ထိုနေ့က လေကို တ၀ကြီး စတင် ရှူရှိုက်ခဲ့ရသည်။
ထိုနေ့က ကြောက်လန့်တကြား ငိုကြွေးခဲ့ရသည်။
ထိုနေ့က အလင်းရောင်ကို စတင် မြင်တွေ့ခဲ့ရသည်။
ထိုနေ့က နွေးထွေးသော လက်များဖြင့် ကမ်းလင့် ကြိုဆိုခြင်း ခံခဲ့ရသည်။
ထိုနေ့က အမေ့မေတ္တာရည်ကို သောက်သုံးခဲ့ရသည်။
ထိုနေ့က အမေ့ရင်ခွင်ထဲမှာ အပူအပင်ကင်းစွာ အိပ်စက် နားနေခဲ့ရသည်။
ထိုနေ့က …
ဤလောကကြီးထဲသို့ … သူ တယောက်ထဲ …
ယောင်လည်လည်နှင့် ရောက်လာခဲ့ပါသည်။
***
အမေကတော့ နာကျင်နေပေလိမ့်မည်။
တနည်းအားဖြင့်လည်း ၀န်ထုပ်ဝန်ပိုးတခု လျော့သွားသဖြင့် ပေါ့ပါးနေပေလိမ့်မည်။
သို့ပေမဲ့ အမေဟာ ဒီဝန်ထုပ်ဝန်ပိုးကြီးကို သယ်ဆောင်ထားစဉ် တလျှောက်လုံးမှာ လည်း နှစ်သက်မြတ်နိုးစွာ ယုယတွယ်တာစွာ သယ်ဆောင်ထားခဲ့လေသည်။
ဒီဝန်ကို သယ်ဆောင်ချိန် ကုန်ဆုံးသည့် ထိုနေ့မှာ အမေ့အတွက် ကြုံနိုင်သည့် အသက်အန္တရာယ်ကိုပင် မမှု … ချွေးစက် … သွေးစက် … မျက်ရည်စက်တွေနှင့် … ၀န်တာတခုအတွက် အမေ တာဝန်ကျေခဲ့၏။
ကျေးဇူးကြီးမားလွန်းသော အမေ့ကို ရှိခိုး ဦးချ ကန်တော့လိုက်ပါသည်။
***
အမေ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်စ ကွမ်းသီးလုံးခန့်ပမာဏအရွယ်မှာ အဖေက သူ့ကို စမ်းကြည့်ခဲ့ဖူးသည်တဲ့။
“သမီးလေးကို ကွမ်းသီးလုံးလောက် အရွယ်ကတည်းက အဖေက စမ်းကြည့်ပြီး ချစ်နေတာ”
အဖေမကြာခဏ ဤသို့ပြောလေ့ရှိ၏။ အဖေက အမေ့ကို ပရိတ်ရွတ်ပေးသည်။ အမေ့ကို ရွတ်ရင်း သူ့ထံသို့ပါ အဖေ့ရဲ့ ပရိတ်စက်က ကျရောက်စေခဲ့သည်ပဲ။ အဖေ့ရဲ့ မေတ္တာက သူ့အပေါ် လွှမ်းခြုံနွေးထွေး အန္တရာယ်တွေ ကင်းဝေးစေပါ၏။
ကျေးဇူးရှင် အဖေ့ကို ဦးညွှတ်ကန်တော့လိုက်ပါသည်။
***
“ဘာလေးလဲ …”
“မိန်းကလေး”
“ဟင်……….”
အမေက ဟင်ခနဲ ဖြစ်သွားသည်။ သမီးမိန်းကလေး နှစ်ယောက်မွေးပြီးသားမို့ နောက်တယောက်ကိုတော့ ယောက်ျားလေးဖြစ်စေချင်ပြီ။ မိန်းကလေးချည်းပဲ ဖြစ်လာပြန်တော့ အမေက ‘ဟင်’ တော့သည်။ သူသည် အမေ့ဆန္ဒကို မွေးစ ကတည်းကပင် မဖြည့်ဆည်းပေးနိုင်သည့် သူတဦးပါပေ။
သိသိချင်း သူ့ကို ဟင် ခဲ့သည့် အမေက ရင်ခွင်ထဲမှာ ထည့်ထားပြီး မေတ္တာရည် တိုက်ကျွေးစဉ်မှာတော့ ငုံ့ကြည့်လို့မ၀နိုင်အောင် ဖြစ်ခဲ့ရသည် ... တဲ့။
(အမေ့မေတ္တာကို အကြွင်းမရှိ ယုံကြည်ပါတယ် အမေ … )
***
ဒုတိယ အမမွေးတုန်းက ၁၀ ပေါင်ရှိသည်။ အမေ့ဗိုက်ထဲမှာ အမကကြီးကြီးမားမား နေလာရတော့ သူ့အလှည့်ရောက်သည့်အခါ ၀မ်းဗိုက်ထဲမှာ ချောင်ကလောင် ဖြစ်နေသလားတော့မသိ။ ဗိုက်ထဲမှာ ကန့်လန့်ဖြစ်ဖြစ်သွားလို့ ပြန်ပြန်လှည့်ပေး နေရသည်ဟု အမေပြောပြသည်။
“မမွေးခင် ဗိုက်ထဲမှာကတည်းက ကန့်လန့်နေခဲ့တာ … အခုထိလည်း ကန့်လန့်ပဲ”
အမေက သူ့ကို သည့်နှယ် အမြဲပြောလေ့ရှိ၏။ ပြောလည်း ပြောချင်စရာပင်။ အိမ်သားတွေနှင့် ဘယ်တော့မှ သဟဇာတမဖြစ်သည့် သူဟာ ပြောသမျှ လုပ်သမျှ အမြဲ ကန့်လန့်တွေချည်းသာ။
***
“တခြားသားသမီးတွေ ကိုယ်ဝန်ရှိတုန်းက ချဉ်ခြင်းတပ်တာ ကမ္ဗလာသီးတို့ မာလကာသီးတို့၊ သူ့ကျမှ … ကွမ်းယာတဲ့… ကုလားများ ၀င်စားသလား မသိဘူး”
တကယ်တော့ ကွမ်းယာချဉ်ခြင်းတပ်ခြင်းဟာ ပိုက်ဆံအကုန်အကျ သက်သာပြီး ၀ယ်ရတောင် လွယ်သေးသည်ပဲ။ ဒုတိယအမတုန်းက မာလကာသီးချဉ်ခြင်း တပ်လို့ မာလကာသီးရှားနေတဲ့ အချိန်မှာတောင် မရ ရအောင် ၀ယ်စားခဲ့ရသည်လို့ အမေက ပြောပြပါသည်။
အမ ၂-ယောက်နှင့်စာလျှင် သူ၏ချဉ်ခြင်းက ဖိုးနည်းဝန်ပါပင် မဟုတ်လား။ အမေ ကျေနပ်သင့်ပါသည်။
***
အမေ့ကို စတင်မှတ်မိတော့ အမေ့ရဲ့ ကျွဲကော်ကိုင်းမျက်မှန်၊ မျက်မှန်အောက်က စူးရှတဲ့ မျက်လုံးတွေ၊ မျက်လုံးအောက်မှာ မျက်ရည်ခံမှည့်နက်ကြီးတလုံး။ နူးညံ့မှု သိပ်မရှိပေမဲ့ နွေးထွေးသည့် အမေ့ လက်ချောင်းများ … ။
မနက်မိုးလင်းလို့ အိပ်ရာထထချင်း အမေ့ကို မတွေ့လျှင် အားငယ်ပြီး ငိုချင်မိ၏။
“အမေ … ဘယ်မှာလဲ… အမေ …. ”
“အမေ ဒေါ်ထင်မေ ဘယ်ရောက်တွားရဲ တိဝူး …”
စကားပြောတတ်သည့် အရွယ်မှာ အိပ်ရာကနိုးသည်နှင့် ထိုသို့ မပီကလာ ရေရွတ် ကာ ငိုမဲ့မဲ့ဖြင့် အမေ့ကို ရှာဖွေခဲ့သည်။ ထိုစဉ်က ညီအမ ၃-ယောက်စလုံး အမေ့ကို နာမည် အပြည့်အစုံ တခါတလေ ခေါ်လေ့ရှိကြပါသည်။
***
စီးကရက်နှင့် ပေါင်ဒါ ရောပြွမ်းသော အနံ့ရလျှင် အဖေပြန်လာပြီဟု သိနေပြီ။ တနေကုန် အလုပ်သွားနေသည့် အဖေ့ကို သိပ်ခင်တွယ်၏။ အဖေ သီချင်းဆိုပြမှ၊ အဖေပုံပြောပြမှ၊ အဖေချီမှ ကျေနပ်လေ့ရှိသည်။ အဖေ့ကို မှတ်မိနေတာကတော့ အဖေ့ရင်ခွင်ထဲမှာ အိပ်နေရင်း မော့ကြည့်လျှင် အဖေ့ရဲ့ နှာခေါင်းပေါက်ကြီးကို မြင်ရသည်။ အဖေ့နှာခေါင်းပေါက်က ပဲစေ့ကြီးနဲ့ တူလိုက်တာဟု တွေးမိသလို အဖေ့ကိုလဲ ပြောမိ၏။ အမေနှင့် မတူသော အရာတခုလည်း အဖေ့မှာ ထူးခြားစွာ ရှိနေပြန်သည်။ အဲဒါကတော့ ရေသောက်လိုက်တိုင်း စကားပြောလိုက်တိုင်း တလှုပ်လှုပ် ဖြစ်နေတတ်သည့် အဖေ့ လည်ပင်းက လည်စေ့ကြီး။
“အဖေ … အဲဒါ ဘာကြီးလဲ”
“လည်စေ့ကြီးပေါ့”
“အဖေ ရေသောက်တာများရင် လည်စေ့ကြီးကနေ လည်ပင်ကြီး ပေါက်လာမှာ လား ဟင်”
အစေ့မှ အပင်ပေါက်တတ်သည်ကို သိပြီးနောက် အဖေ့တွင် လည်ပင်ပေါက်မှာ စိုးရိမ်ခဲ့ပြီး မိုးလင်းတိုင်း အဖေ့ဦးခေါင်းကို ကြည့်မိသည်။ လည်ပင်ကြီးပေါက်ပြီး အဖေ့ ခေါင်းပေါ်က ထွက်လာမှာလားဟု စိတ်ထဲ ထင်နေမိသည်ကိုး။
***
အိမ်မှာ အငယ်ဆုံးအဖြစ် ၅ နှစ်ကျော် ၆ နှစ်နီးပါး အလိုလိုက်ခံပြီး နေခဲ့ရသည်။ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးများ … အကို၊ အမ ၀မ်းကွဲများ ကြားမှာ အားလုံး၏ ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းကို ခံခဲ့ရသည်။ ထိုထိုသူများ၏ စောင့်ရှောက်မှု ဖေးမမှုများ … သင်ကြားပေးမှုများသည်လည်း သူ့အတွက် အထောက်အကူများ ဖြစ်ခဲ့ရပါ၏။ ဒါကြောင့် ကျေးဇူးရှိသူများအားလုံးကို လေးစားစွာ ဂါရ၀ပြုလိုက်ပါ သည်။
***
ကျေးဇူးရှင် နောက်တဦးကတော့ သူ၏ ချစ်လှစွာသော အဖိုး (အမေ့အဖေ) ဖြစ်၏။
အဖိုးက မြေးတွေထဲမှာမှ သူတို့မောင်နှမတွေကို အရေးအပေးဆုံး အချစ်ဆုံး အလိုလိုက်ဆုံး ဖြစ်သည်။ သူတို့ကလည်း အဖိုး၏ ဝေယျာဝစ္စမှန်သမျှ မငြီးမငြူ စေတနာသန့်သန့်ဖြင့် လုပ်ပေးနေကျပင်။ (တခါတလေတော့ ငြီးငြူမိတာကို ၀န်ခံပါသည်။)
ထိုနေ့ကို အဖိုးရဲ့ အိပ်ဆောင်ဒိုင်ယာရီထဲတွင် ခုလို ရေးထားသည်ကို ဖတ်ခဲ့ရဖူး သည်။
“မနက် ၇ နာရီ …
မိုးဖွဲဖွဲရွာနေသည်။
သမီး မခင်မေ မီးဖွားရန် မြရတနာသို့ သွားသည်။
မိန်းကလေးမွေးဖွားသည်။ မိခင်ရော ကလေးပါ ကျန်းမာ၏။”
တခြား မြေးတွေ မွေးဖွားသောနေ့ကို အဖိုးမှတ်ထားမထား သူ မသိပါ။ ထိုနေ့ကို တော့ အဖိုးမှတ်ထားသည်ကို မှတ်မှတ်ရရ ဖတ်ခဲ့မိသည်။
အဖိုးရဲ့ အရိပ်အာဝါသအောက်မှာ ခုထိ (အဖိုးမရှိတော့သည့်တိုင်) ခိုလှုံနေထိုင်ခွင့် ရသည့်အတွက် အဖိုးကို အောက်မေ့သတိရစွာ ကန်တော့လိုက်ပါ၏။
***
ထိုနေ့သည် မိုးဖွဲဖွဲရွာနေသော စနေနေ့ တနေ့ဖြစ်သည်။
ထိုနေ့သည် သူ့ဘ၀၏ ပထမခြေလှမ်းစတင်သည့် နေ့တနေ့ ဖြစ်သည်။
ထိုနေ့သည် သူ၏ ငိုကျွေးခြင်း စတင်သည့်နေ့လည်း ဖြစ်သည်။
ထိုနေ့သည် ဒုက္ခ သုခများကို မြည်းစမ်းရန် …. ကံကြမ္မာနှင့် စီးချင်းထိုးရန် စတင် အခွင့်ရရှိခဲ့သည့်နေ့ဖြစ်သည်။
ထိုနေ့သည် ….
သူ မွေးဖွားခဲ့သော နေ့တနေ့ပင် ဖြစ်ပေတော့သည်။
***
ကျေးဇူးရှင်အပေါင်းအား … ရိုသေစွာ ဦးညွှတ် ကန်တော့လျက် …
မေဓာဝီ
၂၁ သြဂုတ် ၂၀၀၇
နံနက် ၄ နာရီ ၅၀ မိနစ်

16 comments:
ထိုနေ့မှာ ပျော်ရွင့်မှု အပေါင်းနဲ့ ပြည့်စုံတဲ့ မင်္ဂလာရှိသောနေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊ ထိုနေ့မှသည် နှစ်ပေါင်းရာကျော် ရှည်ပါစေသော်။

HAPPY BIRTHDAY !!
Ma May,
Today is beautiful just like you.
We know today is the greatest day among though all other days in calendar.
:D
ပျော်ရွှင်သောမွေးနေ့ပါ မမေ ဒါနဲ့ မွေးနေ့ကိတ်ဘယ်မှာလာစားရမလဲနော်.. :)
စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ စာတွေ အများကြီးရေးနိုင်ပါစေ ချစ်ခင်တဲ့သူတွေနဲ့ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနေရပါစေ လို့ နော်
Happy Birthday May!
I never forget your birthday because your birthday is just two days after my son's birthday. My son is 3 yrs old now.
Wish all the best for you!
with many loves,
khine
happy birthday ma maydarwii...
ryan
မမေ … ကြည်နူးဘို့ကောင်းတဲ့ ပို့စ်တစ်ခုကို မွေးနေ့မှာ ရေးဖြစ်ခဲ့တဲ့မမေအတွက်….မမေ နဲ့ထပ်တူ ပျော်ရွှင်မိပါတယ်။
မမေ... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ..
ကွန်မန့်ထဲမှာ မွေးနေ့ဆုတောင်းပေးကြသူ ...
အီးမေးလ်ဖြင့် ဆုတောင်းပေးကြသူ...
ဘလော့မှာ ပို့စ်တင်ပြီး ဆုတောင်းပေးသူ ...
ထိုထိုသူ အပေါင်းအား ... ကျေးဇူးအထူး တင်ရှိပါတယ်ရှင် ... ။
ဆုတောင်းခြင်းများနှင့်လည်း ပြည့်စုံရပါလို၏ လို့ ကျမက ထပ်မံဆုတောင်းလိုက်ပါတယ် ... ။
မေတ္တာဖြင့် ...
မေဓာဝီ ...
၂၁ သြဂုတ် ၂၀၀၇
ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေ..မမေရေ...
ပညာရေးဒါနများလည်း..ဆထက်ထမ်းပိုး ဆက်လက်ဖြန့်ဝေနိုင်ပါစေ..
မမေ…
ပေးထားတဲ့ဆုတောင်းခြင်းများနဲ့ ပြည့်စုံရပါလို၏ လို့ ဆုတောင်းထားတာ ပြည့်ပါစေလို့ ထပ်ဆုတောင်းလိုက်တယ်။
အမိဝမ်းကတည်းက စွဲလန်းရသော ကွမ်းယာ
ma may!!
happy birthday =]
love,
tharlikar
ဝေး ... အခုမှတွေ့တယ်။ ဘယ်နှနှစ်တုန်း ... အဟီး ... ချောဒီးချောဒီး ... တစ်ချို့က အသက်မေးရင် မကြိုက်ကြဘူးရယ်။ ရန်ကုန်မှာတုန်းက အိမ်နီးနားချင်းမှန်း မသိလိုက်ရတဲ့ အစ်မကြီး မင်္ဂလာမွေးနေ့ပါ။ နောင် မွေးနေ့ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ချစ်သူခင်သူများနဲ့ အတူတစ်ကွ နေထိုင်ရပါစေဗျာ။
မွေးနေ့ရှင်ရဲ့ ရတုအခါကို
သူ့မှာခန့်မှန်းမိသလောက်တော့
ငွေရတု နဲ့ ရွှေရတု ကြားဖြစ်နိုင်တာမို့
ဘော်ရတုလား… ဒန်ရတုလား တော့မသိနိုင်ပါ…
ဘော်ရတု ဖြစ်ရင်တော့ အဖော်ပြုမဲ့သူနဲ့ မလွဲဧကန်
တွေ့ရပြန်ပါလိမ့်မယ်….
ဒန်ရတုဆိုရင်တော့… အကြံပြုချင်တာက…
သိပ်ပဲများမနေပါနဲ့…
အပျိုကြီးမာန်နဲ့ … တကိုယ်တည်း မကျန်ရလေအောင်…
ဟို… အကိုကြီးကို ပြန်စာပေးလိုက်ပါ….
Ma May.. Happy birthday par :)
May all your wishes come true.
ဆက်ပြီး ကန့်လန့်နိုင်ပါစေး)
ဒါနဲ့ ဂျစ်နဲ့ မွေးရက်တူတယ် အမရေ ။
Happy birth day Ma May,
Post a Comment