တနေ့က ခေတ်ပြိုင်က ဆောင်းပါးခေါင်းစဉ် မှားတဲ့အကြောင်း အဖေ့ကို ဖတ်ပြပြီး နောက်နေ့မှာ အဖေက လယ်တီဆရာတော်ရဲ့ ထေရုပတ္တိကထာစာအုပ် ပေးဖတ် ပါတယ်။ အဲဒီထဲမှာပါတဲ့ လယ်တီဆရာတော်ရဲ့ ဆုံးမစာအချို့ကိုဖတ်ပြီး ကျမကို ဆုံးမနေသလိုခံစားရတယ်။ ဒါနဲ့ ကျမဘလော့မှာ တင်ပြီး သိမ်းထားလိုက်ပါတယ်။
အခုတေးထပ်ကတော့ တော်တော်များများ သိမှာပါ။ “ခက်ပါလှသဘောဉာဏ်” ဆိုပြီး ကျောင်းတုန်းက သင်ခဲ့ရဖူးပါတယ်။ အဲဒီတေးထပ်ဟာ မုံရွာမြို့အနီး ဆားထုံးရွာက အဘိဓမ္မာ မောင်ရောင်နီကို ရေးပေးတဲ့ ပိဋကတ်အစွယ်ချိုး တေးထပ် ဖြစ်ပါသတဲ့။
တပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဉာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား။ စောဒကတုဘက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား။ … ။ ဘုရားဟော မြတ်ဓမ္မက္ခန်ကို၊ တတ်လေဟန် ရောင်ဝါး၊ ပရမတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြသူ့ထက်ငါ။ အသိဉာဏ် တထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။ … ။ ပရိသတ် ထောမနာအောင်၊ စောဒနာဉာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်း မရှောင်၊ ငြင်းကြလူ့ဘောင်။ ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး … ။ … ။
***
နောက်တပုဒ်ကတော့ မုံရွာမြို့မှာ အဘိဓမ္မာတရားနဲ့ပတ်သက်ပြီး အထူးထူးအထွေ ထွေ ကြံစည်ပြောဟော ငြင်းခုံနေကြတာကြောင့် ဆရာတော်ဘုရားကြီးက တပည့် ဖြစ်သူ အဘိဓမ္မာဆရာကြီး တရုတ်တန်းဦးတောက်ကို ရေးသားဆုံးမတော်မူတဲ့ ဧကပိုဒ် လင်္ကာဖြစ်ပါတယ်။
ဆိုပိမ့်ဟုတ်ရာ၊ စေ့စေ့နာလော့၊ သဒ္ဒါပရမတ်၊ မနူးနပ်ဘဲ၊ လူတတ်တဆူ၊ ငါကောဟူ၍၊ အယူထွေဆန်း၊ မရဲလွန်းနှင့်၊ ကျမ်းတဲ့ဂန်တဲ့၊ မရွဲ့စသာ၊ လေးမြတ်ပါမှ၊ ပညာတိုးပွား၊ အကျိုးများလိမ့်၊ လေးပါးပင်လယ်၊ နက်ဝှမ်းကျယ်ကို၊ ယုန်ငယ်သေးကွေး၊ မလောက်လေးမူ၊ သေဘေးမနှောင်း၊ မြဲစတောင်းတည့်၊ ခါကောင်းသမယ၊ န၀မတဲ့၊ ဘ၀အခိုက်၊ မကြိုက်စသာ၊ ကြိုက်ခဲ့ပါလည်း၊ သမ္မာမ၀င်၊ မိစ္ဆာယှဉ်က၊ လူတွင်လုံးလုံး၊ အဖြစ်ရှုံး၏၊ ထုံးတောင်းတန္တီ၊ ကျမ်းအညီ နှင့်၊ ဂမ္ဘီရဓာတ်၊ ပရမတ်ကို၊ အတတ်တွေးတော၊ မဟောပြောနှင့်၊ သဘောသကံ၊ မိမိဉာဏ်နှင့်၊ မတန်မရာ၊ နက်နဲစွာကို၊ အရာမသိ၊ မရိပ်မိဘဲ၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊ ကြိုးကြိုးပမ်းပမ်း၊ အကြံဆန်းမူ၊ ပရမ်းပတာ၊ စိတ်သညာဖြင့်၊ ထင်ရာထင်မိ၊ မှားခေါင်ထိ၍၊ ဒိဋ္ဌိ ဒီမြစ်၊ စုံးစုံးနစ်သည်။ … ။ လူဖြစ် ဤတွင် အဆုံးတည်း။ …. ။
***
အခုဖော်ပြမယ့် မုံရွာမြို့ အဘိဓမ္မာဆရာကြီး ဦးသဲကို ဆုံးမတော်မူတဲ့ မငဲ့မညှာ ဆုံးမစာကိုတော့ ကျမ အနှစ်သက်ဆုံးပါပဲ။ သုံးထားတဲ့စကားလုံးတွေကလည်း ထိမိလှပါတယ်။ မငဲ့မညှာဘဲ တဲ့တိုး တိုက်ရိုက် နားထဲဝင်အောင် ရင်ထဲရောက် အောင် ဆုံးမထားတဲ့ ဒီဆုံးမစာကို ဖတ်ရင်းနဲ့ ကြောက်လာတယ်၊ လန့်လာတယ်၊ တကယ်ပဲ ကျမတို့ဟာ သန်းခေါင်လကွယ် တောအုပ်ရဲ့အလယ် အမိုက်မှောင်ထဲ က လူသားတွေလိုပဲ မဟုတ်လား။ ဒီဆုံးမစာမှာ ဆရာတော်ကြီးရဲ့ စေတနာတွေ ကရုဏာတွေ အများကြီး ပါပါတယ်။ ဖတ်ကြည့်ပါဦး။
ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်၊ သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုဃ်းလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ အင်လေးပါးထက်၊ နင်ကား ရာထောင်၊ မကမှောင်၏။ လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့ လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏။ မျက်မြင်လောက၊ ဤဘ၀ကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။ နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊ နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ထားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊ အစမဆုံး၊ အများထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်။ … ။ နင်လို လူမိုက် သွားလမ်းတည်း … ။ … ။
***
နောက်ဆုံးဖော်ပြမယ့် တပုဒ်ကတော့ အရွယ်နှောင်းတဲ့အထိ စီးပွားရှာ အလုပ်လုပ် အသက်မွေးဝမ်းကျောင်းနေတဲ့ တပည့် မောင်သြဇာကို ဆုံးမတော်မူတဲ့ သြ၀ါဒ တေးထပ်တပုဒ်ဖြစ်ပါတယ်။
ပစ္စည်းရှာ အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုံ၊ နှစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့် မကောင်း။ ခုလိုနှင့် သံသာဘွေမှာ၊ ခန္ဓာတွေများတဲ့ စတောင်း။ … ။ သက်မွေးမှု စခန်းပိုအောင်၊ ၀မ်းကိုသာနင်ကျောင်း၊ လေးဆယ်ကျော် အရွယ် နှောင်းခါမှ၊ သူကြွယ်လောင်းလုပ်ချင်။ မိုဃ်းကုန်ပြီ ထွန်မချချင်နှင့်၊ ရွံစရာ့ မှားဖို့ ဖြစ်အင်။ … ။ နွားအိုကြီး အမော့သင်သလို၊ မလျှော့လျှင် ဘ၀ဆုံးရှာတော့၊ အစတုံးနင့်အဆင်၊ လွဲဖို့သာပြင်။ တရားသို့ မသက်ဝင်လျှင်၊ အခက်နင် ကြုံတွေ့ ဖို့လေး။ … ။
***
ဒီကနေ့အဖို့တော့ ကျမလည်း ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစာတွေကို အဖန်ဖန် အထပ်ထပ် ဖတ်ရှုပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမနေရပါတယ်။ အသက်တွေလည်း ကြီးပြီ … လူက မိုက်ချင်နေတုန်းမို့လေ။
***
မေဓာဝီ
19th Aug, 2007
12:00 noon

8 comments:
ဆရာတော်ကြီးရဲ့ ဆုံးမစာတွေကို စာသာမက ကဗျာရှုထောင့်ကပါ ခံစားသွားပါတယ်.
နွားအိုကြီး အမော့သင်သလို ဆိုတာလေးကို သိပ်နားမလည်လို့ နည်းနည်းလောက် ထပ်ရှင်းပြပေးပါလား.
ခုလိုမျိုး တကူးတက တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမေ. တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ.
မမေဓာဝီ သို့
ရှင်မဟာရဋ္ဌသာရ ရဲ့ ရတုတပုဒ်ဖြစ်တဲ့ `ပုရေနိသင်´ ကို ကြိုက်ပေမယ့် ဘယ်မှာ ပြန်ရှာရမှန်းမသိလို့ မမေဓာဝီမှာ ရှိခဲ့ရင် တင်ပေးဖို့ တောင်းဆိုအပ်ပါတယ်။
မမေဓာဝီ။ ဆုံးမစာတွေဖတ်သွားတယ်။ ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါသည် မမေ
ကိုရန်လေးရေ ..
နွားအိုကြီး အမော့သင်ဆိုတာ ဒီလိုပါ ... နွားတွေကို ခိုင်းမယ်ဆိုရင် ခိုင်းလို့ရတဲ့ အရွယ်ရောက်တာနဲ့ ထမ်းပိုးတပ်ပြီး ကျင့်ပေးရတယ်လို့ ဆိုပါတယ်။ အဲဒီလို ထမ်းပိုးတပ်ကျင့်ပြီးတဲ့အခါမှ သူတို့ လယ်ထွန်ရင် လည်တိုင်မော့မော့ ကျော့ကျော့ကလေး ဖြစ်နေတော့တာပါတဲ့။
အဲဒီလို မဟုတ်ဘဲ အသက်ကြီးမှ ထမ်းပိုးတပ် လေ့ကျင့်တော့ ထမ်းပိုးနဲ့လည်း နေသားမကျ၊ မမော့လည်း မမော့တတ် ကျော့လည်း မကျော့ တော့ဘူးပေါ့။
ဆရာတော်ဘုရားကြီး ဆိုလိုတာက ... ငယ်တုန်းမှာ လုပ်သင့်လုပ်ထိုက်တာတွေ သင်ကြားလုပ်ဆောင်ရမယ့်သဘောလို့ ထင်တာပါပဲ။
ကျမ မှားနေရင်လည်း သိတဲ့သူများ ပြင်ပေးကြပါရှင်။
ကိုသက်ဦးရှင့် ...
ရှင်မဟာရဋ္ဌသာရရဲ့ စာတော်တော်များများ တော့ ကျမဆီမှာရှိပါတယ်။ စာအုပ်ထဲပြန်ရှာပြီး တွေ့ရင် တင်ပေးပါမယ်ရှင့်။
ကိုရွက်ဝါနဲ့ ကိုဖြိုး ကိုလည်း စာလာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သိပ် တန်ဖိုးရှိတဲ့ အဆုံးအမ တွေပါ မမေ။ ကျေးဇူးတင် သာဓုခေါ်ပါတယ်။
m
please, take a look at the letter on my blog.
နွားအိုကြီးအမော့သင်… ဆိုတာ..
ခွေးကြီးမှ လက်ပေးသင်… ဆိုတာနဲ့ အတူတူပါပဲ…
နုပျိုစဉ်မှာ … ပြုလိုချင်ရာ… သင်ယူလို့လွယ်ကူပေမဲ့…
အရွယ်နှောင်းကာမှ… ဘယ်ပြောင်းညာလှည့်တောင် …
သင်ဖို့မလွယ်ကူတာမို့… ဘယ်…ညာ… ဆိုတာကို..
ကောက်ရိုးခြေထောက်… မြက်ခြေထောက်…လို့သင်ခဲ့ရတဲ့
အဖြစ်ဆိုးတွေကို ကြားဖူးကြမယ်ထင်ပါရဲ့….
Post a Comment