Wednesday, August 29, 2007

လေရာင္မွိန္ပ် ... လျပည့္ည ...


လပြည့်ညတဲ့လား … ကြည့်စမ်းပါဦး။
ကောင်းကင်တခုလုံး တိမ်တွေဖုံးနေလိုက်တာ … လမင်းတောင် ကောင်းကောင်း မလင်းနိုင်တဲ့ ဟောဒီ လပြည့်ညလေ … ။

လရောင်ဟာ အေးချမ်းတယ်။ လရောင်ရဲ့ အအေးဓာတ်ဟာ လူသားတွေအပေါ် တပြေးညီကျရောက်တယ် … တဲ့။ ကဲ … လပြည့်ညရဲ့ မှိန်ပျပျ လရောင်ရယ် … တိမ်မျှင်တွေကို ထွင်းဖောက်ပြီး လောကကြီးအပေါ် အေးမြမှုတွေ မပေးနိုင် တော့ဘူးလား။ ကိုယ်တိုင်တောင် ကောင်းကောင်း မလင်းပနိုင်မှတော့ သူ့ရဲ့ အအေးဓာတ်တွေဟာလည်း ကမ္ဘာပေါ်ကို ဖြန့်ကျက်ပေးနိုင်ပါဦးမလား … ။

လမင်းကို တိမ်တွေဖုံးထားပုံက ထူးဆန်းပါဘိ။ ခါတိုင်းလို တိမ်ညို တိမ်မည်း တအုပ် တဆုပ် ကွယ်နေတာမျိုးလည်း မဟုတ်။ ကောင်းကင်တခုလုံးပေါ်မှာ တိမ်လွှာတွေအပြည့် ဖုံးလွှမ်းနေတာ။ တိမ်မှန်းတောင် မသိနိုင်တဲ့ တိမ်တွေ … ။ လပြည့်ညရဲ့ လမင်းကို လိုက်ရှာမှ တိမ်တွေအောက်မှာ လမင်းက အလင်းမှိန်မှိန် နဲ့ မ၀ံမရဲ လင်းနေရှာတယ်။

တိမ်တွေ … ဖယ်ပေးကြပါ … ။
လမင်းကိုဖုံးလွှမ်းထားတဲ့ တိမ်တိုက်တွေ … အဝေးကို သွားကြပါ … ။
လပြည့်ညမှာတော့ … လမင်းလည်း ကောင်းကောင်း လင်းပါစေလေ … ။

ဒါပေမဲ့ ….
ကောင်းကင်ထက်က တိမ်တိုက်တွေကို မြေပြင်ပေါ်က လူသားတယောက်က အမိန့်ပေးလို့ ရကောင်းပါသလား။ ရနိုင်မှာလား … ။
အို … ဒါ အမိန့်မှ မဟုတ်တာ။ ဒါဟာ … တောင်းဆိုချက်တခုပါပဲ။
လပြည့်ညမှာ ကြည်လင်တဲ့ လမင်းကို မြင်ခွင့် ကြည့်ခွင့် ခံစားခွင့်ဆိုတာ ကမ္ဘာပေါ်က လူသားတိုင်းရဲ့ အခွင့်အရေးပဲ မဟုတ်လား။ ဘာကြောင့်များ ဒီညမှာမှ … တိမ်တိုက်ညစ်ဆိုးတွေက လမင်းကို လာပြီး ဖုံးလွှမ်းချင်ရတာလဲ။ ကောင်းကင်တခွင်လုံး အပြည့် နေရာယူချင်ရတာလဲ … ။

လေက ခပ်ဝှေ့ဝှေ့တိုက်တယ်။
တိမ်တိုက်တွေ ခပ်ပြေပြေရွေ့လျားသွားလေရဲ့။
လမင်းကို ကွယ်ထားတဲ့တိမ်တွေ ဒီလေနဲ့ပြေးပါစေ … ။
ဆုတောင်းပေမဲ့ အချည်းနှီးပါပဲ။
လေနဲ့လွင့်လာတဲ့ တိမ်ညိုတစက လမင်းကို ကွယ်သွားပြန်ပြီ။
လမင်းဟာ ခုနက လောက်တောင် မလင်းနိုင်ရှာတော့ဘူး။ တိမ်ညိုကြားမှာ လရောင်က တစွန်းတစ … ။

ဒီညအဖို့ လမင်းသာတာကို မမြင်ရတော့ဘူးလား …. ။
ဘယ်လို ကျိန်စာ အငြိုးနဲ့များ … ဒီညမှာ လမင်း လင်းခွင့်မရရတာပါလိမ့်။
လရောင်ကင်းတဲ့ လပြည့်ညက အကျည်းတန်လွန်းတယ် … ။

ဖိုးလမင်းကြီးရေ …
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ …
ဝါ ၀ါ ၀ါ ၀ါ ))) လို့ …
ကလေးဘ၀တုန်းက ကောင်းကင်ကလမင်းကြီးကို မျှော်ကြည့်ရင်း တောင်းဆို တမ်းတခဲ့ကြဖူးတယ်။
ခုနေခါမှာ … မဖြစ်နိုင်မှန်းသိပါရက်နဲ့ ထမင်းဆီဆမ်း ရွှေလင်ပန်းကို တမ်းတကြ မှာစိုးလို့များ လမင်းက ပုန်းရှောင်နေရော့သလား … ။

ကလေးအငိုတိတ်အောင် အရိပ်အရောင်ပြတတ်တဲ့ ဖိုးရွှေလနတ်သားလည်း တိမ်ညိုတွေ ဖုံးလွှမ်းခြင်းခံနေရတာမို့ … အရိပ်အရောင် မပြနိုင်ရှာတော့ပါဘူး။ မွတ်သိပ်မှုတွေ ပြည့်လျှမ်းနေတဲ့ ကမ္ဘာမြေဟာ ကလေးတယောက်လို ငိုကြွေးနေရှာလေရဲ့ … ။ လမင်းက ဘယ်မှာလဲ … ။

ဘာပဲဖြစ်ဖြစ် …
တိမ်တိုက်တွေကင်းစင်ပြီး လမင်း လင်းခွင့်သာတဲ့ ညကိုတော့ ကြုံရလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

အဲဒီအခါ ကျမှ …
ဝင်းလက်တောက်ပတဲ့ ရွှေလင်ပန်းကြီးပေါ်မှာ …
ဆီမွှေးမွှေးလေး ဆမ်းထားတဲ့ …
ပူပူနွေးနွေး ဖြူဖွေးဖွေး ထမင်းလေးတွေကို …
ငိုကြွေးနေတဲ့ ကမ္ဘာလောကကြီးအတွက် ….
တလုပ်တဆုပ် စွန့်ကြဲပေးသနားလှည့်ပါလား ….
အို … ဖိုးရွှေလနတ်သား … ။
***
မေဓာဝီ
၁၃၆၉ ခု၊ ၀ါခေါင်လပြည့်ည
၁၀ ချက်တီးခန့်

5 comments:

ရွက်ဝါ said...

ကောင်းလွန်းတယ် အမရယ်။ ထိလွန်းမိလွန်းတယ်။ ကျွန်တော်တို့လည်း လမင်းကြီး ထိန်ထိန်လင်းမဲ့ အချိန်ကိုမျှော်နေကြတယ်။

ရွက်ဝါ said...

ဘယ်လိုပဲ အရောင်တွေပြောင်းပြောင်းတိမ်တွေကတော့ တိမ်တွေပါပဲ။ အဲဒါကို လူတွေသဘောပေါက်ကြပါတယ်။ သူတို့က ကျွန်တော်တို့ ချစ်တဲ့ လမင်းကို လုံးဝပျက်စီးသွားအောင် လုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် အချိန်ကာလတစ်ခုအနေနဲ့ လမင်းကိုကွယ်ထားလို့ ရချင်ရမှာပေါ့။ ကျွန်တော်တို့ ကံမကောင်းရင် အဲဒီကာလက ကြာနေနိုင်တယ်။ ဘာပဲပြောပြော လမင်းရှိနေတာကိုက ကျေနပ်စရာပါ။ ကျွန်တော်တို့ အတွက် မြှော်လင့်ချက်တစ်ခုလို့ ပြောရမှာပေါ့။ တိမ်တွေလွင့်စဉ်သွားအောင် ဘာမှမလုပ်နိုင်သေးပေမယ့်။ ဆုတောင်းပေးကြတာပေါ့ ဆရာမရာ။ တစ်နေ့တော့ အဲဒီတိမ်တွေဟာ လေမုန်တိုင်း ဒဏ်နဲ့ မရှုမလှကြီးကို လွင့်စဉ် ပျောက်ကွယ်သွားကြမှာပါ။

Anonymous said...

ကျနော် ငယ်ငယ်က အိပ်ရာဝင်ပုံပြင်ထဲကလို ' ဖိုးလမင်း ' ကို ငပုတ်ဆိုတဲ့ခွေးက ဖမ်းစားထားတာပါ။

wonzin said...

အမအရမ်း ကြိုက်တယ်။ နောက် လဲရေးပါ။ အားပေးနေမယ်။ ကျွန်တော်ဆီလဲ လာလည် ပါဦး။ www.wonzinthar.blogspot.com par

ညလေး said...

မမေ အရေးအသားက ပိုပိုကောင်းလာတယ် လက်သွေးနေသလိုပဲနော်။
မ ဓါတ်ပုံက ကိုယ်တိုင်ရိုက်တာလား... လှတယ်။

ကော်မက်မပေးဖြစ်တာ အတော်ကြာသွားပြီ။ :) ဘွားးးးး