Friday, November 17, 2006

စာဖတ်ရှန်းကြသူများ

အရင်ကတော့ မြန်မာစာ ဝေါဟာရတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သတ်ပုံ သတ်ညွှန်းနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အဖြတ်အတောက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် … မှားတတ်တာတွေ .. မှားနေတာတွေ .. ကျမရဲ့ပတ်ဝန်းကျင်မှာ ကြုံခဲ့ရတဲ့ အမှားလေးတွေကို ပလန်းနက် နဲ့ နေးတစ် ဖိုရမ်မှာ ရေးခဲ့ဖူးပါတယ်။
အခုတော့ ကိုယ့်ဘလော့မှာပဲ ကိုယ်ရေးတော့မယ်လို့ စဉ်းစားမိတယ်။ လူထူထူလာတဲ့နေရာဆိုတာ ပြဿနာ ပိုများနိုင်တယ် မဟုတ်လား။ ဒါကြောင့် ရှောင်နေရင်ကောင်းမလားလို့ပါ။
အစကတော့ ဖတ်သူများရင် ကိုယ်ရေးရကျိုးနပ်တယ်လို့ ယူဆမိပေမဲ့ … ခုတော့လဲ ကိုယ့်ဘလော့လာလည်သူ တယောက်စ နှစ်ယောက်စ ဖတ်မိရင်ကိုပဲ မဆိုးလှပါဘူးလို့ပဲ ….
***
စာကို ကမန်းကတန်းဖတ်ကြလို့ပဲ ဖြစ်ဖြစ် အမှုမဲ့ အမှတ်မဲ့ ဖတ်ကြလို့ ပဲဖြစ်ဖြစ် စာဖတ်မှားရင် အဓိပ္ပါယ်ပါမှားပြီး ရယ်စရာကောင်းပုံလေးတွေ ကျမကြုံခဲ့ရသလောက် ဝေမျှပါရစေ .. ။
***
‘သွားရင်သေမယ်’

ဟိုတလောက ကျမရေးခဲ့တဲ့ ကဗျာလေးကို ကျမ ကွန်ပျူတာမှာ ဒီဇိုင်းလေးလုပ်ပြီး wall paper တင်ထားပါတယ်။ ကဗျာရဲ့ နောက်ဆုံးအပိုဒ် ‘ရပ်လို့မနေ၊ သွားရင်းသေမည်၊ အမှန်တရားဆီ၊ ရဲရဲချီ’ ဆိုတဲ့ စာလေး ၄-ကြောင်းထဲပါ။
ကျမတို့ဆီက ၀န်ထမ်း ကလေးမလေးက ကျမကွန်ပျူတာနားရောက်အလာ ဒီကဗျာလေးကိုတွေ့သွားပြီး
‘ရပ်မနေနဲ့ သွားရင်သေမယ် ဆိုတာ ဘာလို့လဲ ဟင် အမ’ လို့ ထိတ်ထိတ်ပြာပြာ ကျမကို မေးပါတယ်။
ကျမလဲ ဘာပြောရမှန်းကို မသိလောက်အောင် တအံ့တသြဖြစ်သွားပြီးမှ .. တဟားဟား အော်ရယ်မိသွားတယ်။ တခြားကလေးမလေးတွေက သူ့ကို ၀ိုင်းဟားကြပါတယ်။ ကျမ ကဗျာလဲ သူလုပ်မှ … အဲဒီလို အဖြစ်ဆိုးနဲ့ ကြုံရတော့တယ်။

ကျမနည်းတူ အဖေကြုံခဲ့ရတာက ..
အဖေရဲ့ ကဗျာခေါင်းစဉ် “ငါက - လူ” ဆိုတာကို အဖေ့ညီမက “ငါ-ကလူ” လို့ ဖတ်မိပြီး ‘ကိုကို .. ငါ-ကလူ ဆိုတာ ဘာလဲဟင်’ လို့ မေးဖူးတယ်တဲ့။ အဖေလဲ ခုထိ ပြောပြီး ရယ်လို့မဆုံးဘူး။
***
‘ဆင်စီးချင်တဲ့ ချောစုခင် နဲ့ အကြွေးတောင်းတဲ့ ကင်းကောင်’

ကျမကြီးတော်တယောက်လဲ တော်တော်စာဖတ်ရှန်းပါတယ်။ အသက်ကြီးလို့ပဲလားတော့မသိဘူး။
ဆရာစံလမ်းထဲက ‘ရွှေပန်ဆိုင်း’ အကင်ဆိုင်မှာ အကင်သွားစားကြတော့ ဆိုင်းဘုတ်ကိုကြည့်ပြီး သူက ‘သြော် ..ရွှေပန်းဆိုင် မှာ စားမှာလား’ လို့ ပြောလို့ ကျမတို့မှာ ရယ်လိုက်ရတာ။
တခါလဲ သူက တီဗီကြည့်နေရင်းနဲ့ ..
‘ဒီ သီချင်းခွေနာမည်ကလဲ တမျိုးပါလား .. ဆင်စီးချင်တယ် တဲ့’ ..
လို့ ပြောနေတာနဲ့ ကျမတို့က လှမ်းကြည့်လိုက်တော့ .. ချောစုခင်ရဲ့ ‘စီးဆင်းချင်တယ်’ ဆိုတဲ့ သီချင်းအယ်လ်ဘမ် နာမည်ဖြစ်နေပါတယ်။ ချောစုခင်လဲ ကြီးတော်ကြီးလုပ်တာနဲ့ ဆင်စီးရတော့မဲ့ကိန်းဖြစ်နေပြီ။
ကျမတူမလေးနဲ့ သူ့သူငယ်ချင်းတွေကတော့ .. “ကောင်းကင် အကြွေကောက်တဲ့လက်” ကို နောက်ပြီး ‘ကင်းကောင် အကြွေးတောင်းတဲ့လက်’ တဲ့။
***

8 comments:

Anonymous said...

ဟား ဟား … ဒီမှာလည်း စာဖတ်အရမ်းရှန်းတယ်.. အိမ်ကခေါ်တာဆို ရှမ်း(ရှန်း)မတဲ့.. ရှန်းလွန်းလို့ .. မနည်းသတိထားရတယ်..

Anonymous said...

hee hee..

Anonymous said...

မမမေ ဟုတ်တယ် ဟီးး

မေလေး

ကလိုစေးထူး said...

ဟာသ ရသတွေလဲ ရေးတတ်တာပဲ.. တကယ်ရယ်ရတယ်ဗျာ.. အယ်ဒီတာ လုပ်ပါတော့ဗျို့. :)

D Moe Thit said...

ကျွန်တော်လည်းစာဖတ်ရှန်းတယ်ဗျ...
ငယ်တုန်းက ကျွန်တော့်အမတွေက ဗီဒီယိုရုံမှာ ဘာဇါတ်ကားတင်လဲ ဆိုပြီး သွားကြည့်ခိုင်းတာ...
ကြော်ငြာဘုတ်မှာ ရေးထားတာကို ဖတ်ပြီး သူတို့ကို ပြန်ပြောတော့ ရယ်လိုက်ကြတာ ၀က်ဝက်ကွဲ ပဲ ..
ကျွန်တော်ပြောတာက (ကျွန် မတင်တဲ့ ရွှေမင်းသား) လို့ ဇါတ်ကားနာမည်ပြောပြတာလေ...
အမှန်က ကျွန်မ တင်တဲ့ ရွှေမင်းသား တဲ့ ... :)

sisain said...

ဟားဟား.. တကယ်ရီရတယ်ဗျ။ ချောစုခင် ဆင်စီးချင်တာကို အကြိုက်ဆုံးပဲ။

The Northern Light said...

ကျန်သေးတယ်အစ်မရေ

The Northern Light said...

ကျန်သေးတယ်ဗတစ်ခါလစဉ်ထုတ်စာစောင်ကဗေဒင်ကိုဖတ်ရင်းနဲ့ ဒီလသင်စိတ်ပန်းလူပန်းဖြစ်တတ်သည်ကို စိန်ပန်းဖြစ်တတ်သည်ဆိုပီးဖတ်ချလိုက်တာ ၀ါးလုံးကွဲရီလိုက်ရတာ
မမေရေးတော့မှပဲ အဲ့အဖြစ်အပျက်ကိုသတိရတော့တယ် နောက်ဘယ်သူ စိတ်ပန်းလူပန်းပြောပြော စိန်ပန်းပဲသတိရနေတာ