အမှန်တရားဟာ … ခါးသီးသတဲ့ …
ဒါနဲ့ …
ချိုမြိန်တဲ့ အမှားတွေကို
မက်မောစွာ စားသုံးရင်း …
အမှားများနဲ့ ကြီးပြင်းခဲ့တယ် … ။
အမှားတွေထဲမှာ
အမှားကို အမှားမှန်း မသိတဲ့ အမှားက
အကြီးဆုံး အမှား တဲ့ …
ဒါကြောင့်များလား
အမှားကို အမှားမှန်း သိလျက်နဲ့
မှားပြီးရင်း ဆက်ဆက် မှား
ကြာလာတော့ …
အမှားတွေထဲမှာ နွံနစ်
ရုန်းထွက်ပစ်ဖို့လည်း
မစဉ်းစားဖြစ်တော့ …
အမှားများနဲ့သာ ယဉ်ပါး
အမှားများနဲ့သာ ပျော်ရွှင်
အမှန်ကိုလည်း မမြင်မိတော့ … ။
အမှားတွေက သကာရည်လို
ချိုတော့ ချိုမြိန်လှပါရဲ့ …
ဒါပေမဲ့ …
အဲဒီ သကာရည်တွေမှာ
အဆိပ်တွေ ပါနေတယ်ဆိုတာ
အစက မသိခဲ့မိဘူး … ။
နောက်ဆုံးတော့ …
ခန္ဓာကိုယ်တခုလုံး
အဆိပ်တွေ ဖုံးလွှမ်းသွား
ခံစားရ ခက်လွန်းတော့မှ …
ကိုယ့်ကိုယ်ကိုယ် သတိထားကြည့် …
ငါဟာ အဆိပ်မိနေပြီလား … ။
သေချာပါတယ် …
အမှားဆိပ်သင့်နေပြီ
ဟဒယဆီထိ တိုင် …
ကုစားနိုင်မယ့်ဆေးလည်း …
လက်တွေ့မှာ ဝေးလွန်းလှပါရဲ့ … ။
ဒီလိုနဲ့ …
အဆိပ်သင့်နေလျက်က
အဆိပ်တွေကိုသာ လိုချင်
အဆိပ်တွေကိုပင် တမ်းတ
ငါဟာ … အန္ဓ တယောက်ပါလား … ။
***
မေဓာဝီ
၁၃၊ ဒီဇင်ဘာ၊ ၂၀၀၇
နေ့လည် ၂ နာရီ ၀၅ မိနစ်
Subscribe to:
Post Comments (Atom)
3 comments:
Excellent Creation. I feel the same. You know but you have no way out of this life. However, one day...will come ..but..when?
အမ ရေ ..
ဒီကဗျာကို ကဗျာတပုဒ်အနေနဲ့ အရမ်းကြိုက်ပါတယ် ။
ဒါပေမယ့် လက်တွေ့ ယုံကြည်ချက်အရ ပြောရမယ်ဆိုရင် .. ဘ၀မှာ လူဆိုတာ အမှားဆိုတာကြီးကို သိပြီး ၊ ဆက်လျှောက်နေမယ်ဆိုရင် လူညွန့်တုံးနေသလိုပဲလို့ ဂျစ်တော့ မြင်မိတယ် ။
အမှားဆိုတာ အဆိပ်ဖြစ်ခဲ့မယ်ဆိုရင် ၊ အဲဒီအဆိပ်ဖြေဆေးကို တီထွင်နိုင်သူဟာ ကိုယ်ကိုယ်တိုင်ပဲလို့ ဂျစ်ယုံကြည်ထားပါတယ် ။
ဂျစ်ကဗျာတပုဒ်မှာရေးဖူးတဲ့ ..
“အလွမ်းဆိုတာ
စာရွက်ပေါ်ရေးချရင် သိပ်လှတာပဲ ။”
ထိုနည်းတူ ...
“အမှားဆိုတာ
စာရွက်ပေါ်ရေးချရင် သိပ်ေ၀၀ါးတာပဲ ။”
ဒါပေမယ့် တကယ့်လက်တွေ့ မှာ အလွမ်းဟာ ဘယ်တုန်းကမှ မလှခဲ့သလို ၊ အမှားဟာလည်း ရှင်း၂လင်း၂ ရှိနေတာပါ ။ ဒါကို လူသားတွေက မမြင်ချင်လို့ မမြင်ခဲ့ကြတာလို့ သုံးသပ်မိပါတယ် ။
ဒါကြောင့် တချို့ နေရာတွေမှာ စကားလုံးတွေရဲ့ အငွေ့ အောက် မနစ်မျောသွားဖို့ ကိုယ့်ဘာသာ အမြဲဆုံးမမိပါတယ် ။
ကိုဝေတိုးက ခံစားချက်ခြင်း တူတယ်ဆိုလို့ ကျမ တယောက်ထဲ အဆိပ်သင့်နေတာ မဟုတ်တော့ဘူး ... အဖော်ရှိသွားပြီပေါ့။
ညီမလေး ဂျစ် ပြောတာ သိပ်မှန်ပါတယ်။ ရှင်းရှင်းလင်းလင်း ရှိနေတဲ့ အမှားကို မမြင်ချင်လို့ မမြင်ခဲ့ကြတာ ... ဒါကြောင့်လည်း အန္ဓ လို့ ဆိုထားတာပေါ့။
အင်း ... အဆိပ်ဖြေဆေးကို ကိုယ်ကိုယ်တိုင်ကသာ တီထွင်နိုင်တယ် ဆိုတာလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ... အဆိပ်ကို အဆိပ်နဲ့ ပြန်ဖြေနေရမှာပဲ စိုးမိပါတယ်။ နောက်တခုက ဆေးယဉ်သွားပြီး ဆေးမတိုးတော့ရင် ဒုက္ခ... ။
ကွန်မန့်တွေအတွက် ကျေးဇူးပါ ... ။
Post a Comment