Saturday, November 04, 2006

တန်ဆောင်မုန်းလပြည့်ည အတွေး ...

ဒီည …
တန်ဆောင်မုန်းလပြည့်ည …
ခြံဝင်းတံခါးရဲ့သံတိုင်တွေကြား ဖယောင်းတိုင်လေးတွေထွန်းညှိရင်း ကောင်းကင်ကြီးကိုမော့ကြည့်မိတယ်။
တိမ်ကင်းစင်နေတဲ့ ကောင်းကင်ယံမှာ ထိန်ထိန်သာ နေတဲ့ လမင်းကြီးကို ကြည့်ရင်း ကျမစိတ်တွေလဲ ကြည်လင် အေးချမ်းလို့။
လှုပ်လဲ့ လှုပ်လီနဲ့ ယိမ်းထိုးလှုပ်ရှားနေကြတဲ့ ဖယောင်းတိုင်မီးလေးတွေကို ကြည့်ရင်း ကျမ ကြည်နူးနေတယ်။
ပြီးတော့ …
.. .. .. .. ..
ဒီအချိန် .. ဒီအခါသမယ .. ဒီလိုညဆိုရင် … ကျမစိတ်ထဲ .. တစုံတယောက်ကို အမြဲသတိရမိပါတယ်။
***
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခုလို တန်ဆောင်မုန်းလပြည့်ည မှာပေါ့ …
တိမ်ကင်းစင်တဲ့ ကောင်းကင်ကြီးက ကြည်လင်ရှင်းသန့် .. လို့ ..
လမင်းကြီးက ထိန်ထိန်လင်း .. လို့
နက္ခတ်တာရာတွေ စုံလင် .. လို့
ဝန်းကျင်က ဆိတ်ငြိမ်အေးချမ်းလို့ .. ။
ဒါပေမဲ့ .. သူကတော့ …
ဒီလိုငြိမ်းချမ်းတဲ့ညရဲ့ အရသာကိုမခံစားနိုင်ဘဲ
သောကတွေနောင်တတွေနဲ့ ပူလောင် … လို့
ကြည်လင် အေးချမ်းမှုမရှိဘဲ မွန်းကျပ်ခြောက်ခြား ..လို့။
သူဟာ …
အိပ်မရတဲ့ညပေါင်းများစွာကို ကြုံတွေ့နေရပြီး စိတ်တွေမငြိမ်းချမ်းနိုင်ဘူး၊
သူဟာ …
သက်ဦးဆံပိုင်ဘုရင်တပါးဖြစ်ပြီး ကာမဂုဏ်အာရုံတွေ အပြည့်အ၀ခံစားခွင့်ရှိပေမဲ့ ခံစားနိုင်စွမ်းရှိဘူး ..
သူဟာ …
အဇာတသတ်မင်းကြီး … ပါပဲ … ။
***
အဇာတသတ်မင်းကြီးဟာ …
ဆရာတင်မှားယွင်းခဲ့ပြီး မလုပ်သင့်တဲ့အလုပ်တွေ ဆက်တိုက်ကျူးလွန်ခဲ့ရာက ဖခင်ကိုပါ ရက်ရက်စက်စက် သတ်ဖို့အမိန့်ပေးခဲ့တယ်။
အဖသတ်ကံ ကျူးလွန်ပြီးနောက်ပိုင်းမှာ သူ့စိတ်တွေအေးချမ်းတည်ငြိမ်မှုမရှိဘဲ အမြဲတုန်လှုပ်ခြောက်ခြားနေပြီး အိပ်မရတဲ့ ညညတွေကို ခက်ခဲစွာကျော်လွန်ခဲ့ရတယ်။
နောက်ဆုံးမခံမရပ်နိုင်တဲ့အဆုံးမှာ … သူခံစားနေရတဲ့ဝေဒနာတွေ ဘယ်သူများ ကုစားပေးနိုင်မလဲ လို့ နန်းတွင်းက ပညာရှိတွေထံ မေးမြန်းခဲ့ရာက … သမားတော်ဇီဝကရဲ့ အကြံပေးမှုနဲ့ ဗုဒ္ဓမြတ်စွာထံ ရောက်သွားခဲ့ပါတယ်။
ဗုဒ္ဓရဲ့ ကျောင်းတော်ကိုဝင်လိုက်တာနဲ့ စိတ်တ၀က် ငြိမ်းချမ်းသွားတဲ့ အဇာတသတ်ဘုရင်ဟာ .. ဘုရားရဲ့ သားတော် သံဃာပေါင်းများစွာဟာ ဆိတ်ငြိမ်စွာ တရားဘာဝနာပွားများနေကြတာကို မြင်ရတော့ အံ့သြတုန်လှုပ် မိတယ်။
ဒီရဟန်းသံဃာတွေကိုကြည့်ပြီး ရဟန်းဝတ်ရခြင်းရဲ့ အကျိုးကို ဘုရားထံလျှောက်မေးရာက …
မြတ်စွာဘုရားက အဇာတသတ်အမှူးရှိတဲ့ လူနတ်ဗြဟ္မာ သတ္တ၀ါတွေကို သာမညဖလသုတ် ဟောတော်မူခဲ့ပါတယ်။
ခုလို တန်ဆောင်မုန်းလပြည့် ည..
တချိန်ကပေါ့။
***
နောင်တ ဆိုတာ .. ပူလောင်ပါတယ် .. ။
‘လူမိုက် နောက်မှ နောင်တ ရ’ ဆိုတဲ့ .. ဆိုစကားရှိတဲ့အတိုင်း ..
နောင်တရတဲ့သူကို လူမိုက်လို့ သတ်မှတ်ရမယ်ဆိုရင် …
နောင်တမရဘဲ ဆက်မိုက်နေတဲ့သူဟာ မိုက်လုံးအကြီးဆုံး အမိုက်တကာ့အမိုက်မဲဆုံး လူမိုက်ပဲ ဖြစ်မှာပါပဲ။
ဘာကြောင့်လဲဆိုတော့ …
အမှားကျူးလွန်မိတဲ့သူတယောက်ဟာ သူမှားမှန်းသိတဲ့အခါ .. နောင်တ ရတတ်တယ်။ နောင်တရတဲ့အခါ အမှားကို ပြုပြင်နိုင်ပါတယ်။
အမှားကျူးလွန်မိပြီး နောင်တ မရတဲ့သူဟာ ကိုယ့်အမှားကို အမှားမှန်းမသိလို့ပါပဲ။ ဒီတော့ ဆက်မှားနေအုံးမယ် .. ဆက်မိုက်နေအုံးမယ် .. ။
ဒါကြောင့် ဒီလိုလူစားမျိုးကို အလွန်မိုက်မဲသူလို့ သတ်မှတ်ရမယ် မဟုတ်လား။
***
နောင်တ ဆိုတာ ဘယ်အချိန်ရရ နောက်မကျပါဘူး။ အဓိက က နောင်တ ရဖို့ပါပဲ။
အဇာတသတ်ဘုရင်ဟာ အမှားပေါင်းများစွာ ကျူးလွန်ခဲ့ပေမဲ့ ..
တချိန်မှာတော့ နောင်တ ရခဲ့ပါတယ်။ နောင်တရခဲ့လို့လဲ ..
ခုလို တန်ဆောင်မုန်းလပြည့်ညမှာ ဗုဒ္ဓမြတ်စွာနဲ့ တွေ့ခွင့်ရပြီး တရားတော်နာကြားခွင့်ရခဲ့တယ်။
သူ ကျူးလွန်ခဲ့တဲ့ အဖသတ်ကံကို အခြားမဲ့ဘ၀မှာ အကျိုးပေးခံစားရမှာဖြစ်ပေမဲ့ မြတ်စွာဘုရားရဲ့ တရားကို နာလိုက်ရတဲ့အတွက် သူဟာ အပြစ်က အနည်းအကျဉ်း သက်သာရာရခဲ့ပါတယ်။
***
လွန်ခဲ့သောနှစ်ပေါင်းများစွာက အဇာတသတ်အကြောင်းတွေးရင်း
ခေတ်သစ်အဇာတသတ်တွေကို သတိရမိပြန်တယ်။
သူတို့ဟာ …
အဇာတသတ်မင်းလို ကိုယ့်ဖခင် အရင်းကို မသတ်ခဲ့ပေမဲ့
မိခင် ဖခင်နဲ့တူသော သူတွေ .. အဆွေအမျိုးနဲ့တူသော သူတွေ … မိတ်ဆွေနဲ့ တူသောသူတွေ .. သားသမီးနဲ့ တူသောသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ နှိပ်စက်၊ ညှဉ်းပမ်းခဲ့တယ်။ သနားစရာကောင်းတဲ့ လူသားတွေရဲ့ မျက်ရည်တွေနဲ့ သူတို့ဘ၀ရှင်သန်စေခဲ့တယ်။
သူတို့အဆင်ပြေ ပျော်ရွှင် ခိုင်မြဲဖို့ ကလိမ်ကကျစ်နည်းလမ်းပေါင်းမျိုးစုံကိုသုံးပြီး အားလုံးကို လှည့်စားခဲ့တယ်။
ဒါပေမဲ့ … သူတို့ နောင်တ မရသေးပါဘူး။ သူတို့ မှားမှန်း မသိသေးပါဘူး။
ဆက်လက်မိုက်မဲ နေဆဲပါပဲ။
ကျမ စဉ်းစားကြည့်မိတယ်။
သူတို့ရင်ထဲမှာ တကယ်ပဲ အပြည့်အ၀ ပျော်ရွှင်ငြိမ်းချမ်းမှုရှိရဲ့လား။
အမြဲတထိတ်ထိတ်နဲ့ ပူလောင်နေမလား။
အဇာတသတ်မင်းကြီးလို အိပ်မရတဲ့ ညတွေမှာ တုန်လှုပ်ခြောက်ခြားနေမလား။
ဘာပဲဖြစ်ဖြစ်
နောင်တ ရစေချင်ပါပြီ။
မှားမှန်းသိစေချင်ပါပြီ။
အမှန်တရားကို ရောက်စေချင်ပါပြီ။
***
အဇာတသတ်မင်းကြီးနည်းတူ …
သူတို့သည်လဲ …
နောင်တတွေအပြည့်နဲ့ အမှန်တရားဆီချဉ်းကပ်သွားမဲ့
တန်ဆောင်မုန်းလပြည့်ည တညကို
အမြန်ရောက်စေချင်စမ်းပါဘိ။
***
၎.၁၁.၀၆
ည ၁၀း၃၀ နာရီ

6 comments:

ကလိုစေးထူး said...

တန်ဆောင်းမုန်းညကို ပုံဖော်တဲ့ ပို့စ်တွေထဲက အကောင်းဆုံးသော ပို့စ်ပါပဲ အမ.. အမဖြစ်စေချင်တဲ့ တန်ဆောင်မုန်းည တညကို ကျနော်လဲ အမြန်ရောက်စေချင် လှပါပီ..

သက်စံ said...

ကျွန်တော်ရောဘဲ။ အတူတူဘဲ။ အခုမှအဇာတသတ်နဲ့ တန်ဆောင်မုန်းည ဆက်စပ်နေပုံသိရတယ်ဗျာ။

Anonymous said...

Thank you very much for this post , Ma May.
I really appreciate this post and kissssssss.....

generation96 said...

ဖြစ်မယ်ဆိုရင် သိပ်ကိုကောင်းပါတယ်။ တကယ်ကောင်းတဲ့ ဆုတောင်းလေးပါပဲ။

TZA said...

မမေဓါဝီနဲ့ မြန်မာ ပြည်သူပြည်သား အားလုံး ကျန်းမာရွှင်လန်း ကြပါစေ။ အဇာတသတ် ဂျူနီယာများ အမြန်ဆုံး ကြွပါစေ။

(ဒါနိုင်ငံရေးဟုတ်ဘူးဒါနိုင်ငံရေးဟုတ်ဘူးဒါနိုင်ငံရေးဟုတ်ဘူးဒါနိုင်ငံရေးဟုတ်ဘူး)

Anonymous said...

မမေ ဆုတောင်းတဲ့ တန်ဆောင်မုန်းည မြန်မြန်ရောက်ပါစေ.........