Wednesday, July 29, 2009

မေးက မနှစ်သက် … ဘာဟင်းချက်

ငယ်ငယ်တုန်းက ဗိုက်ဆာပြီဆိုရင် နောက်ဖေးမီးဖိုထဲ ၀င်ပြီး အမေ … ဘာဟင်းချက်လဲ မေးတဲ့အခါ အမေက … “မေးက မနှစ်သက် ဘာဟင်းချက်” လို့ တခါတလေ ကျီစယ်ပြီး ပြန်ပြောလေ့ရှိတယ်။ ကိုယ့်အိမ်မှာ ဟင်းမကောင်းတဲ့ နေ့မျိုးမှာ အိမ်နီးနားချင်းတွေက ဒီနေ့ ဘာဟင်းချက်လဲ မေးရင်လဲ ကျမတို့က မဖြေချင်ဖြေချင်နဲ့ ဖြေရင်း စိတ်ထဲကတော့ မေးကမနှစ်သက် ဘာဟင်းချက် … ပေါ့။

ဒီနေ့ ရှစ်ရက် ဥပုသ်နေ့တဲ့။ ဥပုသ်နေ့မှာ ဥပုသ်မစောင့် ဖြစ်ပေမဲ့ ဘလော့ကို လာဖတ်သူများအတွက် သက်သတ်လွတ် ဟင်းလျာလေး ချက်ပြီး တင်ဆက် လိုက်ပါတယ်။ သက်သတ်လွတ်ဆိုတော့ ဟင်းက သိပ်မကောင်းဘူးပေါ့။ လျှာရင်း မြက်စေဖို့ ... ဘာဟင်းချက်သလဲ မမေးပါနဲ့ … ဖတ်သာ ကြည့်ကြပါတော့။
***
အာလူးဟင်း

ဒီနိုင်ငံမှာ အပေါဆုံးက အာလူးလို့ ထင်တာပဲ။ ဒီကလူတွေကလဲ အာလူးကို ထမင်းလို စားတဲ့သူတွေပါ။ ကျမတို့လို ထမင်းနဲ့ တွဲဖက် စားတာ မဟုတ်ဘူး။ ကျမကလဲ အာလူးကြိုက်တာနဲ့ အာလူးပေါတဲ့နေရာ ရောက်နေတာ အတော်ပဲ ပေါ့။ အာလူးကို အမျိုးမျိုး လုပ်စားဖြစ်ပါတယ်။ ဒီကနေ့တော့ အာလူးဟင်းပေါ့။

မချက်ခင် တုံးပြီး ဆားနဲ့ နယ်ထားတာ။

ဒါကတော့ တခါစားစာလေး ခပ်ထားတာပါ။ နည်းတယ်ဆိုပြီး စားရမှာ အားနာ နေကြမှာစိုးလို့ … ရှိသေးတယ်နော်။ အားမနာနဲ့။
***
ဆမူဆာသုတ်
သက်သတ်လွတ် အိန္ဒိယ ဆမူဆာပါ။ ရေခဲသေတ္တာထဲက ထုတ်ထားလို့ ရေငွေ့ရိုက်နေတာနော်။ မှိုတက်နေတာ မဟုတ်ဘူး။ ဈေးပေါပါတယ်။ (အလကား ရထားလို့။)

ဆမူဆာကို ကပ်ကြေးနဲ့ ညှပ်ပြီး သခွါးသီး၊ ဂေါ်ဖီထုတ်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း၊ သံပုရာသီးနဲ့ သုတ်တော့မလို့ ပြင်ထားတာပါ။ ဆီ၊ ဆား မထည့်ရသေးဘူး။ ကိုယ့်စိတ်ကြိုက်သာ သင့်တော်သလို ထည့်ပြီး နယ်စားကြပေါ့နော်။
***
ပဲတီချဉ်
ပဲပင်ပေါက်ကို အချဉ်တည်ထားတာပါ။
သိပ်မခက်ပါဘူး။ ပဲပင်ပေါက် ငါးမူးဖိုးတထုတ်ကို ရေစင်စင်ဆေး၊ ဆားနဲ့နယ်ပြီး ပုလင်းထဲ ထည့်သိပ်လိုက်တာပဲ။ နေပူရင် သုံးလေးရက်ဆို ချဉ်ပါပြီ။ အေးရင်တော့ ငါးရက်လောက် ထားရမလား မသိဘူး။ မသေချာရင် ဖွင့်ပြီး မြည်းကြည့်ပေါ့။ ချဉ်ရင်ရပြီ။ အဲဒါ ကျမ နည်းပဲ။

ချဉ်သွားတဲ့ ပဲပင်ပေါက်တွေကို ပုလင်းထဲကထုတ် ရေပြန်ဆေး၊ ဆန်ကာနဲ့ စစ်ထားပြီး ကြက်သွန်ဖြူဆီသတ်၊ ငရုတ်သီးအကြမ်းမှုန့်ထည့်၊ ပြီးမှ ပဲပင်ပေါက်တွေ ထည့်ပြီး ကြော်လိုက်ရုံပါပဲ။ ဗူးလေးနဲ့ ထည့်ထားပြီး နည်းနည်းချင်း စားပေါ့။ တနေ့ထဲ အကုန်စားရင် အစာအိမ် အချဉ်ပေါက် ကုန်လိမ့်မယ်။
***
ခုလို ၀ါတွင်း အခါသမယမှာ သားကြီး ငါးကြီးတွေ မစားချင်ရင်ပဲ ဖြစ်ဖြစ်၊ သားကြီး ငါးကြီး စားရတာ ငြီးငွေ့ရင်ပဲ ဖြစ်ဖြစ် တခါတလေ သက်သတ်လွတ် စားကြည့်ကြရအောင်လို့ပါ။ စားလို့လဲ ကောင်းတယ်၊ ပိုက်ဆံလဲ မကုန်ဘူး။
***
မေဓာဝီ
၂၉၊ ဇူလိုင်၊ ၂၀၀၉
၁၁း၃၀ နာရီ

13 comments:

ရွက်လွင့်ခြင်း said...

အခု စလုံးမှာ ညနေစာ စားချိန်ခင်ဗျ
မမေဓာဝီက အခုလို တင်လိုက်တော့ တော်တော်ကို ဗိုက်ဆာသွားပြီ
အကုန်လုံး ကျွန်တော် စားပလိုက်မယ်နော်း)

Harry said...

အာလူး လာမပေးနဲ့

စန္ဒကူး said...

ကောင်းလိုက်တာ.. အကုန်ကျလဲသက်သာ ထမင်းလဲ မြိန်စေမယ့်ဟင်းလေးတွေ...
အဲလိုလေးတွေကိုပိုကြိုက်တယ်..း)

Anonymous said...

ဟင်းချက်ကောင်းချင်းဟာ အိမ်ရှင်မကောင်းတို့ရဲ့ အရည် အချင်း တစ်ခုပဲ...ဟဲ ဟဲ...(မောင်ူကီး)

Ma Khine said...

You are really good cook.
I will teach you next time more items to add.

ကိုပေါ said...

အာလူးကို ကျနော်လည်း ကြိုက်တယ်ခင်ဗျ။ အာလူးကို ငရုပ်သီးစိမ်းနဲ့ အစပ်ချက်သည်ဖြစ်စေ၊ အနှစ်ထောင်းပြီး ချက်သည်ဖြစ်စေ၊ အာလူးကို အ၀ိုင်းပြားလေးတွေ လှီးပြီး ကျော်သည်ဖြစ်စေ၊ ပြုတ်ပြီး ချေကာ ကြက်သွန်နီနှင့် သုပ်သည်ဖြစ်စေ၊ ချေမွကာ ဆီသတ်၍ ကြော်ချက်သည်ဖြစ်စေ၊ စမူဆာထဲပါသည်ဖြစ်စေ၊ ဘိုလို smashed potatos ဖြစ်စေ အားလုံးကို ကြိုက်တယ်။ ဒါကြောင့် ဗန်ဂိုးရဲ့ အာလူးစားသူများ ပန်းချီကားကြည့်ရတော့ သူတို့ဆီမှာ အာလူးကို ဘာလို့ ဆင်းရဲသားစာလို့ သတ်မှတ်ရသလဲ ဆိုပြီးတောင် တွေးမိသေးတယ်။

ငယ်ငယ်က အမေတို့ အညာမှာချက်တဲ့ အစိတ်လိုက် လှီးတဲ့ပြီး ဆီပါလေကာမျှနဲ့ချက်ထားတဲ့ ငရုပ်သီးစပ်စပ် အာလူးဟင်းဟာ စားပြီးရင် စပ်လွန်းလို့ ရေအ၀သောက်ကာ လေတရွှီးရွှီး ချွန်နေရပေမယ့် အရသာက တကယ်မိုက်တယ်။

အချဉ်ကျပြန်တော့လည်း ပဲချဉ်၊ မုန်လာချဉ်၊ ကန်စွန်းချဉ် အကုန်ကြိုက်။ အပြင်မှာ မိုးတွေ တ၀ုန်းဝုန်းရွာနေတုန်းမှာ မိသားစု ထမင်းဝိုင်းမှာ ထိုင်ပြီး ငပိရည်ဖျော် (သို့မဟုတ်) ငန်ပြာရည်ဖျော်နဲ့ စောစောက ပြောခဲ့တဲ့ အချဉ်တမျိုးမျိုးရယ်၊ တို့စရာ အသီးအရွက် တမျိုးမျိုးပါရင် တခြားဟင်း မပါလည်း မြိန်တာများတယ်။

အင်း… နအဖ အစိုးရက နာဂစ်တိုက်အပြီးမှာ ဗမာတွေအတွက် အစားအစာ ပူစရာမလိုဘူး။ စားစရာမရှိရင် မှိုတို့ ကန်စွန်းရွက်တို့၊ ဖားတို့ ငါးတို့ ရှာစားလိမ့်မယ်လို့ ပြောတုန်းက ဒင်းတို့ကို ဒေါသသာ ထွက်ရတယ်၊ တဖက်မှာ ကိုယ်ကလည်း အဲဒီအစားအစာတွေကို အသေကြိုက်နေတော့ ရယ်ကလည်း ရယ်ချင်သေးတယ်။

မိုးကောင်းသူ said...

သတ်သတ်လွတ်ဟင်းတွေ အားလုံးကြိုက်ပါတယ်ရှင်...
ပဲတီချဉ်တော့ အကြိုက်ဆုံးပဲ။

မေဓာဝီ said...

ရွက်လွှင့်ခြင်း ... စားသာစား အားမနာနဲ့။ ကုန်ရင် ထပ်ချက်ကျွေးအုံးမယ်။

ကိုဟယ်ရီ ... အပေါဆုံးက အာလူးမို့ အာလူးပဲပေးနိုင်တယ်ရှင့်။

စန္ဒကူး ... ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျမလဲ စန္ဒကူးတို့ကို အားကျလို့ တခါတလေ ဘလော့ပေါ် ဟင်းထချက်ကြည့်တာပါ။

အမည်မဲ့ ကိုမောင်ကြီး ... ကျမက ဟင်းချက်သိပ်မကောင်းတော့ အိမ်ရှင်မကောင်းရဲ့ အရည်အချင်း မရှိဘူး ထင်ပါရဲ့။

မခိုင် ... မတွေ့တာကြာပြီနော်။ မခိုင် သင်ပေးမယ်ဆိုလို့ ၀မ်းသာသွားပြီ။

ကိုပေါ ... အကြိုက်ချင်းတော့ တူနေပြီ။ ကိုပေါရေးထားတဲ့ အာလူးချက်နည်းမျိုးစုံကိုဖတ်ရတာ ဗိုက်တောင်ဆာလာပြီ။ ကိုပေါ ဒီလောက်သိနေတာများ အိမ်မှာချက်မစားဘူး။ ကိုပေါတို့ ဆိုင်မှာပဲသွားစားတယ်ဆိုတာ တခါဖတ်ဖူးလိုက်သေးတယ်။ မဒမ်ပေါကိုချက်ခိုင်းလေ။ မြို့စားကြီးဦးအာလူးအတွက် စပယ်ရှယ် အာလူးဟင်းမျိုးစုံ။ :D

မိုးကောင်းသူရဲ့ ဟင်းလျာတွေလဲ ကျမသွားသွားငေးရတာ အမောပါပဲ။ အသုပ်လေးတွေ နည်းတောင်ယူခဲ့ရသေးတယ်။

ကျမရဲ့ မကောင်းမကန်း ဟင်းလေးတွေကို အားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

ကိုရေတမာ said...

အောင်မလေး နောက်တောင်ကျနေပြီ ကုန်ပြီလားမသိဘူး... မကြီး ဆမူစာလေး အရင်းအတိုင်းပြန်ရောင်းပါ့လားဟင်... ဟင်းချိုလေးပါရင် ပိုမြိန်မယ်နော်.. ကျနော်ကို ဘာဟင်းချက်လဲ မမေးနဲ့နော်
(မေးကမနှစ်သက် ဘာဟင်းချက်)

ဇော် said...

ဒေါ်လေးမေဓာ ..
ကျနော်လုပ်စားတော့မယ်ဗျ။ ရှေ့အပတ် ပိတ်ရက်ကို။ ဟဲဟဲ။ ခုတော့ ထမင်းစားပြီးကာစမို့ ဟိုဟာနဲနဲ ဒီဟာနဲနဲ နှိုက်စားသွားတယ်။ ခိခိ။

pandora said...

ပဲပင်ပေါက်ချဉ်ကို အဲလို ကြော်မစားဖူးဘူး
မှတ်သားသွားတယ် မမေ..

Prince said...

အဲ ... တိုဟူး၊ ပဲပြား၊ နွား နို့ခဲ နဲ့ ပဲပုတ် ထောင်း ခရမ်းချဉ် ပန်ထွေ ဖျော် တို့လဲ လုပ်ပါအုံး ဗျ။

နေတိုင်းအာလူး ဆိုရင် လူပုံတွေလဲ ကြာရင် ထူးလာမှာဘဲ။ မနှစ် က နဲ ကနဲ့ မတူတော့ဘဲ ချက်ခြင်း စည်ပိုင်း ပုံဖြစ်လာမှာဘဲနော်။

ရှိတာနဲ့ ကောင်းအောင်ချက်ရမှာ ဆို တော့ ချေးများမနေတော့ပါဘူး။
ဩ ဘာဘဲ ဖြစ်ဖြစ်လေ အလားကားစားရတာဘဲ နော်
ဒါထက် ဈေးသက်သာတာ ဘာမှ မရှိ တော့ဘူး
ဟင်းချက် ဝါသနာပါတဲ့ သူတွေနဲ့ သူငယ်ချင်းဖြစ်ရတာတော့ နိမ့်သား။

မခိုင်က ကော ဘာတွေ ချက်မလဲ မသိဘူး
သင်တန်းစ ရင် ပြောပါအုံးဗျာ
ဟင်းချက်တာ သင်မှာ မဟုတ်ဘူးနော်
အရသာ ကောင်းမကောင် မြည်းပေးမှာ ကို ပြောတာ..


အသစ်အစမ်းတွေချက်ပြီးရင် သံချောင်းသာ ခေါက်လိုက်ပါ ဗျို့....

ck said...

http://en.wikipedia.org/wiki/Great_Famine_(Ireland)#Potato_dependency

Yeah, potato was essential.