Monday, July 27, 2009

အရိုင်းပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

“လောကကြီးက မတရားဘူး …”
ကျယ်ပြောသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း ထိုသို့ ၀မ်းပန်းတနည်း ရေရွတ်မိသည်။

ဘ၀တွေက ဘာလို့ မတူညီကြတာလဲ …
ဘ၀တွေက ဘာလို့ မတည်မြဲကြတာလဲ …
ဘ၀တွေက ဘာလို့ အာမခံချက် မရှိကြတာလဲ …
ဘ၀တွေက ဘာလို့ ဦးတည်ချက် ပျောက်နေရတာလဲ …
ဘ၀တွေက ဘာလို့ …
ဘ၀တွေက …
ဘ၀တွေ …
ဘ၀ …
… …

တကိုယ်တည်း တိတ်တဆိတ် မေးခွန်းတွေ ထုတ်နေမိသည်က အဖြေမရှိသည့် ပုစ္ဆာတခုကို ထပ်တလဲလဲ တွက်ချက် အဖြေရှာနေသူ၏ ရူးမိုက်မှုနဲ့ တူလေမလား။ စိတ်ထဲမှာ ပင်ပန်းလွန်းလှပြီ။ ဖြစ်နိုင်လျှင် လွတ်မြောက်ရာ တနေရာရာကို ကိုယ်လွတ် ရုန်းထွက်လိုပါပြီ။

“ရှင်သန်ရတဲ့ အချိန်တွေက တိုတောင်းလွန်းလှတယ် … …
“တိုတောင်းလွန်းတဲ့ အခိုက်အတန့်လေးမှာ လောကကြီးကို အကျိုးပြုသူသာ ဖြစ်ချင်ပါတယ် …”

ထိုသို့ဆိုတော့ အပေါင်းအဖော်တွေက ခနိုးခနဲ့ ရယ်မောကြသည်။ တချို့က ကြောင်တောင်တောင် ကြည့်နေကြသည်။ တချို့ကတော့ အဝေးသို့ ဝေေ၀၀ါးဝါး ငေးနေရင်း ဦးတည်ရာမရှိ အဓိပ္ပါယ်မဲ့စွာ လှုပ်ရှားနေကြသည်။ ကြည့်လေ … ဘ၀တူချင်းတွေကိုက ဒီလို ဖြစ်ကုန်ကြပြီ ဆိုတော့ … သူ့အပြောတွေ သူ့အတွေးတွေက ဘယ်မှာလာပြီး အရာထင်တော့မလဲ။ တဖြည်းဖြည်း လျော့ပါးသွားသော သူ့အပေါင်းအဖော်တွေအတွက် ရင်ထဲမှာ စူးနစ်စွာ နာကျင်ခံစားရသည်။ ခိုင်မာသည့်ဟု ထင်ခဲ့မိသည့် စိတ်ဓာတ်သည်လည်း ယိုင်နဲ့နေလေပြီ။

ငါတို့ စည်းလုံးကြရမယ် …
ငါတို့ဘ၀တွေ ရှင်သန်ဖို့ ငါတို့ ကြိုးစားကြမယ် …
ငါတို့ မျိုးဆက် မပျက်စီးအောင် စောင့်ရှောက်ရမယ် …
ပြီးတော့ … ငါတို့အစွမ်းနဲ့ လောကကြီး လှပစေရမယ်လေ …

အသံကုန် ဟစ်ပြီး ပြောလိုက်သည်။ သို့သော် အသံကား ထွက်မလာ။ တ၀ူးဝူးတိုက်ခတ်နေသော လေပွေကြမ်းကြောင့် သစ်ရွက်တွေ တဖွဲဖွဲ လွင့်ဝဲ၍ အနီးအနား ကျလာကြသည်။ သူ့အဖော်တွေကလည်း လေလာရာအတိုင်း အလိုက်သင့် ယိမ်းလို့ … နွဲ့လို့ … ။
သြော် … အပူအပင် မရှိကြသလိုပါလား … ။
***အစကတော့ သူ့ဘ၀ကို သူ နှစ်သက် မြတ်နိုးခဲ့မိပါသည်။
မျက်စိကို ဖွင့်လိုက်သည်နှင့် မြက်ခင်းစိမ်းစိမ်း၊ ကောင်းကင်ပြာပြာ၊ ငှက်ကျေး သာရကာ တို့၏ အသံတွေနှင့် သာသာယာယာ … ပြီးတော့ သူတို့လို ပန်းဝါ၀ါလေး များစွာ … ။ အေးချမ်း ပျော်ရွှင် လှပသည့် ဘ၀ဟု သည်တုန်းက ထင်မှတ်ခဲ့မိသည်။ ပန်းတပင် အဖြစ် လောကကြီးအလယ် ထည်ဝါနေရခြင်းကိုလည်း ဂုဏ်ယူ နေမိပြန်သေး၏။ သို့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ တဲတဲကလေး ရှင်သန်နေရသည့် သူတို့ရဲ့ ဘ၀တွေ အကြောင်း တစတစ သဘောပေါက် လာခဲ့တော့လေသည်။

ထိုနေ့က ရာသီဥတု သာယာသည်။ နေရောင်ခြည်က တလောကလုံးကို နွေးထွေးစွာ ခြုံသိုင်းထားသည့်နှယ်။ ညင်သာစွာ တိုက်ခတ်နေသော လေပြည်က တသိမ့်သိမ့် တငြိမ့်ငြိမ့်။ အပေါင်းအဖော် များက ပျော်ပျော်ပါးပါး တီးတိုး စကားဆိုကြ၊ လေပြည် အတိမ်းမှာ ယိမ်းကကြ။ ထိုသို့ နေခြည်နှင့် လေပြည်တို့၏ အရသာကို ခံစားနေခိုက် တ၀ီးဝီးမြည်သံနှင့် စိမ်းသက်သက် ရွက်ပြတ်နံ့တို့ လေထဲမှာ ဝေ့၀ဲလာကြသည်။ သူတို့ မှီတွယ် ရပ်တည်ရာ ကမ္ဘာမြေကြီးပင် တသိမ့်သိမ့် တုန်နေသလို။

ဘာဖြစ်တာလဲ …
သိချင်စိတ်ဖြင့် ရှေ့ကို မျှော်ကဲကာ ကြည့်လိုက်တော့ … တ၀ီးဝီး မြည်နေသည့် စက်ကရိယာတခုကို တွန်းရင်း လျှောက်လာနေသည့် သူတယောက်။ စက်ကရိယာ၏ ထက်မြသည့် ဓားသွားအောက်မှာ ရှည်လျားစ ပြုနေသည့် မြက်ပင်တွေက အပိုင်းပိုင်း ပြတ်၍ ပါသွားသည်။ ဖြည်းဖြည်းချင်း သူတို့အနားသို့ ရောက်လာလေပြီ။ မြည်သံတွေက ပို၍ ကျယ်လောင်လာသည်။ မြေကြီးက ပို၍ တုန်ခါလာသည်။ အသက်ပင် မရှူဝံ့အောင် ကိုယ့်ကိုယ်ကိုယ် ၀ှက်၍ ခေါင်းငုံ့နေကြရ၏။

နာကျင်မှုများကြားမှ ညည်းတွားသံတွေ … ။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်၊ ပွင့်ဖတ် … ပွင့်ချပ် ၀ါဝါတွေ … ရွက်နု စိမ်းစိမ်းတွေ … ကျိုးပဲ့ ပျက်စီး တစစီကြွေ … ။ ဒါနှင့်ပင် အားမရသေး၊ ထိုသူက ဒူးထောက် ထိုင်ချလိုက်သည်။ လက်အိတ်စွပ်ထားသည့် လက်အစုံဖြင့် သူတို့ကို အမြစ်မှ ဆွဲနှုတ်ပြန်လေ၏။ ရင်ထဲ တထိတ်ထိတ် တုန်လှုပ်ခြောက်ခြားစွာ မြေကြီးမှာ ကပ်သည်ထက် ကပ်အောင် ကုတ်တွယ်နေမိသည်။ ထိုသူ၏ လက်အိတ် ကြမ်းကြမ်းကြီး ထဲမှာ တချို့တွေ လူးလွန့်စွာ ပါသွားကြသည်။ ကျန်ခဲ့သူအချို့ရဲ့ ငိုညည်းသံများ နားဖြင့် မဆန့်။ မျက်ရည်တွေဖြင့် တလောကလုံးေ၀၀ါးသွားသည်။ တိတိရိရိ ကျန်ခဲ့သည့် မြက်ခင်းကတော့ သစ်လွင်သော စိမ်းနုရောင်ဖြင့် ပို၍ သပ်ရပ်လှပ နေလေ၏။
***
ထိုနေ့မှ စပြီး ကိုယ့်ဘ၀ကိုယ် စိတ်ပျက်တတ်လာသည်။ ရှင်သန်ရသည့် ဘ၀ကို မပျော်မွေ့တော့။ ဘ၀ဟာ မတည်မြဲပါလားဟု တွေးမိ တတ်လာသည်။ ကျန်ရစ်သည့် သူ့အပေါင်းအဖော်တချို့နှင့် လွတ်မြောက်ရာကို ရှာဖွေရန် တိုင်ပင်မိကြသည်။

“မင်းတို့ စဉ်းစားကြည့်၊ ငါတို့က ပန်းပင်တွေပါ … ဒါပေမဲ့ နေရာမှားပြီး အလှစိုက် မြက်ခင်းထဲ ရောက်လာကြတယ်၊ တကယ်ဆို ပန်းနဲ့ မြက် ဘယ်သူက တန်ဖိုးရှိမလဲ … ဘယ်သူက လောကကို ပိုပြီး အကျိုးပြုနိုင်မလဲ … လူတွေ မျက်စိပသာဒ လှပဖို့အတွက် စိုက်ထားတဲ့ မြက်ခင်းထဲကနေ ငါတို့ကို ဖယ်ထုတ်ခံရတာ … မင်းတို့ နာကြပါ … ငါတို့အတွက် တနေရာ ရှိကို ရှိရမယ် … ငါတို့ လောလောဆယ် အခြေအနေမှာ ဘာမှ မတတ်နိုင်ပေမဲ့ ငါတို့ရဲ့ နောက်မျိုးဆက်တွေဟာ လူတွေနဲ့ လောကကြီးကို အကျိုးပြုနိုင်သူတွေ ဖြစ်စေရမယ် … ငါတို့ အားလုံး ကြိုးစားရအောင်”

ဒီတုန်းကတော့ အများစုက သူ့စကားကို ထောက်ခံကြသည်။ သူတို့ မျိုးဆက် ပျံ့ပွါးရေးအတွက် ငှက်ကလေးတွေကို အကူအညီ တောင်းကြ၊ လွတ်လပ်ပြီး သာယာတဲ့ သဘာဝ လွင်ပြင်ကျယ်ဆီ ရောက်ဖို့ ကြိုးစားကြသည်။ ဒီမြေမှာ လာရောက် အမြစ်တွယ်မိသည့် သူတို့ ဘ၀တွေက ကြမ်းတမ်းတဲ့ လက်တွေနဲ့ အနှုတ်ခံရလျှင် လမ်းဆုံးသွားမှာ ဖြစ်ပေမဲ့ သူတို့ ကြိုးစားနေသည်က နောက်ထပ် မျိုးဆက်တွေ ဒီဘ၀ မရောက်ဖို့ပဲလေ။
***
နောက်တကြိမ် နေသာသည့် တရက် ထိုအဖြစ်မျိုး ထပ်မံ ကြုံချိန်မှာတော့ သူ့အပေါင်းအဖော် တော်တော် များများ လျော့ပါး ကုန်ကြသည်။ ကျန်ခဲ့သူ အများစုလည်း သွေးပျက် ကုန်ကြပြီ။ သူ့စကားတွေလဲ အရာ မရောက်တော့။ သူပြောသမျှတွေက ဟားစရာ … လှောင်စရာ … ဒါမှမဟုတ် … လစ်လျူရှုစရာ တွေပေါ့။ ဒီတော့လည်း မတူညီသော ဘ၀တွေကို နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျ လာသည်။ ပန်းဖြစ်ပါလျက် ပန်းအဖြစ် သတ်မှတ်ခြင်း မခံရသည့်ဘ၀က ဘယ်လောက် နာကြည်းစရာ ကောင်းလိုက်ပါသလဲ။

စက်သံ တ၀ီးဝီး တုန်ဟည်းကာ အော်မြည်လာသံကို မကြားလို။ လောက ငရဲအလား ထင်မှတ်မိသည်။
“မလုပ်ပါနဲ့ … ငါတို့က ပန်းတွေပါ”
“လောကကို လှစေချင်တဲ့ ပန်းပင်တွေပါ”
တချို့က ကြောက်လန့်တကြား အော်ဟစ်ရင်း တားကြသည်။ သို့သော်လည်း အရာမရောက်။ စက်ကြီး၏ ဓားသွားအောက်မှာ ပန်းပွင့်တွေ ကြွေရပြန်လေသည်။ ဒီတခါတော့ စက်မောင်းသူ၏ နံဘေးမှာ မိန်းကလေး တယောက် ပါလာသည်။

“သမီး … အဲဒီ အပင်တွေ နှုတ်ပစ်၊ အဲဒါ ပေါင်းပင်တွေ”
“ဟင် … အဲဒါ ပန်းပင်တွေ မဟုတ်လား၊ ပန်းပွင့်လေးတွေက အလှသားပဲကို”
“ဒီအပင်တွေရှိရင် မြက်ခင်း ပျက်စီးတယ်၊ အဲဒါ dandelion လို့ ခေါ်တယ်၊ weeds တွေ၊ အမြစ်ပါ ပါအောင် နှုတ်ပစ်၊ ဒါမှ နောက်ထပ် ပြန်မပေါက်အောင်”
“ဟုတ် …”

ပန်းပွင့်လေးတွေက အလှသားပဲ … ဆိုသည့်စကားကြောင့် သူတို့၏ အလှကို သတိပြုမိသူ ရှိသေးပါလား … ဟု ကျေနပ်စိတ် အနည်းငယ် ၀င်နေဆဲ သူ့အနားသို့ ထိုမိန်းကလေးက ငုတ်တုတ်လေး ထိုင်ချလိုက်သည်။ ဒီတခါတော့ သူ့ဘ၀ တကယ်ပင် အဆုံးသတ်တော့ လေမလား … တွေးနေမိစဉ် သူ့အပင်မှ ကျွင်းကျန်နေသော ပန်းပွင့်ဖတ် ၀ါဝါလေးအား သူမ၏ လက်သေးသေးဖြင့် တယုတယ ကိုင်တွယ်ခြင်းကို ခံစားလိုက်ရ၏။ နူးညံ့နွေးထွေးသော အထိအတွေ့ ... ။

“ကဲပါကွယ် … သေအောင် သတ်မယ့်အရေး အစာကျွေးမနေပါနဲ့တော့”
အသက်ကို အောင့်ပြီး မျက်စိအစုံကို မှိတ်ထားလိုက်သည်။ ပန်းပွင့်ကလေးက ထိုသူမ လက်ထဲ လှပ်ခနဲ ပါသွားသည်။ ပြီးတော့ အင်္ကျီ ရင်ဘတ်က အိတ်ထောင်ထဲ စိုက်လိုက်၏။ ဒီ့နောက် ပန်းပင်ကို အမြစ်မှနေ၍ နှဲ့ကာ ဆွဲနှုတ်သည်။ ရင်တခုလုံး နာကျင်စွာ … ခံခက်စွာ … ဒဏ်ရာများစွာဖြင့် ဇီဝိန် မချုပ်ခင် သူ၏ ၀ိညာဉ်က ထိုပန်းကလေးနောက်သို့ လိုက်ပါသွားလေ၏။
***
ထိုမိန်းကလေးက မြက်ရိတ်စက်ကို နေရာတကျ သိမ်းဆည်းပြီး ခြေလက် ဆေးကြောသည်။ ပြီးတော့ … ရေဆာလိုက်တာ ဟု ညည်းညူခိုက် …

“ဟိုဗူးကို ဖွင့်လိုက် … အဲဒီထဲမှာ အချိုရည်ဗူးရှိတယ် …”
လူကြီး၏ ညွှန်ကြားချက်အတိုင်း မိန်းကလေးက အချိုရည်ဗူးကို ထုတ်၊ ဖန်ခွက်ထဲ အနည်းငယ် ဖြည့်သည်။
“အဲဒီအချိုရည်က ခုနပန်းတွေနဲ့ လုပ်ထားတာ”
“ဟင် … ဟုတ်လား”
“ဖတ်ကြည့်ပါလား … ဘာရေးထားလဲဆိုတာ”

“Dandelion တဲ့ … ဟယ် … ဟုတ်တယ် … ဒီမှာ ပန်းပွင့်ပုံကလေးတောင် ပါသေး … ဒါဆို … ဒီပန်းကနေ အချိုရည် ထုတ်လို့ရတာပေါ့ … ဟား … မိုက်တယ်”

သူမက အင်္ကျီ အိတ်ထောင်ထဲမှာ ထိုးစိုက်ထားသော ပန်းကလေးကို ဆတ်ခနဲ ဖြုတ်ပြီး တချက် မွှေးလိုက်သည်။ ပြီးတော့ အချိုရည်ကို တရှိုက်မက်မက် သောက်နေသည်။ စကားသံတွေ ကို နားထောင်ရင်း သူ့ရင်တွေ တလှပ်လှပ် ခုန်လာသည်။

“ဒါဆို … ငါတို့ဟာ လောကအတွက် အကျိုးမဲ့တဲ့ ပန်းပွင့်တွေ မဟုတ်ဘူး … ငါတို့ တတ်နိုင်သလောက် အကျိုးပြုနေကြသားပဲ”

သူဝမ်းသာသွားသည်။ ကျေးဇူးလဲ တင်မိသည်။
သူတို့ဘ၀တွေ ဘယ်လိုပင် မလှမပ နိဂုံးချုပ်ရပေမဲ့ ကျန်သည့် မျိုးတူ အပေါင်းအဖော်တွေက ခုလို တတ်အားသမျှ အကျိုးပြုနေကြလျှင် ဂုဏ်ယူ ၀မ်းမြောက်စရာပင် မဟုတ်ပါလား။

“မိန်းကလေးရေ … ကြုံကြိုက်ခဲ့ရင် ငါတို့ အပေါင်းအဖော်တွေကို စကားလက်ဆင့် ကမ်းပေးပါလား၊ ငါတို့တွေဟာ အရိုင်းပန်းအဖြစ် ရှင်သန်ကြရတယ် … မြက်ခင်းအလှကို ဖျက်ဆီးတဲ့ သူတွေအဖြစ် အပစ်ပယ် ခံကြရပေမဲ့ အားမငယ်ဖို့ စိတ်ဓာတ်မကျဖို့နဲ့ ငါတို့တွေဟာ လောကကို တထောင့်တနေရာက အကျိုးပြုနေတယ်ဆိုတာ ကျန်တဲ့သူတွေ သိစေဖို့ ကူညီပေးပါ”
***
သူ့ဝိညာဉ် တွယ်ကပ်နေသော ပန်းပွင့်ဝါ၀ါလေးက မိန်းကလေး၏ အိတ်ထောင်မှတဆင့် စားပွဲပေါ် ရောက်သွားသည်။ မိန်းကလေးလည်း တဖြည်းဖြည်း ညှိုးရော် လာသော သူ့ကို လန်းဆန်း စဉ်ကလို တယုတယ မွှေးကြူခြင်း မရှိတော့။ ဂရုစိုက်၍လည်း မနေနိုင် အားတော့။ ဒီလိုနှင့် သူလည်း စားပွဲပေါ်မှာ နေရင်း ပွင့်ဖတ် ၀ါဝါတွေ အရောင် ပြောင်းလာမည်၊ နွမ်းနယ်လာမည်၊ ခြောက်သွေ့ လာမည်။ မည်သို့ပင် ဖြစ်စေ အရိုင်းပန်း တပွင့်ဖြစ်သော သူသည် နောက်ဆုံးထွက်သက် မကုန်ဆုံးခင် အချိန်ကလေးမှာ ကိုယ့်ဘ၀ကိုယ် နှစ်သက် ကျေနပ် အားရ နေလေတော့သတည်း။
***
မေဓာဝီ
၂၇၊ ဇူလိုင်၊ ၂၀၀၉
၁၂း၄၃ နာရီ

ပန်းပုံယူသောနေရာ

13 comments:

pandora said...

ရင်ထဲမှာ ဟာသွားတယ်။

မမေရဲ့ သိမ်မွေ့တဲ့ အရေးအသားလေးမှာ လိုက်ပါသွားပါတယ်။

မေ့သမီး said...

အမ ရေးတတ်လိုက်တာ။ ပန်းပွင့်လေးနေရာကနေ သနားလိုက်တာ။

ကိုအောင်(ပျူနိုင်ငံ) said...

စာတွေ လာဖတ်သွားပါတယ် မမေဓါဝီ၊ အားပေးလျက်။

ကိုလူထွေး said...

စာရေးအရမ်းညက်တယ်နော်...

"စက်ကြီး၏ ဓားသွားအောက်မှာ ပန်းပွင့်တွေ ကြွေရပြန်လေသည်။ "

ဆိုတဲ့စာကြောင်းကိုဖတ်ပြီး ကိုယ်တိုင်တောင် ဓားစက်ကြီးအောက် ပါပြီး ပြတ်သွားပြီလား ထင်မိတယ်...

ခိုင်းနှိုင်းထားပုံကို တကယ် သဘောကျတယ်...

ရွက်လွင့်ခြင်း said...

တင်ပြပုံ အရမ်းကောင်းပါတယ်
ဆက်ပါ.. အားပေးလျှက်ပါ

တန်ခူး said...

မေရေ... ပန်းလေးက ချစ်စရာကောင်းလိုက်တာ... ဒေစီအ၀ါလေးနဲ့ တူတယ်နော်... အမက အရိုင်းပန်းလေးတွေကို ချစ်လဲချစ်စိတ်ဝင်စားတတ်တယ်... တခါတခါ လမ်းဘေးက မြက်တောထဲ ပွင့်နေတတ်တဲ့ အပွင့်ပုစိလေးနဲ့  အရိုင်းပင်လေးတွေ နှတ်ပြီး အိမ်မှာ စိုက်တတ်သေးတယ်... သေသွားတဲ့အခါ သူ့ ဘာသာ မြက်တောထဲနေတာမှ အသက်ရှင်သေးတယ်ဆို စိတ်မကောင်းတွေဖြစ်ရော... မေတွေးသလို မြက်တောထဲက အန္တရာယ်ကို မစဉ်းစားမိဘူးလေ... အရိုင်းပန်းလေးနေရာက ပူးဝင်ခံစားတတ်လွန်းတဲ့ မေ့စေတနာကြောင့် မျက်ရည်ဝဲမိတယ်မေ...

နဒီမိုးညို said...

အရေးအသားကောင်းလိုက်တာ
အားပေးနေမယ်နော်

နဒီမိုးညို said...

အာပေးနေမယ်နော်
အရေးအသားကောင်းလိုက်တာ.

Maydarwii said...

အားလုံးပဲ ...
ဖတ်ရှုအားပေးကြတဲ့အတွက် အထူးကျေးဇူးပါရှင်။

ဖုန်းမြင့် said...

အဝေးရောက်ပင်လယ်မှာ ကွန်မန့်ရေးလို့ရပါ တယ် မမေဓါဝီ အပေါ်မီးနူးဘားက comments (Rss) ကိုနှိပ်မိတာ ဖြစ်ပါလိမ့်မယ် အောက်ခြေ post အောက်ဆုံးက comment ကို
ကလစ်လိုက်ရင် မန့်လို့ရပါတယ် . . .။

ခင်မင်လေးစားစွဖြင့်
ဖုန်းမြင့်

အိမ်ချမ်း said...

မမေ...
ဆေးဘက်ဝင်တာသိပေမယ့် မလေး ခုထိ အချိုရည်ပုလင်း ဒီဘက်မှာ မမြင်ဖူးသေးသလို မသောက်ဖူးသေးဘူး။

မလေးတော့ ခုထိခြံထဲကနေ နှုတ်ပစ်နေတုန်းပဲ..

Harry said...

တင်ပြပုံရော အတွေးရော ကောင်းလိုက်တာ မမေရေ ...
ကျနော်ကတော့ တမျိုးသွားတွေးမိတယ် ...
နောက်မှ ပြောပြတော့မယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

အင်းးး
အရိုင်းပန်းပေမဲ့ နေရာတစ်ခုမှာ အဓိပ္ပါယ်ရှိစွာ ရှင်သန်ခွင့်ရပြီး တစ်ထောင့်တစ်နေရာက အကျိုးပြုခွင့်ရတယ်ဆိုရင် ဂုဏ်ယူဝမ်းမြောက်ရမှာပေါ့လေ။ အရိုင်းပန်းရဲ့ ပီတိလေးက ကြည်နူးဖွယ်ကောင်းလှပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)