တမိုးသောက်လို့ တနေ့ပြောင်းပြန်ပြီ ... ။
နက်ဖန်ဆို ခရစ်စမတ်နေ့ ရောက်ပြီလေ ... ။
မနက် ၉ နာရီ နေရဲ့ အလင်းရောင်က အရုဏ်တက်ချိန်ပမာ အရှေ့ဘက် ကောင်းကင်မှာ ရောင်နီပျို့လို့ ကောင်းတုန်း။
ခရစ်စမတ် အကြိုနေ့ရဲ့ လမ်းမတွေပေါ်မှာ ကားတွေက ရှင်းလို့ ... ။
ကားမောင်းနေတဲ့ ဦးရီးတော်ရဲ့ ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်း ကားထဲမှာ ဖွင့်ထားတဲ့ ပဋ္ဌာန်းတရားတော်ကို နာယူနေမိတယ်။ ကားလမ်းရဲ့ ဘေးဘီဝဲယာ တလျှောက်မှာ သစ်ပင်တွေက တရိပ်ရိပ် ကျန်ခဲ့လေရဲ့ ... ။ ဒီလိုပဲ ... အချိန်ဆိုတဲ့ ကာလ ယန္တရားကြီး ဖြတ်သန်းသွားတိုင်း နေ့ရက်တွေ နာရီတွေ တရိပ်ရိပ်နဲ့ ကျန်ခဲ့တာပဲ မဟုတ်လား ... ။ ဒီလိုနဲ့ ကမ္ဘာသုံး ပြက္ဓဒိန် မှာတောင် နှစ်တနှစ် အသစ်ကို ကူးပြောင်း တော့မယ်။ အသစ်နဲ့ အဟောင်း ပြောင်းလဲခြင်းမှာ အသစ်ပြောင်းရင် အဟောင်းတွေက ကျန်ခဲ့ရမှာ ဓမ္မတာပါပဲ ... ။
ဦးရီးတော်ရဲ့ အလုပ်ကိုရောက်တော့ ဟိုတနေ့က ကူလုပ်ပေးရတဲ့ မန်နေဂျာ မမဂျိန်း မလာတာကြောင့် ဘာမှ လုပ်စရာ အထွေအထူး မရှိတာနဲ့ တယောက်ထဲပဲ အခန်းတံခါးဖွင့်၊ ရေဒီယိုဖွင့်၊ ကွန်ပျူတာဖွင့်ပြီး ... ဘလော့လေးဆီ ခြေဦးလှည့်မိတယ်။
ခြောက်ကပ်ကပ် ဘလော့လေးဆီရောက်တော့ မနှစ်က ဘာတွေများ ရေးခဲ့မိပါလိမ့်လို့ အတိတ်ကို ပြန်ပြောင်း အောက်မေ့ မိတော့ ... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ... မနှစ်က ခရစ်စမတ် အကြိုနေ့က ရေးတဲ့ "ပို့စ်မှာ" လောကဓံကို ခံနိုင်ရည် ရှိချင်ကြောင်း ရေးထားတာကို ပြန်ဖတ်ရတယ်။ ဒီအချိန် ဒီရာသီဆို ဒီလို အတွေးမျိုး တွေးမိတတ်တယ် ထင်ပါရဲ့။
အဲဒီတုန်းက ရေးခဲ့တဲ့ ကဗျာလေးက ...
မလာမှန်းသိလျက် မျှော်မိ
မရှိမှန်းသိလျက် တမ်းတ
မရမှန်းသိလျက် လိုချင်
မကြင်မှန်းသိလျက် လွမ်း
ဝမ်းနည်းရသူမှာ
အခါခါဆုတောင်း ...
အကောင်းအဆိုး လောကဓံ
ခံနိုင်ပါစေကြောင်း ... ။
............................. တဲ့ ... ။
အဲဒီလို ခဏခဏ ဆုတောင်းပေမဲ့လည်း ခံနိုင်ရည်က ပိုများလာမယ် ထင်ပါသလား ... ။
ကိုယ်က မေတ္တာပေးလို့ မေတ္တာ ပြန်မရတဲ့ အခါ ...
ကိုယ်က ဖြောင့်မှန်ပါလျက် ... ကိုယ့်အပေါ် ကောက်ကျစ်ကြတဲ့ အခါ ...
ကိုယ်က ကရုဏာ ထားပါလျက် ... ကိုယ့်ကို ရက်စက်ကြတဲ့ အခါ ...
သူတပါး ချမ်းသာမှုအပေါ် ကိုယ်က ၀မ်းသာပေးပါလျက် ... ကိုယ်ဒုက္ခ ရောက်မှ သူတကာ ၀မ်းမြောက်ကြတဲ့အခါ ...
အဲဒီလိုတွေ မကြာခဏ ကြုံရတဲ့အတွက် ခံနိုင်ရည်က ပိုလို့သာ ပါးလျား လာပါတော့တယ်။
ကိုယ့်ရဲ့ မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ မုဒိတာ တွေဟာ ... အရေး မပါ အရာ မရောက်တဲ့အဆုံး ... အားလုံးကို ဥပေက္ခာပြု လစ်လျူရှု ရပါလို၏ လို့သာ ဆုတောင်း နေမိပါတော့တယ်။
***
မေဓာဝီ
၂၄၊ ဒီဇင်ဘာ၊ ၂၀၀၇
၁၁ နာရီ ၂၅ မိနစ်

6 comments:
ဝေ ကတော့လွန်ခဲ့တဲ့၁၂ နှစ်ကျော်ကတည်းကစကျင့်ခဲ့လို့အယင်ကထက်စာရင်၂၅%လောက်ဥပက္ခာထားနိုင်လာပြီလို့ထင်တာပဲ။၁၀၀% ကတော့ မလွယ်ဘူးထင်တယ်။ ပုထုစဉ်ကိုး။ ကျင့်ယူရင်ရပါတယ်မမေ။ ရတယ်ဆိုတာဝေ့လက်တွေ့မို့မမေလဲဥပက္ခာထားနိုင်လာမှာပါ။အချိန်တန်ရင်မမေကိုယ်တိုင်သတိမထားလိုက်မိပဲမမေ ဥပက္ခာထားနိုင်လာမှာ။ ဒီကမိတ်ဆွေတွေပြောကြတာရှိတယ်..."People talk, you never win" တဲ့။ ဘလော့ကိုတော့ ဥပက္ခာမထားလိုက်ပါနဲ့နော်...ဝေကမမေရဲ့ Big Fan လေ။
မေရေ...
မနက်မိုးလင်းရုံးရောက်တာနဲ့ မေရဲ့Blogလေးကို အရင်ဖတ်ဖြစ်တယ်...
အဓိပ္ပါယ်ရှိတဲ့postလေးတွေ အမြဲတင်ပေးတဲ့အတွက် ကျေးဇူးပါနော်...
ရုံးမှာcommentပေးလို့မရလို့ အိမ်ရောက်မှပေးဖြစ်တယ်...
တို့ကအရင်''ခိုင်''အမည်နဲ့commentပေးနေကျ မေ့ပရိတ်သတ်ပါ...
Merry Xmas
မမ
ဒီပို့စ်လေးက ကိုယ်တွေ့တွေနဲ့တကယ်ထပ်တူကျနေတယ်။
လောကဓံတွေ ဘယ်နှစ်ခါပဲကြုံကြုံ ခံနိုင်ရည်လည်းဘယ်တော့မှ မရှိဘူး။
မမဆုတောင်းသလိုဆုတောင်းရင်းနဲ့ပဲ လျစ်လျူရှုနိုင်ဖို့ ကျင့်ယူရအုံးမယ်။
မမေရေ.. ရွှင်လန်း အားတက်စရာ နှစ်သစ် အခါ သမယ ဖြစ်ပါစေ လို့..ဆုတောင်း ပါတယ်။ ဘိလပ် အတွေ့အကြုံ လေး တွေ လဲ..အမြဲ စောင့် ဖတ် နေပါတယ်။ အစစ..အောင်မြင်ပါစေ။
ဝေရေ .. ဝေက ၂၅% ဥပေက္ခာ ထားနိုင်တယ်ဆိုလို့ အားကျမိပါတယ်။ ဝေပြောသလိုပဲ လေ့ကျင့်ယူရမှာပဲ ... ။ အင်း ... လောလောဆယ်တော့ ဘလော့ကို ဥပေက္ခာ မထားနိုင်သေးဘူး ဝေရေ .. ။ မမေကို အားပေးတာ ကျေးဇူးအထူးပါ နော်။
မခိုင် ... ပျောက်နေတာကြာလို့ မေ့ ဘလော့ကို လာမဖတ်ဖြစ်ဘူး ထင်နေတာ။ အမြဲဖတ်တယ်ဆိုလို့ ကျေးဇူးလဲတင် ၀မ်းလဲသာပါတယ် ... နောက်လဲ အမြဲလာဖတ်ပါနော် ... ။
ကလူသစ်ရေ ... ဆုတောင်းပေးတာ ကျေးဇူးပါ။
ဟုတ်တယ် နေရဉ္စရာ ... မမေလည်း ဥပေက္ခာပြုနိုင်ဖို့ ဆုတောင်းနေရတုန်းပါပဲ ... ။
မကေ ... ဆုတောင်းပေးတာ ကျေးဇူးအထူးပါရှင် ... ။ မကေလည်း ထပ်တူ ထပ်မျှ ပျော်ရွှင်နိုင်ပါစေ ... ။ အချိန်ရရင် ရသလို အဆင်ပြေရင် ပြေသလို စာတွေ ဆက်ရေးနေပါဦးမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Post a Comment