Friday, July 10, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၁)

ကဗျာသင်္ဂဟမေဒနီ စာအုပ်ကို ပထမအကြိမ် ၁၉၀၉ ခုနှစ်က အထက်မြန်မာပြည် မန္တလေးမြို့မှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဒုတိယအကြိမ် ကိုတော့ ၁၉၆၆ ခုနှစ် ဧပြီလမှာ ဟံသာဝတီပုံနှိပ်တိုက်က ရိုက်နှိပ် ထုတ်ဝေခဲ့တယ်လို့ စာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒီစာအုပ်ထဲမှာ စာဆိုကြီးတွေရဲ့ ကဗျာအသီးသီးကို ခေါင်းစဉ်များစွာ ခွဲပြီး ဖော်ပြထားပါတယ်။ ၁၂-ရာသီဘွဲ့၊ နွေ-မိုး-ဆောင်းဘွဲ့၊ တောတောင် ကြည်းရေဘွဲ့၊ ကလိယုဂ် ကဗျာခန်း၊ သံဝေဂ ကဗျာခန်း၊ သြ၀ါဒ ကဗျာခန်း၊ ဘုန်းတော်ဘွဲ့၊ မယ်ဘွဲ့, မောင်ဘွဲ့၊ သစ္စာတိုင်, သစ္စာပျက်၊ အလွမ်းဘွဲ့, အပျော်တေး၊ ပကိဏ္ဏက ကဗျာခန်း … စသည်ဖြင့် ခွဲခြားထားပါတယ်။

အစဉ်အတိုင်း ဆိုရင်တော့ ဒွါဒရာသီဘွဲ့ ဆိုတဲ့ ၁၂-ရာသီဘွဲ့ ကဗျာခန်းက စပြီး တင်ရမှာပါ။ တော်တော်များများလည်း ရိုက်ပြီးနေပါပြီ။ ရှေ့ဆက်ပြီး ဖတ်ကြည့်တဲ့ အခါမှာတော့ ကလိယုဂ် ကဗျာခန်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့အပြင် ခုခေတ် ခုအခါကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ “ကလိယုဂ်” ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကျမ မေ့နေခဲ့တယ်။ အဘိဓာန်ထဲ ရှာရမှာလည်း ခပ်ပျင်းပျင်းရှိနေတုန်း မြန်မာကဗျာတွေကို အထူးစိတ်ဝင်စားတဲ့ ကိုဟယ်ရီ (ခရမ်းပြာကြယ်စင် လှိုင်းခတ်သံများ) ကို ဂျီတော့ခ်မှာတွေ့လို့ မေးကြည့်တော့ ကလိယုဂ်ဆိုတာ “ခေတ်ပျက်”ကို ပြောတာပါ တဲ့။ ဟုတ်ပါရဲ့ ကျမမေ့နေလိုက်တာ … ကလိယုဂ် ဆုတ်ကပ် ဆိုပြီးတော့လဲ ကဗျာတွေထဲမှာ ထည့်ရေးထားတာ တွေ့ရတာပဲ။ ဒါကြောင့်လဲ ဒီကဗျာတွေဟာ ခုခေတ် ခုအခါနဲ့ တိုက်ဆိုင်နေတော့တာကိုး … ။ (ကျေးဇူးတင်ပါတယ် ကိုဟယ်ရီ။)

ဒါနဲ့ပဲ အစဉ်အတိုင်း ရိုက်ပြီးသား ရာသီဘွဲ့တွေ မတင်သေးဘဲ ခေတ်ပျက် (ဆုတ်ကပ်) ကာလကို ရေးဖွဲ့ထားတဲ့ ကလိယုဂ် ကဗျာခန်းက ကဗျာတွေကို အရင် တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခု အပိုင်း (၁) မှာတော့ ကျည်းကန်ရှင်ကြီးနဲ့ ထနောင်းတိုင် ဦးပညာတို့ ရေးတဲ့ ကလိယုဂ်စာတမ်း နှစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။
***
ကျည်းကန်ရှင်ကြီး အတ္ထုပ္ပတ္တိ အကျဉ်း

ကျည်းကန်ရှင်ကြီး အကြောင်းကား - အလုံနယ်မြေ အ၀င်အပါ မုံရွေးရွာအနီး ကျည်းကန်ရွာကြီးတွင် ဖွားရာဇာတိဖြစ်သဖြင့် လူမည် ကိုနု ရှင်မည် နန္ဒဓဇဟု ထင်ပေါ် ကျော်စောသော ကျည်းကန်ရှင်ကြီးသည် အမှီးပါရမီ ၀သီဘော်၏ နိကာယ်ကြောင့် ငယ်ရွယ်စဉ်အခါကပင် တိက္ခ, ဂမ္ဘီရ, ဘူရိ, ဟာသ, ဇ၀န စသော ပညာဉာဏ်တို့သည် သန်မြန် နဲနက် ထက်မြက် စူးရှသည့်အတိုင်း သူရအာဇာနည် ရဲရည်ပြောင်မြောက်သော ယောက်ျားကောင်းတို့၏ လက္ခဏာ လွန်စွာ ပြည့်စုံသောကြောင့် လောက်လုံပြည့်နှက် လိုတိုင်းထွက်၍ ထက်အောက်မြို့ရွာ မြန်မာပြည်ပိုင် နိုင်ငံတော် တလျှောက် တမ်းခွန်ဆောက်လျက် ပေါက်ပေါက်ချွန်ချွန် လွန်လွန်ကြူးကြူး အထူးဝိသေသ ကျော်တလုံးရသဖြင့် ဘိုးတော်ဘုရား၏ လက်ထက် ပညာရှိ က၀ိတဆူ ပေါ်ထွန်းလေသည်။

ရေးသားသော စာ စာရင်း-
(၁) မုံရွေးဆရာတော်ကို ကျည်းကန် အမေး၊
(၂) စွယ်စုံကျော်ထင်အမေး ပုစ္ဆာ တထောင့်တရာ တဆယ့်ငါး၊
(၃) ဆယ်လွန်းတင် သတ္တောဝါဒီကျမ်း၊
(၄) မေတ္တာစာ၊
(၅) စကားပုံ အမျိုးမျိုး၊
ပျို့, ကဗျာ, လင်္ကာ, ရတု, ရကန်, မော်ကွန်း, သံပိုင်း, သမိုင်း, တေးထပ်, သဖြန်, တုံးချင်း, ဗေဒင် လက်ရိုး အစရှိသည်တို့ကို ကြည့်ရှုမှတ်သား စေရန် ရေးသားထားခဲ့လေသတည်း။
***
ကျည်းကန်ရှင်ကြီးဆို ကလိယုဂ်စာတမ်း

ဝိပ္ပတ္တိနှင့်၊ ၀ိအက္ခရာ၊ ဣသရနှင့် ၀သဒ္ဒါ၊ မှန်စွာသဘော၊ လံကဓော၊ လောအောင် ပိတ်တတ်သည့် ၀ိကာလ၊ ပါးစပ်က ဘုရားဘုရား၊ လက်က ကိုးရိုးကားရား၊ ရသာလျှင် ယူမည်လို့ တကျားကျား၊ ဘယ်တခြား ညာတခြား၊ ယောက်ျား မိန်းမ၊ အရေးကြုံလျှင် မယုံကြနှင့်၊ ယောက်ဖ ယောက်ဖနှင့်၊ ပတောက်တွင် ပါသမျှ၊ အောက်က အတင်းနှိုက်၊ လူမိုက် ဆိုရမည် မခက်တောင်း၊ လူကောင်းဆိုရမည် အလဇ္ဇီ၊ အညီမှတ်ထင်၊ အမြင်ဣနြေ္ဒက တပဲ၊ ငရဲက တပိဿာလောက်၊ မျက်စေ့အောက်တွင် ချစ်ခင်ဘွယ်၊ မျက်နှာကွယ်လျှင် အကျိုးမဲ့၊ အိုဘဲ့ကာလ သဲ့ကာလ၊ ဂုံးမတိုက်ဘူး-ကြားမသမာ၊ အကြိုက်ကျလျှင် စိတ်ကြည်သာ၊ ပဏ္ဏာပေးမှ အခွင့်ကုန်၊ မယုံလျှင် သူမထောက်၊ ယုံပြန်လျှင် သူပြန်ကောက်၊ ကျားကြောက်လို့ ကျောင်းမှာခို၊ ကျောင်းပုဂ္ဂိုလ်က ကျားထက်ဆိုး၊ မကောင်းကျိုးသော ကောင်းကျိုးသော၊ ပြောလို့လည်း မသိ၊ ပြောသူလည်း မရှိ၊ သတိနှင့် ဝေးကွာ၊ နက်ဖြန်ခါလျှင် ကယ်ပါလား၊ သန်ဘက်ခါလျှင် ကြိုးများလျား၊ သွားတော့ရမန်ဆံ၊ ပြန်တော့ ခေါင်းတုံး၊ မြေတူးသောအခါ တကုံးကုံး၊ မင်းမူသောအခါ တပြုံးပြုံး၊ ပစ္စုပ္ပန်တွင် သူများမုန်း၊ သံသရာတွင် တက်တက်ရှုံး၊ အသုံးမကျ၊ နှစ်တန်သော ကာလ၀ယ်၊ နှစ်ဘ၀လုံး၊ ရှုံးခြင်းကြီး ရှုံးလေသည်၊ သည်ထုံးနှင့် သည်စံ၊ သည်ရစ်တံကို၊ ဉာဏ်ရှိသူ အမှန်သိရအောင်၊ သတိကြပ်ကြပ် စိတ်ယူစွဲ၍၊ အမြဲမှတ်ကြ စေကုန်သောဝ်။
***
ထနောင်းတိုင် ဦးပညာဆို ကလိယုဂ်စာတမ်း (အတ္ထုပ္ပတ္တိ မပါ)

ကာလပြောင်းပြန်၊ မမှန်ဆုတ်ကပ်၊ ၀ိပ္ပတ္တိစက်၊ ညှိုးပျက်သာသနာ၊ အဘိဇ္ဈာနှင့်၊ သူ့ဟာငါရ၊ ကရုဏာကင်း၊ စက်အတွင်း ကျသောကြောင့်၊ မိုးကလည်း ခေါင်းပါး၊ တရားကို တေးဆို၊ အဖေကို သားဆဲ၊ ဆွေထဲက ဓားပြတိုက်၊ မိုက်သူက လူသွက်လုပ်၊ ဟုတ်သူက တရားရှုံး၊ အချစ်ဆုံးက သစ္စာဖျက်၊ ကုန်ရောင်းလျက် ဥစ္စာခိုး၊ ထန်းရေအိုးနှင့် တရားဟော၊ ဥပုသ်စောင့်ရင်း မုသားပြော၊ အသေစောရဲ့ မှတ်ကြပါ၊ မသာ-လာရင်း လူပျိုလှည့်၊ ရုံပွဲကြည့်ဖို့ လက်မှတ်ယူ၊ အလှူပေးလျက် ထမင်းရောင်း၊ ကျောင်းထိုင်လျက် ကုန်ကူး၊ အရူးက တုတ်ဆောင်၊ ဖဲသမားက ပါးဟန်ဆောင်၊ လူထဲကျတော့ ယောင်တောင်တောင်၊ ပညာရှိကို လူမိုက်လှောင်၊ သူတော်ယောင်က အကျင့်ယုတ်၊ မုဆိုးက ဘုရားတယ်၊ သားငယ် ရှင်ပြု၊ အမှုအပို၊ ဂရုအကျင့်လို၊ အပျိုငယ် လင်နေစော၊ လူမိုက်တို့ သဘောမှာ၊ ငွေပေါသူကို ချီးမွမ်းသည်၊ မတည်ကြည်တဲ့ မိန်းမပေါ၊ တောသားက မြို့ဟန်ဖမ်း၊ ရဟန်းက ပွဲကြည့်၊ သူကောင်း၏သားက အရက်ကြိုက်၊ ကျောင်းတကာသားက ကြက်ကိုတိုက်၊ ဖဲရိုက်တဲ့ လှေသူကြီး၊ စိပ်ပုတီးနှင့် ဒိဋ္ဌိမူ၊ ဥပုသ်ယူရင်း အတင်းပြော၊ ဖွဲရေရောတဲ့ ငါးပိသယ်၊ တရားကွယ်တဲ့ လူအများ၊ ဘုရားကို ဖျက်ဆီး၊ ဖိနပ်စီးလျက် ကျောင်းကိုဝင်၊ ကျေးဇူးရှင် ထိခိုက်၊ အမိုက်ပေါ်၍ အလိမ္မာပျောက်၊ လူနောက်တွေ ပေါ်ထင်၊ ရှင်နှင့် ကျောင်းသား တရားအကျင့်လို၊ လူအိုက အနုကြိုက်၊ သမားမိုက်က အမြင်မရှိ၊ သေဘေးထိမှ ကုသိုလ်စော၊ မိုက်သောသူက ကဲ့ရဲ့ပြန်၊ သူတော်မှန်က ပေါင်းရန်ခက်၊ ကုန်ကူးလျက်နှင့် ကြွေးတင်၊ လူလိမ်တွင် မိန်းမပေါ၊ သင်္ဂြိုဟ်ဟော၍ ဒုစရိုက်ပွါး၊ ကျေးဇူးကော၍ မွဲသူများ၊ အမှား အမှန်လုပ်၊ မဟုတ်သူက နေရာကျ၊ အဘကျွဲကျောင်း၊ သားမြေးနှောင်း၊ သူတောင်းစားငွေကို လူကောင်းသုံး၊ ဘုန်းကြီးက အမွေလု၊ အမှုရှိက ငွေကုန်များ၊ စကားကို မဟုတ်ပြော၊ ငွေပေါသူက လောဘကြီး၊ ခရီးသွားရင်း မိန်းမရ၊ အားကျလျက် အပါယ်လမ်း၊ ငါးဖမ်းရင်း ဥပုသ်ကျွေး၊ ကြက်ဝက်မွေး၍ ကောင်းဟန်ဆင်၊ ရှင်ဘုရင်က ဓားပြတိုက်၊ မိုက်သူကို မင်းလုပ်ခိုင်း၊ ရိုင်းသူက လက်ချိပ်ဆင်၊ ဆွေးမျိုးဝင် ပဉ္စသီပျက်၊ ကောင်းသူကို နှိပ်စက်တတ်၊ ဆုတ်ကပ်တဲ့ ယုတ်ကပ်ချေကို၊ နားလည်စေ အများ၊ ခန္တီစ တရားနှင့်၊ မနောမှာ သွင်းထားသဖြင့်၊ မမှားစေမှု၊ ဂုဏ၀ယ၊ ထိုနှစ်ဝကို၊ ထောက်ဆခြင့်ရွယ်၊ နှစ်သွယ်ဂုဏ်ထူး၊ ထိုနှစ်ဦးတို့ကို၊ ညွတ်နူးရိုသေ၊ မသွေမှန်လှ၊ အနန္တဟု၊ ဂုဏငါးဖြာ၊ ပမာအရှိ၊ အာစရိဆရာ၊ မာတပီတ၊ သြ၀ါဒကို၊ ဆုံးမနာခံ၊ ဖီဆန်မငြင်း၊ နှလုံးသွင်း၍၊ ခပင်းဝေနေ၊ အခြေကျကျ၊ မြတ်ဗုဒ္ဓနှင့်၊ ဓမ္မသံဃာ၊ အရိယာကို၊ ရိုသေလေးမြတ်၊ ဆည်းကပ်ကိုးကွယ်၊ မဖယ်မစောင်း၊ အကျင့်ကောင်းမှ၊ နောက်နှောင်း သံသရာ၊ မြန်မကြာပင်၊ ခန္ဓာလွတ်ငြိမ်း၊ နိဗ္ဗန္နကို စိတ်ဆန္ဒထိန်းပြီးလျှင်၊ ကိန်းဥဇုဝုစ်၊ ထုတ်ပြန်ကြည်ဖြူ၊ ကျင့်တရားကို မမှားအောင် ယူကြတော့၊ အို သူတော်ကောင်း၊ ကလိယုဂ်မှ၊ အငုတ်ပြတ်နိုင်တော့မပ၊ သူမြတ်လောင်းတို့။
***
ထနောင်းတိုင် ဦးပညာရဲ့ ကလိယုဂ်စာတမ်းကို ရိုက်နေရင်း ဟုတ်လိုက်တာ … မှန်လိုက်တာလို့ ကျမ တယောက်ထဲ အသံထွက်ပြီး ရေရွတ်မိတယ်။ ဘိုးသူတော်ဦးမင်း၊ အချုပ်တန်း ဆရာဖေနဲ့ စလေဦးပုညတို့ ရေးတဲ့ ကလိယုဂ် ကဗျာတွေလည်း အလွန်ကောင်းပါတယ်။ နောက်မှ နည်းနည်းချင်း ဆက်တင်သွားပေးပါမယ်။ ဒီနေ့တော့ ဒါလောက်ပါပဲ။
***
ကလိယုဂ် ခေတ်ပျက်မှ လွတ်ထွက်နိုင်ကြပါစေ …

မေတ္တာဖြင့်

မေဓာဝီ
၁၀၊ ဇူလိုင်၊ ၂၀၀၉
၁၀း၂၃ နာရီ

5 comments:

စုချစ် said...

ကျေးဇူးမမေ...
စောင့်ဖတ်နေမယ်နော်...
ခင်မင်စွာဖြင့်...

Anonymous said...

ကျေးဇူး ၊ ဖတ်ခြင်နေတာတွေ့  ရ လို့  ပါ

ကိုလူထွေး said...

နောက်လဲ လာလည်.. စာလာဖတ်ဖို့ လင့်ခ်ယူသွားပါတယ်...

းဝ)

Harry said...

ဒီခေတ်မှာ စလေဦးပုည ရှိစေချင်ပါရဲ့ ...
ဘာတွေများရေးမလဲ မသိဘူးနော် ... မမေ

yangonthar said...

အစ်မ ကျွန်တော်တော့ ရှေးကဗျာတွေဘက် လှည့်နေပြီ အစပ်အဟတ် အချိတ်အဆက် တွေက ဒီစာတမ်းတွေကနေ အများကြီးရနိုင်တယ် နော်အစ်မ။ ဝါကျ တိုတို နဲ့ 
လိုရာလေးရောက်ဖို့ ဒီစာတွေဖတ်ဖို့ လိုမယ် ထင် ပါတယ်အစ်မရေ .... ကျွန်တော်စာရေးရင် ရှည်လျားထွေပြားနေတာ ကိုယ့်ကိုကိုယ်ကို မနှစ်မြို့ နိုင်ဘူး ပွရောင်းရောင်းကြီးမို့  ..... နောက် ကလိယုဂ် ခေတ်ကို သဲကုန်းဆရာတော် ကြီးရဲ့  သံကိစ္စသာမဏေ မှာ နည်းနည်းနာဖူး ပါတယ် ... ခုတော့ ဆရာကြီး ဦးပညာ နဲ့  အစ်မရဲ့ ကျေးဇူး ကြောင့် အာရုံထဲ လင်းသွားတယ် ဒီခေတ်နဲ့  တော့ အကိုက်ပဲ ..... ဒါလေး ဖတ်ရင်းရသွား တာက ဘာသာတရားအပေါ် သဒ္ဓါ ပိုရှိသွားပါတယ် .... ခေတ်ပျက်ကို မြင်သွားပါတယ် .... သာဓကကိုယူပြီး ဆောင် သွားပါတယ် .... မြန်မာစာ အရေး အသား ကို စု ... တု...သွားပါတယ်
ဝေါဟာရတွေ ဗရပွ ရသွားပါတယ်
ကျေးဇူးအင်မတန်ကြီးပါတယ်အစ်မရေ
လေးစားခင်မင်လျှက်
ရန်ကုန်သား
အစ်မ အဆင်ပြေပါစေ :)