Wednesday, February 07, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၄)

သို့
ကိုပြူးကျယ် …

ရက်သတ္တတပတ် ဆိုတာကလည်း အကုန်မြန်လှပါဘိနော်။ ပေးစာ အပိုင်း (၃) ရေးထားတာ မကြာသေးဘူး ထင်ရပေမဲ့ … အခု ပြန်ကြည့်တော့ တပတ်တောင် ရှိပါပေါ့လား။ တပတ်တခါ တင်ပါမယ်ဆိုတဲ့ ကတိကြောင့် အပိုင်း (၄) ကို ဆက်လက် တင်ဆက်လိုက် ပြန်ပါပြီ ကိုပြူးကျယ်ရေ …။

ဒီ (နန္ဒမာလိနီ) စာအုပ်ထဲက ကောက်နုတ် ဖော်ပြချက်တွေကို ကိုပြူးကျယ် အပါအ၀င် မြန်မာစာ ချစ်သူများ သဘောကျ မကျတော့ မပြောတတ်ဘူး။ ကျမကတော့ ဆုံးခန်းတိုင်အောင် ဆက်ရေးမယ်လို့ ဆုံးဖြတ်ထားပါရဲ့။ ဘာပဲဖြစ်ဖြစ် လေ့လာသူတွေ အထောက် အကူရအောင် တတ်နိုင်သလောက် ဝေငှပေးချင်လို့ပါ။ မကြိုက်တာ တွေ့ရင်လည်း ပြောနိုင်ပါတယ်။ လက်မခံနိုင်တာ ရှိရင်လည်း ထောက်ပြနိုင်ပါတယ်။
***
ဒီကနေ့ အပိုင်း (၄) ကတော့ တြိချိုး အလှည့်ရောက်လာပါပြီ။ ဒွေးချိုး လေးချိုးသာ ကျမတို့ အသိများ အခေါ်များ မှတ်သား ခဲ့ကြပေမယ့် တြိချိုး ဆိုတာလည်း ဒွေး နဲ့ လေး ကြားထဲမှာ ရှိနေသေးပါတယ်။
တြိ ဆိုတာ .. ၃၊ ချိုးက အဆစ်အပိုင်းဆိုတော့ တြိချိုးဟာ အချိုးအပိုင်း သုံးခုဖြင့် စီကုံးသော ကဗျာပဲပေါ့။ ဒီ တြိချိုးကိုလည်း သဖြန်၊ ကွန်းထောက် ခေါ်ကြပါသေးသတဲ့။
အချိုး ၃ ချိုးဆိုတာကတော့ … အတက်တချိုး၊ အခံတချိုး၊ အအုပ်တချိုး လို့ ဖော်ပြထားပါတယ်။

တကယ်တော့ တြိချိုးတွေကို တြိချိုးမှန်း မသိဘဲ ကျမတို့ ငယ်ငယ်က ရွတ်ဆိုခဲ့ကြဖူးပါတယ်။ နမူနာ တြိချိုးလေးတွေကို ကြည့်ရအောင်ပါ။

“ပန်းဘွဲ့တြိချိုး”
ပျိုလေးတို့ အိမ်ဦး၊
ဆတ်သွားဖူးက တရုံနှစ်ရုံ။
ကျေးတွေကအုံ။
မအုံပါနဲ့ ကိုရွှေကျေး၊
ပျိုတို့မောင် ရှင်လိင်ပြန်တော့၊
နားပန်ဖို့လေး ။ … ။

“သားချော့ တြိချိုး”
ရွှေလမှာ ယုန်ဝပ်လို့၊
ဆန်ဖွပ်သည့်အဖိုးအို။
ဟော ကြည့်ပါဆို။
ဆိုသာဆို၊ ပိုမိုသည့် စကား၊
ကလေးအငိုတိတ်အောင်၊
အရိပ်အရောင် ပြတယ်၊
ဖိုးလ နတ်သား ။ … ။

“တောရွာဘွဲ့ တြိချိုး”
ရွှေပဟိုရ် စည်သံများကို၊
မကြားရ ကြာလေပြီ။
လေးလရာသီ။
တိုင်းဌာနီ၊
မဟုတ်ကယ် ပါပြီလို့၊
ကြက်သံကို ပဟိုရ်ပြုရတယ်၊
တောသူ့ရွာမို့ ။ … ။


“သစ္စာထား တြိချိုး”
ကြက်ညီနောင် ရေ၀ယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်။
လဲတော့မရှောင်။
အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး၊
ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
မယ်လေ့ကို မောင်မမုန်းတယ်၊
သုံး ဘ၀ ကူး ။ … ။


နန်းမတော် မမြကလေး၏ “မောင်ဖွဲ့ တြိချိုး”
ကြာခြည်ရန်၊
နာရီပြန် ပဟိုရ်ညိတ်ပါပေါ့၊
မှေးမှိတ်လို့ စက်ပါသော်။
ရေးမျှ မပျော်။
လာနိုးငယ်မျှော်၊
ကြာမော်မြင့် ဆောင်ထီး၊
ရွှေဘောတော် တဥာဏ်ပွေလို့၊
မလာနေ တာရှည်လှတာကြောင့်၊
တွေးရခက်ကြီး ။ … ။

***
နမူနာ တြိချိုးလေးတွေကတော့ ဒီမျှပါပဲ … ။ ဒီတြိချိုးလေးတွေ အားလုံးလိုလိုကို သိပြီးသားတွေ ဖြစ်မှာပါ။ နန်းမတော် မမြကလေးရေးတဲ့ တပုဒ်ကလွဲလို့ ကျန်တြိချိုးတွေရဲ့ ရေးဖွဲ့သူကို ဖော်ပြထားခြင်း မရှိပါဘူး။ ရှေးဟောင်းတြိချိုး လို့သာ ဖော်ပြထားပါတယ်။

ကိုပြူးကျယ်နဲ့တကွ မြန်မာကဗျာ မြတ်နိုးသူများ ဒီတြိချိုးလေးတွေ ဖတ်ပြီး …ရွှေပဟိုရ်စည်သံကိုပဲ လွမ်းနေမလား … ၊ ဖိုးလနတ်သားကိုပဲ တမ်းတနေမလား… ရယ်လို့ ကျမကတော့ တွေးရခက်ကြီး ဖြစ်နေပါပေါ့ရှင် … ။
***
မေတ္တာဖြင့်…
မေဓာဝီ
6.2.07

11:32 pm

***

နောက်ဆက်တွဲ ။…။
ကိုပီယရဲ့ ကွန်မန့်ကြောင့် ဒီနောက်ဆက်တွဲကို ထပ်မံ ဖြည့်စွက် လိုက်ရခြင်းပါ။
တကယ်တော့ ဖွဲ့နည်း ဥပဒေသကို ရေးအုံးမလို့ပါပဲ။ သို့ပေသိ ကိုပီယက အရှေ့ကကွန့်မန့်မှာ ပြောခဲ့သေးတယ် မဟုတ်လား။ ကဗျာကိုကြည့်ရင် ရေးနည်းကို လေ့လာလို့ရတယ် ဆိုတာကြောင့် ထည့်မရေးတော့တာပါ။
ဖတ်လိုသပ ဆိုလည်း ရေးပေးရတာပ ရှင် .. ။
နောက်တခု … ပုဒ်မတွေက သူ့စာမှာပါတဲ့အတိုင်း ချပေးထားတာပါ။ … ကျမလည်း အဲဒီပုဒ်မတွေကို သံသယတော့ရှိသား။
***
တြိချိုးမှာ …
အချိုးအားဖြင့် - အတက်၊ အခံ၊ အအုပ် ရယ်လို့ရှိတယ်။
အပိုဒ်ရေအားဖြင့် - အခံချိုးမှာ အပိုဒ်ငယ် ၂ ပိုဒ်သာ အထားများတယ်။ ပထမချိုးနဲ့ တတိယချိုးတို့မှာ အပိုဒ်ရေ ထားပုံက ဒွေးချိုးအတိုင်းဖြစ်ပါတယ်။
အက္ခရာလုံးရေအားဖြင့် - ဒုတိယချိုးရဲ့ အပိုဒ်ငယ် နှစ်ပုဒ်အနက် .. ဒုတိယအပိုဒ်မှာ အက္ခရာ ၅ လုံးသာ ထားရပါမယ်။ ကျန်အပိုဒ် ဟူသမျှတို့ရဲ့ အက္ခရာ လုံးရေမှာ ဒွေးချိုးနှင့် တူတူဖြစ်ပါတယ်။
အစပ်ကာရန်အားဖြင့် - ပထမချိုးမှာ တတိယပိုဒ်ရဲ့ အဆုံးကာရန် နဲ့ ပထမချိုးရဲ့ အဆုံးကာရန်၊ ဒုတိယချိုး ပထမပိုဒ်ရဲ့ အဆုံးကာရန်၊ ဒုတိယပိုဒ်ရဲ့ ရှေ့ထက်ဝက်ကာရန်၊ ပေါင်း-ကာရန် လေးချက် ထပ်မိစေရမယ်တဲ့။ ဒုတိယချိုးရဲ့ အဆုံးကာရန်နဲ့ တတိယချိုးရဲ့ အဆုံးကာရန်လည်း ဧကန် ထပ်မိရပါမယ်တဲ့။
လေပြင်းလေလျော့အားဖြင့် - ပထမချိုးရဲ့ အဆုံးမှာ (အာ-အီ-အူ) ဆိုတဲ့ လေလျော့ အက္ခရာကိုသာ ထားရပါမယ်။
ဒုတိယ၊ တတိယအချိုးတို့ရဲ့ အဆုံးအက္ခရာမှာတော့ (အ-အား-အိ-အီး) စတဲ့ လေပြင်းအက္ခရာ အသံကိုသာ ထားရမယ်လို့ ဆိုထားပါတယ်။

တြိချိုး နမူနာ စပ်ထားတာ လေးပါ ထည့်ပေးလိုက်ပါတယ်။ ဒါကိုကြည့်ရင် ပို ရှင်းမယ်လို့ထင်ပါတယ်။

(၁) ကူးဆင့်ကာ
(၂) ထူးသင့်ရာ-ရေးရိုးမြွက်
(၃)ဒွေးချိုးထက် တချိုးကျယ်၊
(၄) တြိချိုးခေါ်တယ်။

(၁) ခံချိုးဝယ်၊
(၂) ပိုဒ်ငယ်က-နှစ်ဘဲ ။ ။

(၁) ကြွင်းသေသာ၊
ဒွေးချိုးနမူနာသို့၊
(၂) တူမကွာ-ပုံစနစ်ကို
အားသစ်လို့ခဲ ။ ။

***
ကျေးဇူးတင်ပါသည်။

9:46 pm

4 comments:

Mg gyi said...

i come back from Malaysia the day before yesterday by train. When i come back from Penag i was watching the moon and asked myself about the shade in the moon is the shade of rabbit or... by watching the moon my mind went back to my childhood and hearing that Myanmar poem recited my Mom. Now again those Myanmar poems mentioned ma May's post make me miss my childhood again and......

May all be happy!

Philtre said...

ကျေးဇူးကြီးလှပါတယ်...ဆရာမရေ....
ခုကဗျာတွေကို ဖတ်မိတော့မှ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကျနော်လေ့လာခဲ့ဖူးတဲ့
`ကဗျာဖွဲ့နည်း နိဿျည်း`စာအုပ်နဲ့တော်တော်တူတာဗျ... ဒီလောက်နှစ်တွေကြာတော့
ရေးရေးပဲမှတ်မိတော့တယ်... မမေရဲ့ တင်ပြပုံလေးကို နဲနဲလေး ထပ်ဖြည့်ပေးစေချင်ပါတယ်... ကဗျာတချိုးဘယ်မှာဆုံးတယ်ဆိုတာ
သိရဖို့အတွက် အချိုးအဆုံးမှာ ချတဲ့ပုဒ်မ (။) က အရေးကြီးပါတယ်... အချိုးမဆုံးမချင်း ပုဒ်ထီး (၊) ပဲချရပါမယ်... ဥပမာ....

ရွှေလမှာ ယုန်ဝပ်လို့၊
ဆန်ဖွပ်သည့်အဖိုးအို၊
ဟော ကြည့်ပါဆို။ (အို..ကာရန်ဆုံး အတက်ချိုး)

ဆိုသာဆို၊
ပိုမိုသည့် စကား။ (အား...ကာရန်ဆုံး အခံချိုး)

ကလေးအငိုတိတ်အောင်၊
အရိပ်အရောင် ပြတယ်၊
ဖိုးလ နတ်သား ။ (အား...ကာရန်ဆုံး အအုပ်ချိုး)

ပြီးတော့ ကဗျာဖွဲ့နည်း ဥပဒေသ လေးတွေပါထည့်ပေးစေချင်ပါတယ်... အလွန်အကျူးစာတပိုဒ် စာလောက်ပဲရှိမှာပါ... နောင်လာနောက်သားတွေ နည်းယူလေ့လာချင်တဲ့အခါ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါတယ်... ဘာလို့လဲဆိုတော့ ကျနော်တို့လို့ ရပ်ဝေးမြေခြား အခြေချနေထိုင်ရသူတွေအဖို့လဲ ဒီလိုရှေးဟောင်းစာအုပ်တွေ အလွယ်တကူရှာယူလို့မရနိုင်လို့ပါ... ကျနော်ဆိုရင် မမေရဲ့ ကဗျာနဲ့ပတ်သက်တဲ့ပို့စ်တွေအားလုံးကို ကော်ပီကူးပြီး ဖိုင်တဖိုင်အနေနဲ့ သိမ်းဆည်းထားပါတယ်... ဥပဒေသ တွေကိုကျနော်လဲပြန်သိချင်ပါသေးတယ်...
ဒီတြိချိုးမှာဆိုရင်... ကျနော်ဥာဏ်မှီသလောက် မှတ်ချက်ထုတ်ကြည့်ပါအုံးမယ်...

၁။...အတက်ချိုးရဲ့အဆုံးကာရန်တိုင်းဟာ အီ၊ အူ၊ အေ၊ အို စတဲ့ (ဂရုသံကာရန်) တွေနဲ့အဆုံးသတ်ရပါတယ်...
၂။... ဒီအတက်ချိုးရဲ့ နောက်ဆုံးနှစ်ကြောင်း အဆုံးကာရန်တိုင်းဟာ တူညီနေရပါမယ်...
ဆန်ဖွတ်သည့်အဖိုး (အို)
ဟော..ကြည့်ပါ (ဆို) ...
၃။... အတက်ချိုးရဲ့ အချစာကြောင်းအဆုံးကာရန်ကို အခံချိုးရဲ့ အတက်စာကြောင်းမှာ ပြန်ယူရပါတယ်...
ဟောကြည့်ပါ (ဆို)
ဆိုသာ (ဆို)...
၎။... အခံချိုး၊ အအုပ်ချိုးတို့ရဲ့ အဆုံးကာရန်တိုင်းဟာ အု၊ အဲ၊ အေး၊ အား ဆိုတဲ့ (လဟုသံကာရန်) တွေချင်းတူညီနေရပါမယ်...
ပိုမိုသည့်စ (ကား)။
ဖိုးလနတ် (သား)။
တြိချိုးဟာ တေးသီချင်းတမျိုးဖြစ်လေတော့ သာယာနာပျော်ဖွယ် သီဆိုကောင်းအောင် အသံရှည်ဆွဲလို့ရတဲ့ (ဂရုသံကာရန်) တွေ အားကောင်းကောင်းနဲ့ ရေးဖွဲ့တာကိုတွေ့ရပါတယ်...
ဒီလိုမျိုး ဥပဒေသ လေးတွေပါ ထည့်ပေးစေချင်ပါတယ်... သူ့မူရင်း ဥပဒေသက ကျနော့မှတ်ချက်လောက်တောင် ရှည်မယ်မထင်ပါဘူး... အားမနာ လျှာမကျိုး၊ အမျိုးမျိုးပူဆာနေတယ်လို့တော့ ရွှေစိတ်တော်မငြိုလိုက်ပါနဲ့ဗျာ...ဟဲဟဲ.. မမေစာရိုက်ရတာ ပင်ပမ်းရင် စကင်ဖတ်ပြီးအီးမေးပို့လိုက်ပါ... ကျနော်မျိုးရိုက်ကူပါ့မယ်လို့
ခင်မင်လေးစားလျက်
မောင်ပီယ

Chan Soe Win said...

မမေဓါဝီ ရဲ့ ကိုပြူးကျယ်သို့ ပေးစာများဟာ မြန်မာစာပေကို လေ့လာလိုသူများအတွက် တန်ဖိုးရှိလှပါတယ်။အထူးသဖြင့် ပင်လယ်ရပ်ခြားမြန်မာများနဲ့ မြန်မာစာပေကို လေ့လာလိုသူနိုင်ငံခြားများအတွက် အလွန် အကျိုးရှိပါတယ်။

ဖြစ်နိုင်လို့် Category သပ်သပ်များ ခွဲပေးနိုင်ရင်၊ ဒါမှမဟုတ် Tag လုပ်ပေးနိုင်ရင်၊ လေ့လာသူများအတွက် တစုတစည်းတည်း ရှာဖွေရပိုလွယ်လိမ့်မယ်လို့ ထင်ပါတယ်။

Maydarwii said...

ကျမအဲလို မလုပ်တတ်လို့ပါ။ လုပ်တတ်ရင် လုပ်ပေးပါမယ်ရှင်။