Wednesday, July 08, 2009

အလွဲများနဲ့ စနေ ခရီး

ပြီးခဲ့တဲ့ တပတ်ကျော် စနေနေ့ (၂၇၊ ဇွန်) က ခရီးတခု သွားဖြစ်တယ်။ ဦးရီးတော်က ကားကိုမောင်းလို့ သူ့မိတ်ဆွေ မိသားစု ၃ ယောက် နဲ့ ကျမ၊ စုစုပေါင်း ၅ ယောက်ပေါ့၊ သွားရတဲ့ နေရာက Grimsby မြို့နားက Cleethorpe ဆိုတဲ့ ကမ်းခြေမြို့ကလေးကိုပါ။ အဲဒီမြို့မှာနေတဲ့ ဦးရီးတော် မိတ်ဆွေရဲ့ ဆွမ်းကျွေးအလှူဖိတ်လို့ သွားကြတယ် ဆိုပါတော့။ ဦးရီးတော်က အဲဒီအိမ်ကို တခါလား နှစ်ခါလားပဲ ရောက်ဖူးတာမို့ အိမ်အ၀င်နားမှာ လမ်းမမှားအောင် ဂူဂဲလ်မြေပုံကနေ ညကတည်းက သေချာကြည့်ပြီး မှတ်ခဲ့ကြတယ်။ ပရင့်ထုတ်ယူဖို့ရာလဲ ပရင်တာမင်က ကုန်နေတာနဲ့ လမ်းကြောင်းကိုပဲ စာနဲ့ ရေးမှတ်ခဲ့ပါတယ်။ M1, M180, A180 စသဖြင့်ပေါ့ … ။

အိမ်ကစထွက်ပြီး M1 motor way အတိုင်းမောင်းရင်း တော်တော်လေးအကြာ ကားနောက်ခန်းရဲ့ အလယ်တည့်တည့် နေရာမှာ ထိုင်ပြီး လမ်းကြောင်း ရေးမှတ်ထားတဲ့ စာရွက်ကလေးကို ကြည့်လိုက် အဝေးပြေး လမ်းပေါ်က ဆိုင်းဘုတ်တွေကို ဖတ်လိုက် လုပ်နေတဲ့ ကျမကို ဦးရီးတော်က တချက် လှမ်းမေးတယ်။ M18 ကို သွားရမှာလားတဲ့။ ကျမက သေချာအောင် စာရွက်ဖတ်ကြည့်တော့ M18 ဆိုတာ မပါဘူး။ M180 ပဲ ပါတာ။ ဒါနဲ့ မဟုတ်ဘူး ပေါ့ … M180 လို့ ပြောလိုက်တော့ ဦးရီးတော်လည်း ဆက်မောင်းပါတယ်။ မောင်းရင်း မောင်းရင်း တဖြည်းဖြည်း ဝေးဝေးလာသလိုပဲ။ တကယ်တမ်းဆို ခရီးက ၂ နာရီခွဲ ၃ နာရီလောက်သာ မောင်းရတဲ့ အကွာအဝေးပါ။

တော်တော်ကြာလာတော့ ကျမက သိပ်မသင်္ကာတော့ဘူး။ အဲဒီတော့မှ လမ်းဆိုင်းဘုတ်တွေမှာ ရေးထားတဲ့ မြို့နာမည်တွေနဲ့ ကားပေါ်မှာပါလာတဲ့ လမ်းပြမြေပုံစာအုပ်ကြီး ထုတ်ပြီး တိုက်ကြည့်တော့ တော်တော်လေးကို လွန်နေပါပြီ။ ဒါကြောင့် ကျမလည်း “အပေါ်တော်တော်ရောက်နေပြီ ထင်တယ်နော်” … လို့ ဦးရီးတော်ကို ပြောတော့ “သွားရအုံးမှာ … လိုသေးတယ်” တဲ့ … ။ M180 မှ မတွေ့သေးတာလေ … ။ အဲဒီလိုနဲ့ ဆက်မောင်းရင်း တဖြည်းဖြည်း ဝေးလာလိုက်တာ Teeside ဆိုတဲ့ မြို့ကို ညွှန်ထားတဲ့ ဆိုင်းဘုတ်တွေ တွေ့လာရတယ်။ ဒီတော့မှ ဦးရီးတော်လည်း လမ်းမှားလာပြီလို့ ဆိုပြီး ပြန်လှည့်ဖို့ ကြိုးစားပါတော့တယ်။

Motor way မှာ နောက်ကို ပြန်လှည့်ချင်တိုင်းလည်း လှည့်မရပါဘူး။ လှည့်လို့ရတဲ့ တနေရာအရောက် ကွေ့ပြီး motor way ပေါ် ပြန်တက်ဖို့ လုပ်တော့ motor way ပျောက်သွားပြီး တောလမ်းထဲ ရောက်သွားတယ်။ တောလမ်းထဲမှာ တလည်လည်နဲ့ နောက်ဆုံးကျမှ York သို့ ဘယ်နှစ်မိုင် ဆိုပြီး ညွှန်ပြထားတဲ့ ဆိုင်းဘုတ်ကို တွေ့ပါတယ်။ York ကို ဦးတည်သွားရင်တော့ မမှားလောက်ဖူးဆိုပြီး အဲဒီအတိုင်း သွားကြတယ်။ York လဲရောက်ရော မြို့ထဲကပတ်ရင် traffic မိမှာစိုးလို့ မြို့ပြင်ကပတ်တော့ လမ်းပြင်တာနဲ့ တိုးနေပြီး ကားက ဘီးလိမ့်ရုံသာ တလမ့်လိမ့်သွားရင်း တမိုင်ခရီးကို ၄၅ မိနစ်လောက် ကြာသွားပါလေရော … ။

အလှူအိမ်ကလူတွေလည်း စိတ်ပူလို့ ဖုန်းတွေဆက်ကြဘာကြနဲ့ အားလုံးလည်း ဗိုက်တွေဆာနေကြပါပြီ။ ခါတိုင်း အလှူအတန်းသွားရင် ဘယ်တော့မှ လက်ချည်း မသွားကြပါဘူး။ ဟင်းတမျိုး နှစ်မျိုးဖြစ်ဖြစ်၊ အချိုပွဲအတွက် မုန့်ဖြစ်ဖြစ် သယ်သွားနေကြပေမဲ့ ဒီတခါကျတော့ အလှူ့ရှင်တွေက တရုတ်ဆိုင်က အော်ဒါမှာပြီး ကျွေးမယ်ဆိုတာနဲ့ ဘာမှ ချက်မလာခဲ့ကြဘူး။ ချက်လာလည်း ဘုန်းကြီးပွဲ မီမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တော့ မငတ်ဘူးပေါ့လေ။ အခုတော့ … ပါလာတဲ့ အချိုရည်လေး ထုတ်သောက်၊ သကြားလုံးလေး ချောကလက်လေး မြုံ့နဲ့ … နောက်ဆုံး ရောက်သွားချိန်မှာတော့ နေ့လည် ၂ နာရီ ခွဲနေပါပြီ။

(အခုမြေပုံမှာ အနီနဲ့ဆွဲထားတဲ့ လမ်းကြောင်းအတိုင်း သွားနေတာပါ။ တကယ်တမ်းက အပြာလမ်းဘက်ကို လိုက်ရမှာ။)

အလှူအိမ်ရောက်တော့ ဘုန်းဘုန်းတွေတောင် ပြန်ကြွသွားပါပြီ။ ကျမတို့လည်း ခဏနား၊ စားသောက် (အဆာ*လွန်သွားလို့ သိပ်တောင် မစားနိုင်တော့ဘူး) စကားစမြည်ပြောပြီး သကာလ ညနေ ၄ နာရီလောက်မှာ ပြန်ကြဖို့ ပြင်ပါတယ်။ ၄ နာရီပြန်မှ ၆ နာရီခွဲ ၇-နာရီ ရောက်မှာ။ စောစောရောက်တော့ စောစောနားရတာပေါ့ ဆိုပြီး အိမ်ရှင်တွေကို နှုတ်ဆက်ကာ ပြန်ကြတယ်။
***
အပြန်လမ်းတော့ အေးအေးဆေးဆေးပါပဲ …. ဆိုပြီး ပါလာတဲ့ မာမာအေး သီချင်းလေးတွေဖွင့် ပြန်အလာ … M1 ပေါ်မှာပဲ junction 30 နဲ့ 31 ကြားမှာ traffic နဲ့ တိုးပါလေရော။ ဆိုင်းဘုတ်မှာလဲ ပြထားတယ်။ လမ်းကြော ၃-ခုမှာ ၂ ခုပိတ်တယ်။ အနှေးဆုံးမောင်းရတဲ့ ဘယ်ဘက်လမ်းကြော တခုပဲ ဖွင့်သတဲ့။ ဒါနဲ့ ဖွင့်တဲ့ လမ်းကြောကို ယူပြီး တရွေ့ရွေ့ ဘီးလိမ့်ရုံ မောင်းနေရတော့တာပဲ။ အဲ … ပိတ်တယ်ဆိုတဲ့ လမ်းကြောနှစ်ခုက ကားတွေကတော့ တ၀ီးဝီးနဲ့ မောင်းနေလိုက်ကြတာ။ နောက်မှ သိရတာက ဖွင့်တဲ့ဘက်ပဲ ကားတွေက တန်းစီကြတော့ အဲဒီလမ်းကြောက နှေးသွားတယ်။ ပိတ်တဲ့ဘက်က ကားတွေကတော့ ရှေ့ရောက်မှ အတင်း ၀င်တိုးကြတာ … ရန်ကုန်က ဘတ်စ်ကားကြီးတွေလိုပေါ့ … “တစီးလောက် အကိုရေ” … လို့ ပြောသာမပြောတယ် … လက်ကလေးပြပြပြီး တိုးတာပါပဲ။

ကိုယ်ကတော့ ပုံမှန်တန်းစီတော့ တော်တော်လေးနှေးပါတယ်။ junction 31 ကို လွတ်ဖို့ ၁ နာရီလောက် တန်းစီလိုက်ရပါတယ်။ ဒါနဲ့ ၁ နာရီ သာသာ ဘီးလိမ့်ပြီးတဲ့နောက် လွတ်သွားပြန်တယ်။ လွတ်သွားတော့လဲ ကားက မြားကလေးပြေးသလို မြန်လိုက်တာ ပြောမနေပါနဲ့။ အိမ်ရောက်ချင်ပြီလေ။ အဲဒီလို သွားနေရင်း တခါ congestion ဆိုတဲ့ ဆိုင်းဘုတ် တွေ့ပြန်ရော။ ရှေ့တမျှော်တခေါ်ကို ကြည့်လိုက်တော့ ဘာမှလဲ ပိတ်ခြင်း ဆို့ခြင်း မမြင်ဘူး။ ကားတွေလဲ တ၀ီးဝီး ပြေးနေကြတယ်။ အစကတော့ ဦးရီးတော်က M1 ကနေ လွှဲပြီး တခြားလမ်းဘက်က သွားမလို့ဘဲ။ ဒါပေမဲ့ မျက်စိတဆုံး ဘာမှ ပိတ်မနေတော့ risk ယူပြီး သွားကြည့်မယ် ဆိုပြီး M1 ကိုပဲ ဆက်သွားလိုက်တဲ့အခါ …. ။

junction 29 နဲ့ 28 ကြားမှာ တရွေ့ရွေ့ တန်းစီနေတဲ့ ကားတွေထဲ ကိုယ့်ကားရောက်သွားတယ်။ accident ဖြစ်လို့တဲ့။ အဲဒီအချိန်မှာတော့ နောက်လဲ ပြန်ဆုတ်လို့မရတော့ဘူး။ ဒါနဲ့ဦးရီးတော်က ဒီတခါတော့ ညာဘက်ဆုံးက လမ်းကြောကိုပဲ ယူမယ် ဆိုပြီး ညာဘက်ထဲ ၀င်တိုးလိုက်တယ်။ ကိုယ့်ကားလဲ ညာဘက်လမ်းကြော အရောက် ရွေ့နေတဲ့ကားတွေ အားလုံး လုံးဝကို ရပ်တံ့ သွားတော့တာပဲ။ ဘီးကို ဆက်မလှိမ့်နိုင်တော့ပါဘူး။
ရာသီဥတုကလဲ ပူတယ်။ ကားထဲမှာလဲ ဓာတ်ဆီနည်းနေပြီ။ အဲကွန်းကိုပိတ်ပြီး ပြတင်းပေါက်တွေဖွင့် ထိုင်နေကြသေးတယ်။ နောက်တော့ မနေနိုင်တော့ဘူး။ အောက်ကိုဆင်းကြ လမ်းလျှောက်ကြ။ တခြားကားပေါ်က လူတွေလဲ အသီးသီး ဆင်းလို့။ တချို့က ပလက်ဖောင်းပေါ်မှာ အမှတ်တရ စာတွေ ရေးကြတယ်။ ကျမလည်း ကင်မရာလေးထုတ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ပေါ့။ motor way ပေါ်မှာ ခုလို ရပ်ခွင့်ရတုန်းလေး အမှတ်တရ အနေနဲ့လေ။ အချိန်က ညနေ ၆ နာရီ ထိုးလုထိုးခင် … ။

ကျမအမဆီဖုန်းဆက်တော့ သူက အင်တာနက်က ကြည့်ပေးတယ်။ ရှေ့နားမှာ ယာဉ်တိုက်မှုရှိနေသတဲ့။ နောက် … သူပေးတဲ့ ဖုန်းနံပါတ်ကို traffic M1 ဆိုပြီး မက်ဆေ့ခ်ျ ပို့ကြည့်တော့ ည ၁၀ နာရီ ၄၅မှ ပုံမှန် အခြေအနေဖြစ်မယ်တဲ့ … စာပြန်လာတယ်။ ဗုဒ္ဓေါ။ ဒီတိုင်းဆို အိမ်ကို ည ၁၂ နာရီ ကျော်မှ ပြန်ရောက်မယ့်ပုံပဲ။ စားစရာလဲ မပါ။ အချိုရည်လည်း မျှတသောက်ရင်း ကုန်လုပြီ။ တချို့ကလဲ ဆီးသွားချင်ကြသေးတယ်။ ယောက်ျားလေးတွေကတော့ ပေါက်တော ဆိုပြီး လမ်းဘေးချုံတွေထဲ ဆင်းသွားကြတာပဲ။

ကျမ အမလဲ လူကြီးတချို့ က ဆီးချိုရှိတဲ့သူပါတော့ စိတ်ပူလို့ service နဲ့ နီးရင် နင် လမ်းလျှောက်ပြီး စားစရာ တခုခု သွားဝယ်လိုက်တဲ့ … ညွှန်ကြားရှာတယ်။ service ကလဲ လွန်လာတာ ၃-၄ မိုင်လောက် ရှိမယ်ထင်တယ်။ ဘယ်လိုလုပ် သွားနိုင်မှာလဲ။ မသွားပါဘူး။ ငတ်ခါမှ ငတ်ရော။ ဥပုသ်တောင် စောင့်နိုင်သေးတာပဲ မသေနိုင်ပါဘူးလို့ သဘောထားပြီး ပေနေလိုက်တယ်။ ရှေ့မှာတော့ tesco က ကားကြီးမြင်နေရတယ်။ သွားပြီး ၀ယ်ကြည့်ရင်လဲ ရမယ်မထင်။

ဒီလိုနဲ့ လမ်းပေါ်မှာပဲ ဟိုဟိုဒီဒီ လမ်းသလားလိုက် ကားပေါ်ပြန်ထိုင်လိုက် မက်ဆေ့ခ်ျတွေပို့ပို့ ပြီး update လုပ်လိုက်နဲ့ ကျမ ဂနာမငြိမ် ဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ ည ၈ နာရီ ကျော်လာပါပြီ။ နောက်ဘက်ခပ်လှမ်းလှမ်းက ကားတစီးနားမှာ မွတ်ဆလင် လူမျိုးတစုကတော့ အ၀တ်ကလေးခင်းပြီး သူတို့ အလ္လာကို ထိုင်ကန်တော့နေကြတယ်။ ကျမတို့လည်း ပုဝါလေးတွေ ပခုံးပေါ်တင်ပြီး ရွှေတိဂုံဘုရားရှိရာ မှန်းပြီး ရှိခိုးရကောင်းမလားပေါ့ … ။

နောက်ဆုံး မက်ဆေ့ခ်ျကို update လုပ်တော့ ၈ နာရီ ၄၅ မှာ ပုံမှန် ဖြစ်မယ်တဲ့။ အားလုံး ၀မ်းသာသွားကြတယ်။ ဒီလိုနဲ့ ည ၈ နာရီ ၄၅ မှာ အားလုံးကားပေါ် ပြန်တက်ပြီး ခရီးဆက်ခဲ့ကြပါတယ်။ ယာဉ်တိုက်မှု ဖြစ်တဲ့နားက ဖြတ်တော့ … လမ်းတွေ ဒီလောက်ပိတ်တာ ဘယ်လောက်များ ကြီးကြီးကျယ်ကျယ်လဲ မှတ်တယ်။ ကြည့်ပါဦး ... ကားလေး တစီးထဲရယ်။ အဲဒါကိုပဲ ပေကြိုးတိုင်း၊ ဓာတ်ပုံရိုက်၊ လမ်းတွေပိတ်နဲ့ … လူတွေ ဒုက္ခရောက်လိုက်ကြတာ။ traffic warning sign ကို ပြတာလဲ အလွန်ညံ့ပါတယ်။ ကြိုမပြဘဲ အနီးကပ်မှ ပြတော့ လွန်နေပြီ။ alternative way ကို ရွေးလို့မရတော့ဘူးပေါ့။

ကျမတို့လည်း အသွားကတည်းက တခါမှားတိုင်း သင်ခန်းစာ ၁-၂ ဆိုပြီး ပြောလာလိုက်တာ သင်ခန်းစာ အမှတ် ဘယ်လောက် ရောက်သွားမှန်းကို မသိကြတော့ဘူး။ နောက်ဆုံး ယူလိုက်တဲ့ risk ကတော့ အတော်ကြီးတဲ့ risk ပါပဲ။ ဒီလိုနဲ့ M1 ကို ကြောက်သွားပြီး A လမ်းတွေကပဲ ကွေ့ပတ် ရောက်အောင် သွားရင်း အိမ်ပြန်ခဲ့ကြတယ်။
***
ပြီးခဲ့တဲ့ စနေနေ့ (၄၊ ဇူလိုင်) ကတော့ Wales က Cardiff ဆိုတဲ့ မြို့ကို သွားဖြစ်ကြတယ်။ အဲဒီ မိသားစုနဲ့ပါပဲ။ ဒီတခါတော့ မမှားရအောင် လမ်းကြောင်းကိုလဲ သေချာကြည့် သေချာမှတ်ခဲ့ရတယ်။ စားစရာ သောက်စရာလဲ အပြည့်အစုံယူခဲ့ကြတယ်။ ကျမအမက စိတ်ပူပြီး အထပ်ထပ် မှာနေပေမဲ့ ကျမကတော့ စိတ်သိပ်မပူတော့ပါဘူး။ ဒီတခါ ထပ်ပြီး မမှားတော့ဘူးလို့ ယုံကြည်ထားပါတယ်။ ယုံကြည်ထားတဲ့အတိုင်းလဲ ထပ်မမှားအောင် ဂရုစိုက်ခဲ့တယ်။ အမှားဆိုတာ တခါဖြစ်ပြီးရင် ပုံစံတူ အမှားမျိုး ထပ်ဖြစ်ဖို့ ခဲယဉ်းတယ် မဟုတ်လား။
***
မေဓာဝီ
၈၊ ဇူလိုင်၊ ၂၀၀၉
၁၀း၄၀ နာရီ

မှတ်ချက်။ ။ အဆာလွန်နှင့် အစာလွန် စာလုံးပေါင်း အမှားပြင်ထားပါသည်။ ကွန်မန့်ထဲတွင် အမှားထောက်ပြ ပေးသော ck အား ကျေးဇူးတင်ပါသည်။

7 comments:

PAUK said...

မမေရေးတာဖတ်ပြီးး စိတ်မောလိုက်တာ။။
ကျနော်ကတော့ ၄နာရီ ခရီးကို ၈နာရီစီးဖူးပါတယ်။။ ဘတ်စ်နဲ့ပါ ။။
ကျနော့်အတွက်တော့ ပုံစံတူ အမှားလဲ
ဆက်လက်မှားတတ်ပါသေးတယ် ။။

ရွက်လွင့်ခြင်း said...

မဟာကံထူးရှင်ပါ
Express way ပေါ်မှာတော်တန်ရုံလူ ဓါတ်ပုံ တက်ရိုက်လို့  မရပါဘူး
နောက်သွားသည်.........:)

ck said...

(အစာလွန်သွားလို့ သိပ်တောင် မစားနိုင်တော့ဘူး)ဆိုတာမှာ
အဆာလွန်သွားလို့ လို့များ ဆိုလိုသလားပဲ။

ck said...

(အစာလွန်သွားလို့ သိပ်တောင် မစားနိုင်တော့ဘူး)ဆိုတာမှာ
အဆာလွန်သွားလို့ လို့များ ဆိုလိုသလားပဲ။

ကိုလူထွေး said...

တကွေ့တပတ်ကြီးစီးလိုက်ရမှာပေါ့...

းဝ)

Thet Oo said...

ယူကေရောက်နေတော့လည်း ဘိုလို ညှပ်ရေးတာတွေ အကျင့်ပါလာပြီပေါ့။ တချို့စကားလုံးတွေက မြန်မာလို ရေးလို့ရနေလျှက်နဲ့ ဘိုလိုတွေချည်း မှုတ်နေပါလား။

Anonymous said...

why didn't buy navigator?it's not that much expensive.