟောဒီမှာကြည့် … ခရေပန်းလေးတွေက ကြယ်လေးတွေနဲ့ မတူလား … သမီးတို့ ကောက်နေတာ ကြယ်လေးတွေပေါ့ … နော် …”
“ဒါပေါ့ သမီးရဲ့ … သမီးလေး ကောက်နေတာ ကြယ်မွှေးမွှေးလေးတွေ …”
“ဟုတ်တယ်နော် … ကြယ်မွှေးမွှေးလေးတွေ”
အဖေ့စကားကို သံယောင်လိုက်ပြောရင်း လက်ထဲက ပန်းပွင့်လေးတွေကို မွှေးမိတော့မလို ဖြစ်သွားသည်။ ဘုရားမကပ်ခင် မမွှေးရဘူးဟု အမေ ပြောထားသည်ကို သတိရ၍ ပန်းလေးတွေ နှာခေါင်းနား မရောက်ခင် လက်ကို ပြန်ရုပ်လိုက်ရသော်လည်း ဝေ့၀ဲ သင်းပျံ့လာသော ခရေရနံ့လေးကို တိတ်တခိုး ရှူလိုက်မိသေးသည်။

“ကြယ်လေးတွေက ဘာလို့ ကြွေနေကြတာလဲဟင်”
“သမီးတို့ ကောက်ရအောင်လို့ နတ်သမီးလေးတွေက ကြယ်တွေကို ခြွေချပေးနေတာလေ …”
အဖေက ကောင်းကင်ထက် မော့ကြည့်ရင်း ပြောတော့ သူလည်း ရောယောင်ပြီး မော့ကြည့်မိ၏။ ကြယ်တွေစုံတဲ့ မိုးကောင်းကင်အစား ခရေရွက် စိမ်းရင့်ရင့် တွေကိုသာ မြင်ခဲ့ရသည်။ နတ်သမီးလေးတွေက သူတို့ကို မြင်မှာစိုးလို့ သစ်ရွက်တွေနဲ့ ယှက်မိုးထားတာများလား … ဟု ထိုစဉ်က စိတ်ကူးယဉ်ပြီး တွေးမိပါသေးသည်။ ကြယ်တွေကို ပွေ့ပိုက်ထားသော နတ်သမီးလေးတွေက လေတိုက်တိုင်း ကြယ်ပွင့်လေးတွေ ခြွေချပေးနေပုံကို မျက်စိထဲ မြင်ယောင်ရင်း အဖေ့ကို မေးခွန်းထပ်ထုတ်ခဲ့သည်။

“သူတို့ခြွေရင်းနဲ့ ကြယ်လေးတွေ ကုန်သွားရင်ရော …”
“မပူပါနဲ့ သမီးရယ် … ကြယ်လေးတွေ ကုန်သွားရင် ကြယ်ဖူးလေးတွေ တခါထပ်ဖူးပြီး ကြယ်ပွင့်လေးတွေ ထပ်ပွင့်ဦးမှာပေါ့”
“အဲဒီအခါကျရင် နတ်သမီးလေးတွေက ထပ်ခြွေချပေးဦးမှာလား … ဖေ”
ကောက်လက်စပန်းလေးတွေကို ယွန်းခြင်းတောင်းလေးထဲ ထည့်ရင်း အဖေ့ရင်ခွင်ထဲ မှီတွယ်ခိုဝင်ပြီး မေးခွန်းတွေဆက်တော့ အဖေက ပြန်လည်ထွေးပိုက်ကာ စိတ်ကျေနပ်အောင် ဖြေပေးခဲ့သည်။

“အင်း … နတ်သမီးလေးတွေက ကြယ်လေးတွေပွင့်တိုင်း ခြွေချပေးနေဦးမှာ … တဲ့ … ဘာလို့လဲ ဆိုတော့ … သူတို့ခြွေချပေးတဲ့ ကြယ်ပွင့်လေးတွေကို သမီးလေးက ဘုရားကပ်ရင် … သမီးလေး ကုသိုလ်ရအောင်လို့ … တဲ့ …”
အဲဒီအထိတော့ အဖေ့အဖြေကို ကျေနပ်ခဲ့ပါသည်။ သို့ပေမဲ့ အဖေက ဆက်ပြီးပြောလာသည်က …
“သမီးလေး ကုသိုလ်တွေရရင် နောက်ဘ၀ကျ နတ်သမီးလေး ဖြစ်ရော … အဲဒီအခါကျ … ကြယ်ပွင့်လေးတွေကို သမီး ကိုယ်တိုင် ခူးလို့ ခြွေလို့ရပြီပေါ့ …”
“ဟင့်အင်း … ဟင့်အင်း … ”
အဖေ့ရင်ခွင်ထဲမှ ရုန်းထွက်ရင်း ခေါင်းခါ ငြင်းဆန်မိသည်။ အဖေက ရယ်မောရင်း ဘာဖြစ်လို့လဲ သမီးရဲ့ ဟု မေးတော့ ရုတ်တရက် ဘာပြောရမှန်း မသိခဲ့။

“ဟုတ်ဘူးလေ အဖေရဲ့ … ဟိုဟာ …”
တခုခုဆိုလျှင် မဟုတ်ဘူးက စပြောတတ်တာကို အမေက လုံးဝမကြိုက်။ အဖေကတော့ ဘာမှမပြောပါ။
“သမီးကလေ … ဟိုလေ … သမီး ကိုယ်တိုင် ခူးပြီး ဘုရားကပ်ချင်တာ၊ သူများကို မခြွေပေးချင်ဘူး … အဲဒါ …”
စိတ်ထဲပေါ်လာသည့်အတိုင်းပြောတော့ အဖေက ရယ်ပါလေရော။
“ဟားဟား … သမီးက လူလည်လေးပဲ … သူများကို မခြွေပေးချင်လို့ ဘယ်ရမလဲ သမီးရဲ့။ သမီး နတ်သမီးလေးဖြစ်ရင် တခြားသူတွေ ခုလို ကြယ်လေးတွေ ကောက်ရအောင် ကိုယ်က တလှည့် ခူးပေးရဦးမှာပေါ့ … တခြားသူတွေ ကုသိုလ်ရအောင် လုပ်ပေးရင် သမီးလည်း ကုသိုလ်တွေ အများကြီးပိုရမှာ …”
***
“တခြားသူတွေအတွက် … ကိုယ်ကတလှည့် …”
ထိုစဉ်က အဖေ့စကားကို သေချာလည်း သဘောမပေါက်ခဲ့၊ လေးလေးနက်နက်လည်း မစဉ်းစားမိခဲ့။ အမှတ်တမဲ့ သဘောထားရင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။ လျှောက်လှမ်းခဲ့သော ခြေလှမ်းများ တဖြည်းဖြည်း များပြားလာချိန်မှာတော့ “အလှည့်” ဆိုသည့် စကားလုံးက ခေါင်းထဲ ပြန်ရောက်လာလေ၏။

ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ နေရာတနေရာကို သေချာဆုပ်ကိုင်ပြီး ထာဝရ ပိုင်ဆိုင်ဖို့ဆိုတာ ဖြစ်နိုင်သည်မှ မဟုတ်တာလေ။
ပန်းကလေးတွေသည်လည်း … တပွင့်လန်းဖို့ တပွင့်နွမ်းပေးရသည်ပဲ။
သစ်ရွက်ကလေးတွေလည်း … တရွက်ဝေဖို့ တရွက်ကြွေပေးရသည်ပဲ။
သည်လိုမှလည်း မျိုးဆက်သံသရာ လက်ဆင့်ကမ်း လည်ပတ်ရင်း လောကကြီးကို အလှဆင်ပေးနိုင်မည် မဟုတ်ပါလား။
***
မေဓာဝီ
၁၆၊ ဇူလိုင်၊ ၂၀၀၉
၁၆း၅၉ နာရီ

ပုံယူသောနေရာ

7 comments:

ကိုအောင်(ပျူနိုင်ငံ) said...

သိပ်ဟုတ်တာပေါ့ဗျာ၊ ခူးပြီး ကပ်ချင်ရင် ခြွေပြီးတော်လေ
ပေးရမယ်လေ။

ရေတမာ said...

အမ..ခုလိုရေးတဲ့စာ(ပုံစံ)တွေကို ကြိုက်တယ်. စာဖတ်သူကို အတွေးတွေအများကြီးပေးတယ်.. ကျနော်လည်း တစ်ဘို့တည်းသမား တစ်ယောက်ဖြစ်မှန်းမသိ ဖြစ်နေတယ်။ လောကကြီးကို အလှဆင်ဖို့ ကိုယ်ကတလှည့် ပြန်လည်ပေးဆပ်ဖို့ ကြိုးစားရဦးမယ်..

Anonymous said...

ကောင်းလိုက်တာ အမရယ်..အတုံ့အလှည့်တဲ့..ကိုယ်က ယူပြီးရင် ပေးရတဲ့ အလှည့်ကျလဲ ပျော်နိုင်ရမှာပေါ့နော်။

မေ့သမီး said...

သမီးလည်း ကိုယ်ကပေးနိုင်ဖို့ ကြိုးစားနေတုန်းပဲ အမရေ။

ရွက်လွင့်ခြင်း said...

ရယူပြီးရင် ပြန်ပေးရမယ်ဆိုတာကို နှလုံးသွင်းထားနိုင်ရင် ကမ္ဘာကြီးဟာ လှပနေမှာပါ

Harry said...

အင်း ... ကြယ်မွှေးမွှေးလေးတွေနော်

yangonthar said...

အစ်မမေ မေမေ့ကို မွေးနေ့ ဆု တောင်းပေး သွား တာကျေးဇူးအရမ်းတင်ပါတယ်ဗျာ ....
အစ်မနေကောင်းလား .... စာတွေနဲ့ အဆင် ပြေတယ်ဟုတ် :)
အစ်မစာလေးတွေ ဖတ်ပြီးရင် တစ်ခုခု ရလိုက်တယ် ရင်ထဲကျန်ခဲ့တယ် ... အလှည့် ဆိုတာ လေးကို နေရာတိုင်းမှာ ကျွန်တော် လိုက် ထည့်ကြည့်တယ် .... သိပ်ကောင်းတဲ့ စကားလေး အတွေးအခေါ်လေးပါ ...
အဆင်ပြေပါစေ အစ်မမေ
လေးစားလျှက်
ရန်ကုန်သား :)