Wednesday, November 15, 2006

essay 5


ဒီ အက်ဆေးလေးဟာ လွန်ခဲ့တဲ့ ၄-၅-၆ နှစ်လောက်က အိုင်ဒီယာမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ အက်ဆေးတပုဒ် ပါ။
ကြာတော့ကြာခဲ့ပါပြီ… ။ ဒါပေမဲ့ … ခုထိလဲ ကွန်ပျူတာသုံးရင် undo လုပ်မိနေတုန်းပဲ။ အပြင်မှာလဲ ပြောချင်ရာစွတ်ပြောတတ် လုပ်ချင်ရာလျှောက်လုပ်တတ်နေတုန်းပဲ။
ဒီလိုလူမျိုး ရေးတဲ့ စာတပုဒ်ကို ဖတ်ကြည့်ပြီး ဝေဖန်ပေးကြပါအုံး။
***
undo လုပ်ခွင့်မရသော ဘဝ
(သို့မဟုတ်)
undo နှင့်နောင်တများ
***
ကွန်ပျူတာအသုံးပြုနေကြသူများကတော့ undo ဆိုသည့် ဝေါဟာရလေးနှင့် အကျွမ်းဝင် ရင်းနှီးပြီးသား ဖြစ်ပေလိမ့်မည်။ အကျွမ်းတ၀င်ရှိသလို undo command ကို ခဏခဏလည်း အသုံးပြုဖူးမည်မှာ သေချာ သလောက်ပင်ဖြစ်၏။ ဘာကြောင့်သေချာပေါက်ပြောနိုင်ရသလဲဆိုတော့ ကိုယ်တိုင်လည်း ထို command ကို ခဏခဏ အသုံးပြုနေရသူ တစ်ယောက်ဖြစ်၍ပင်။

undo ဆိုသည်မှာ ကွန်ပျူတာအသုံးပြုသူ (user) က သူနောက်ဆုံးပြုလုပ်ခဲ့တဲ့ action တစ်ခုကို ပြန်ဖျက်လိုလျှင် အသုံးပြုရသော command တစ်ခုဟု ဦးအောင်မြင့်က သူ၏ ကွန်ပျူတာ အဘိဓာန်တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။

ဥပမာဆိုရလျှင် လူတစ်ယောက်ဟာ ကွန်ပျူတာဖြင့် စာရိုက်နေရင်း စာတစ်ပိုဒ်ကို မှား၍ ဖျက်မိသည် (delete လုပ်မိသည်) ဆိုပါစို့။ ချက်ချင်းပင် undo ဟု commandပေးလိုက်ပါက အဆိုပါ ဖျက်မိသည့်စာက ဘွားခနဲ ပြန်ပေါ်လာမည်ဖြစ်သည်။ ကွန်ပျူတာအသုံးပြုနေရင်း ကိုယ်က တစုံတခုလုပ်ပြီးမှ မလုပ်ချင်တော့လို့ပဲ ဖြစ်ဖြစ်၊ မှားသွားလို့ပဲဖြစ်ဖြစ် မူလအခြေအနေအတိုင်း ပြန်ဖြစ်နေစေချင်လျှင် undo ဟု အမိန့်ပေး၍ ရသည်။ ဘယ်လောက်ကောင်းလိုက်ပါသလဲ။

နောက်ဆုံးပြုလုပ်ခဲ့သည့် action ကိုသာ undo လုပ်၍ရသည်ဆိုသော်လည်း အချို့ software များတွင်တော့ ချွင်းချက်အားဖြင့် undo အကြိမ်ကြိမ်ပြုလုပ်၍ရသည်။ မိမိက action ၅ ခု ပြုလုပ်ထားလျှင် ထို action ၅ ခု လုံးကို undo လုပ်၍ရသည်။ ၁-၂-၃-၄-၅ အတိုင်း မိမိ က action လုပ်ထားလျှင် ၅-၄-၃-၂-၁ အတိုင်း undoပြန်လုပ်၍ ရပါသည်။
(ကွန်ပျူတာအခြေခံမရှိသူစာဖတ်သူများကိုရည်ရွယ်ပြီးရှင်းပြနေခြင်းဖြစ်ပါသည်။ ဤကား စကားချပ်။)

ဒါကြောင့် ထို undo commandလေးကို ကွန်ပျူတာအသုံးပြုသူ တခြားသူများတော့မသိ။ ကျွန်တော်ကတော့ အလွန်နှစ်ခြိုက်မိပါသည်။ ဘာကြောင့်ဆို ကိုယ်လုပ်ချင်ရာကို မစဉ်းစားဘဲ မြန်မြန်ဆန် ဆန် လုပ်ပစ်လိုက်ပြီး မှားသွားလျှင် undo အချိန်မရွေးလုပ်လို့ရနေခြင်းကြောင့်ပင်။

ကျွန်တော် ဂရပ်ဖစ်ဒီဇိုင်နာဘ၀က ဒီဇိုင်းတစ်ခုခု ပြုလုပ်နေပြီဆိုလျှင် ညာဘက်လက်က mouse ကို ကိုင်ထားပြီး ဘယ်လက်က undo command ၏ shortcut keyဖြစ်သည့် ctrl z (control z) keyပေါ် တင်ထားမိနေသည်။ တမင်တင်တာရယ်လို့တော့ မဟုတ်၊ ctrl z ကို နှိပ်ရလွန်း၍ အကျင့်ပါ သွားလို့ ဖြစ်၏။

ထိုသို့ ctrl z ကို အသုံးပြုရဖန်များလာတော့ ကွန်ပျူတာအသုံးမပြုသည့် အချိန်များမှာပင် ယောင်ပြီး crtl z လုပ်ချင်နေသည်။ ဘာမဟုတ်သည့်ကိစ္စ ကော်ဖီသောက်ဖို့ ရေနွေးထည့်တာ များသွားတာ လောက်ကိုတောင် ctrl z ဆိုပြီး undo command ပေးနေမိပြန်သည်။ ဒီလိုဖြစ်တာ ကိုယ်တစ်ယောက်ထဲ လား ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်တော့ သူတို့လည်း ကိုယ့်လိုပင် ... ဖန်ခွက်ထဲက ဖျော်ရည်တွေကို ရေထင်လို့ သွန်ပစ်ပြီးမှ undo လုပ်နေမိတာမျိုး၊ စကားပြောကြတဲ့အခါ နှုတ်လွန်သွားပြီးမှ undo လုပ်နေမိတာမျိုးတွေ ဖြစ်ကြသည်ဟု ဆို၏။ ကွန်ပျူတာထဲမှာ undo လုပ်လို့ရသလို လက်တွေ့ဘ၀ မှာလည်း undo လုပ်လို့ရရင်ကောင်းမှာပဲ ဟု ထိုစဉ်က တညီတညွတ်ထဲ ပြောမိကြသေးသည်။

တခါက သူငယ်ချင်းတစ်ယောက်ပြောဖူးတာကို အမှတ်ရမိသည်။
‘ငါ သူ့ကို ချစ်တယ် လို့ အဖြေပေးခဲ့မိတာကို undo လုပ်လို့ရရင် ပြန်လုပ်ချင်လိုက်တာဟာ...’ တဲ့။ ပြောပုံက နောင်တတွေ တပုံကြီးရနေသည့်လေသံ။ သူလာပြောသည့်အချိန်မှာ သူတို့နှစ်ယောက်က လက်ထပ်ပြီး ကလေးပင် တစ်ယောက်ရနေပြီ။
‘ကွန်ပျူတာမှာတောင် ဒီလောက်ကြာသွားတဲ့အချိန်ဆို undo လုပ်လို့ မရတော့ဘူး’ ဟု ကျွန်တော်က ပြန်လည် နောက်ပြောင် ပြောဆိုခဲ့၏။

မည်သို့ပင်ဖြစ်စေ ကွန်ပျူတာကသာ မိမိပြုလုပ်ထားသမျှအတွက် undo အမိန့်ပေးခြင်းကို လက်ခံနေမည် ဖြစ်သော်လည်း တကယ့်လက်တွေ့ဘ၀မှာက မိမိလတ်တလော ပြုလုပ်မိသည့် ကိစ္စတစ်ခုကိုတောင် undo ဟု အမိန့်ပေး၍မရ။ undo အမိန့်ပေးခွင့်လည်း မရှိ။

ထိုအခါ မစဉ်းစားဘဲ ခပ်မြန်မြန် ဆုံးဖြတ်တတ်ကြသော ပြုလုပ်တတ်ကြသော ကျွန်တော်တို့တတွေမှာ ကြေကွဲခြင်း (သို့မဟုတ်)နောင်တ များနှင့်သာ နပန်းလုံးနေကြရလေပြီ။

ဒါကြောင့် undo လုပ်ခွင့်မရတဲ့ ဘ၀မှာ အမှားတွေနဲ့ နောင်တတွေနည်းပါးအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာ ကျွန်တော် အဖြေရှာကြည့်မိရာ ...
မြတ်စွာဘုရားရဲ့ အာဝေဏိကဂုဏ်တော်ထဲမှာပါသည့်
‘မြတ်စွာဘုရားတို့မည်သည် ဘယ်အရာမဆို မပြောဆိုခင်၊ မပြုလုပ်ခင်၊ မကြံစည်ခင် ဥာဏ်တော် ရှေ့သွားရှိတယ်’ ဆိုသည်ကို အမှတ်ရမိသည်။ ဒီနေရာမှာ ဘုရားလိုပုဂ္ဂိုလ်မျိုးနှင့် ခိုင်းနှိုင်းချင်တာမဟုတ်ပါ။

မြတ်စွာဘုရားကလွဲလို့ တခြားရဟန္တာတွေ ပစ္စေကဗုဒ္ဓါတွေမှာပင် မရှိသည့် ဂုဏ်တော်ကြီးကို အောက်မေ့ပူဇော်ရင်း …

ကျွန်တော်တို့တွေလည်း မိမိပြုလုပ် ဆောင်ရွက် ဆုံးဖြတ်မည့် (အရေးပါသည့်) ကိစ္စတွေမှာ မပြောခင် မလုပ်ခင် ဥာဏ်နဲ့အရင် စဉ်းစား ချင့်ချိန်ပြီးမှ ပြောဆို လုပ်ကိုင်ကြမည်ဆိုပါလျှင် ဘ၀မှာ နောင်တတွေလည်း နည်းသွားမည်၊ undo လုပ်ခွင့်ကိုလည်း တမ်းတနေရန် လိုတော့မည်မထင်။
(Idea Magazine)­

5 comments:

Ei said...

မမေရေ အိရဲ့ဘလော့ဂ်မှာ
မမေရဲ့ဘလော့ဂ်ကို လင့်ခ်ထားချင်တယ်

မေဓာဝီ said...

မမေခွင့်ပြုပါတယ် .. အိ ..ရေ .. ။

Anonymous said...

ဟုတ်တယ်မမေ တကယ့်ဘ၀မှာ ဆုံးဖြတ်ချက်မြန်လို့ မှားသွားတာတွေ၊ သေချားမစဉ်းစားမိလိုက်လို့ မှားသွားတာတွေဟာ ပြန်ပြင်လို့မရဘူး Undo သာတကယ်လုပ်လို့ရမယ်ဆိုရင် ကလေးဘ၀က ပြန်စလိုက်ချင်ပါတယ်....

Anonymous said...

oh my god!

great idea.
nice post.
Right.

ama, i admire u more and more.
i love that post.
u've good idea.
Don't give up writing.

Nyima

yangonthar said...

အစ်မမေရေ
မနေ့ ညက “ကျွန်တော့်ကို အမြင်ကတ်ရသော အကြောင်းများ " တက်ဂ်ပိုစ့်လေးတစ်ခု ရေးရင်း ဒီအတွေးကို တွေးခဲ့မိတယ် ဒီနေ့ တော့ အံကျပဲ ကျွန်တော်လည်း ဥာဏ်ရှေ့ သွားခြင်း အလျင်းမရှိခဲ့ပါဘူးဗျာ ဒီတော့ အမှားတွေမှ တသီကြီးပဲ တစ်ခါတစ်လေ တော်တော်ရှက်မိတယ် .... အဓိက ကတော့ ပါးစပ်ပေါ့အစ်မရာ .... တုန့် ပြန် မှုတွေက မြန်လွန်းနေတယ် ဝေဖန်မှုတွေက စောလွန်းနေတယ် .... မှားပြီဟေ့ဆိုတာ သိတော့ Undo လုပ်မရတော့ဘူး လွန်သွားပြီ တော်တော်ကလေးကို သတိထားနေရပါတယ် အရင်ကတော့ ကိုယ့်အပေါ် အမြင်မကြည်တဲ့သူတွေကို စိတ် ထဲ ကနေ မကျေနပ်မိတာအမှန်ပဲ ခုတော့ ကိုယ်ကမှ မကောင်းတာဆိုတော့ အမြင်ကတ် တာတောင်းနည်းနေသေးတယ် လို့  တွေးမိတယ် .... ဒီစာလေးဖတ်ပြီး ကျွန်တော့် အကျင့်ဆိုးကို တစ်ကြိမ်မက ထပ်ပြီး ရိုက်ပုတ်နှိပ်ကွပ်လိုက်ဦးမယ် အစ်မမေ .... မြတ်စွာဘုရားရှင်ရဲ့  တစ်ဆယ့် ရှစ်ပါးသော အာဝေဏိက ဂုဏ်တော်တွေကို တော့ အမြဲထာဝရ ကြည်ညိုသဒ္ဓါပွားနေမိပါတယ် ကြည်ညိုလို့ လည်း မဆုံးနိုင်ပါဘူး
ဒီအက်ဆေးလေး အတွက်
ကျေးဇူးတင်ပါတယ် အစ်မမေ
အေးမြသာယာရှိပါစေ :))))