Tuesday, August 14, 2007

အဖြစ်အပျက်ကလေး တရပ်

ကျနော် တောမှ မြို့တော်သို့ရောက်ခဲ့သည်မှာ ခြောက်နှစ်ကြာပေပြီ။ ထိုအချိန် အတွင်း နိုင်ငံရေးရာဆိုသော အချက်အလက် အဖြစ်ပေါင်းများစွာကို မြင်ခဲ့ ကြားခဲ့ ရ၏။ သို့သော်လည်း ကျနော်သည် ယင်းတို့ကို အထင်ကြီးစိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ၎င်းတို့က ကျနော့်အား မည်သို့ လွှမ်းမိုးနိုင်ကြောင်း ဖော်ပြပါဟု ဆိုလာပါ က ကျနော့်အား စိတ်အပျက်ကြီး ပျက်စေခဲ့သည်ဟူ၍ ဆိုရမည်သာ ဖြစ်သည်။ ရှင်းရှင်းပြောရမည်ဆိုပါက လူ့အဖွဲ့အစည်းကို ပိုမိုရွံမုန်းကာ မယုံမကြည် ဖြစ်လာပါ တော့သည်။

သို့ရာတွင် တခုသော အဖြစ်အပျက်ကလေးတရပ်ကိုမူ ကျနော် စွဲမှတ်နေသည်။ ထိုအဖြစ်အပျက်ကလေးသည် ကျနော့်အား မုန်းတီးရွံရှာသော စိတ်မှ တက်ကြွစေ ခဲ့ရာ ယခုတိုင်အောင် ယင်းအဖြစ်အပျက်ကို ကျနော် မေ့မရနိုင်ပေ။

၁၉၁၇ ခုနှစ် ဆောင်းအတွင်း၌ ဖြစ်ပျက်ခဲ့၏။ မုန်းစရာ မြောက်လေတိုက်နေသော် လည်း ပရိယေသန ၀မ်းစာရှာဖွေရန်အတွက် နံနက်စောစော အိပ်ရာမှထကာ ထွက်ခွါခဲ့ရ၏။ လမ်းပေါ်၌ လူတစုံတယောက်ကိုမှ မတွေ့ရပေ။ အက်(စ်) တံခါးဝသို့ သွားရောက်ရန်အတွက် လံချားတစင်းကို ခဲယဉ်းခြင်းကြီးစွာ ရှာဖွေငှားရမ်းခဲ့ရ သည်။ အချိန်အနည်းငယ်အတွင်း၌ လေအတိုက်အနည်းငယ် လျော့ပါးသွားသည်။ လမ်းပေါ်ရှိဖုန်မှုန့်များ လေနောက်ပါသွားပြီဖြစ်ရာ လမ်းပြင်တခုလုံး ပြောင်စင် ရှင်းလင်းလျက်ရှိသည်။ လံချားသမားသည်လည်း ခြေလှမ်းများကို ပိုမိုလျင်မြန်စွာ ရွေ့ရှားလျက် ရှိ၏။

အက်(စ်) တံခါးပေါက်ဝသို့ ကျနော်တို့ ချဉ်းကပ်မိသည်တွင် လမ်းဖြတ်ကူးသူ တဦး အား လံချားဖြင့် တိုက်မိလေတော့သည်။ ထိုသူသည် လမ်းပေါ်သို့ ခပ်ဖြေးဖြေး လဲကျသွားသည်။

အတိုက်ခံရသူမှာ မိန်းမကြီးတယောက်ဖြစ်၏။ ဆံပင်ဖြူများ ကြိုကြားပေါက်ရောက် လျက်ရှိပြီးလျှင် စုတ်ပြဲသော အ၀တ်အစားကို ၀တ်ဆင်ထားသည်။ သူမသည် လမ်းဘေးစင်္ကြံမှနေ၍ အချက်မပြဘဲ ကျနော်တို့၏ လံချားရှေ့မှ ဖြတ်ကူးခဲ့ခြင်း ဖြစ်သည်။ လံချားသမားက သူမအား ရှောင်လိုက်သည်။ သို့သော်လည်း သူမ၏ စုတ်ပြဲကာ ကြယ်သီးတပ်မထားသည့် အင်္ကျီစသည် လေထဲ၌ တလူလူလွင့်လျက် ရှိရာ လံချားလက်တံနှင့် လာရောက်ငြိတွယ်တော့သည်။ ထိုအချိန်၌ လံချားသမား အရှိန်သတ်နိုင်ပြီး ဖြစ်၍သာ တော်တော့သည်။ သို့မဟုတ်ပါက သူမ အပြင်းအထန် လဲကျကာ စိုးရိမ်စရာ ကောင်းလောက်အောင် ဒဏ်ရာရခဲ့မည်ဖြစ်သည်။

သူမသည် မြေကြီးပေါ်၌ လဲလျက်ရှိသည်။ လံချားသမားကလည်း သူ၏ လံချားကို ရပ်တန့်လိုက်သည်။ မိန်းမကြီး အနာတရဖြစ်သူဟု ကျနော်မထင်ချေ။ ၎င်းပြင် မည်သို့ဖြစ်ပျက်သည်ကို ပြောပြရန် မျက်မြင်သက်သေ တဦးတယောက်မှလည်း မရှိချေ။ သို့ဖြစ်၍ လံချားသမား၏ စိတ်အားထက်သန်စွာ ရပ်တန့်လိုက်မှုကို ကျနော် မကျေမနပ်ဖြစ်သွားမိသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူဒုက္ခရောက်နိုင် သလို ကျနော်လည်း နှောင့်နှေးကြန့်ကြာနိုင်သည်။

“ဘာမှမဖြစ်ပါဘူး။ ဆက်သွားပါ …”
ကျနော်က ပြောလိုက်၏။

လံချားသမားကမူ ကျနော်၏စကားကို ဂရုမစိုက်ပေ။ မကြား၍ဖြစ်မည်ဆိုလျှင် တော့လည်း ဖြစ်နိုင်သည်။ သူသည် လံချက်လက်တံများကို မြေပေါ်သို့ နှိမ့်ချလိုက် သည်။ မိန်းမကြီးအား ညင်သာစွာထူမလိုက်သည်။ သူမအား လက်တဖက်ဖြင့် ဖေး ကိုင်ထားရင်း …
“ဘာဖြစ်သွားလဲ …”
သူကမေးလိုက်၏။
“ခိုက်မိသွားတယ် …”

သူမဖြေးဖြေးကလေး လဲသွားခဲ့သည်ကို ကျနော်တွေ့မြင်ခဲ့ရသည်။ ထိခိုက်နာကျင် မှု မရှိသည်မှာလည်း သေချာသည်။ သူမ ဟန်ဆောင်နေခြင်းဖြစ်သောကြောင့် အလွန်ရွံမုန်းစရာ ကောင်းလှသည်။ လံချားသမားသည် ဒုက္ခကို တောင်းဆိုဖိတ်ခေါ် ခဲ့ရာ ယခုလက်ဝယ်ရရှိနေပြီဖြစ်သည်။ သူ့အတွက် လွတ်မြောက်ရာလမ်းကို သူ့ဘာသာ ရှာရန်ရှိတော့သည်။

ထိခိုက်နာကျင်သွားကြောင်း မိန်းမကြီးထံမှ ကြားသိရသောအခါတွင် လံချားသမား သည် တမိနစ်တာမျှ နှောင့်နှေးကြန့်ကြာမနေပေ။ မိန်းမကြီးအား လက်မောင်းမှ ဖေးမကာ ရှေ့သို့အနည်းငယ် ကူညီရွေ့ရှားစေသည်။ ကျနော အံ့အားသင့်လျက် ရှိ၏။ တူရူသို့ ကြည့်လိုက်သည်တွင် ရဲဌာနာ တခုကိုတွေ့မြင်ရ၏။ လေထန် နေသောကြောင့် ရဲဌာနာအပြင်ဘက်တွင် တဦးတယောက်မှ မရှိပေ။ လံချားသမား သည် မိန်းမကြီးအား ဌာနာတံခါးပေါက်ဘက်သို့ ဖေးကူ ခေါ်ဆောင်သွားလေတော့ သည်။

ရုတ်ခြည်းဆိုသလို ကျနော်၏ရင်ထဲ၌ အသစ်သောခံစားမှုတရပ် ပြက်လက် ထွက်ပေါ်လာ၏။ လံချားသမား၏ ဖုံမှုန့်အလိမ်းလိမ်းဖြင့် နိမ့်ကျသော အသွင် သဏ္ဍာန်သည် တမဟုတ်ချင်း ကြီးမားလာလေသည်။ ဟုတ်ပါ၏။ ကျနော့်ထံမှ သူ ကွာလှမ်းသွားလေ သူ၏သဏ္ဍာန်မှာ မြင့်မားလာလေလေ ဖြစ်ပြီး နောက်ဆုံး၌ ကျနော်က သူ့အား ဦးခေါင်းမော့၌ ငေးကြည့်ရလေတော့သည်။ တချိန်ထဲ၌ပင် သူက ကျနော့်ကို တဖြေးဖြေးလွှမ်းမိုးလျက်ရှိသည်။ သားမွေးအ၀တ်အစားကို ၀တ်ဆင်ထားသည့် ကျနော့်အား အရှိန်အ၀ါဖြင့် ဖုံးလွှမ်းရန်လည်း ခြိမ်းချောက် လျက်ရှိတော့သည်။

ကျနော်၏အင်အား ဆုတ်ယုတ်သွားသလို ခံစားလိုက်ရ၏။ ကျနော် မလှုပ်မရှက် ထိုင်နေမိသည်။ ကျနော့်အနီးသို့ ရဲသားတယောက် ရောက်လာသည့်အချိန်အထိ တွေဝေနေမိသည်။ ထိုအခါမှ လံချားပေါ်မှ ကျနော်ဆင်းလိုက်သည်။

“တခြားလံချားတစင်း ရှာပြီး သွားပါတော့၊ ခင်ဗျားကို သူ ပို့နိုင်မှာမဟုတ်တော့ဘူး”
ရဲသားက ကျနော့်ထံသို့ လျှောက်လာကာ ပြောလေသည်။
ကျနော်၏စိတ်က မသိလိုက်ခင် ကုတ်အင်္ကျီ အိတ်ကပ်ထဲမှ ကြေးနီပြားတဆုပ်ကို နှိုက်ယူလိုက်ကာ ရဲသားအား လက်ဆန့်တန်းပေးလိုက်သည်။
“ကျေးဇူးပြုပြီး သူ့ကိုပေးလိုက်ပါဗျာ”

ယခုအခါ၌ လေလည်း လုံးဝမထန်တော့ပေ။ လမ်းပေါ်၌မူ ရှင်းလင်းငြိမ်သက်ဆဲပင် ဖြစ်သည်။ ကျနော်သည် တွေးတောစဉ်းစားရင်း လမ်းလျှောက်ရွေ့ရှားလျက် ရှိသည်။ သို့သော်လည်း ကျနော့်အကြောင်း ကျနော်တော့ မစဉ်းစားရဲအောင် ဖြစ်နေသည်။ စောစောက အဖြစ်အပျက်ကို ထားလိုက်ကြပါစို့။ ကြေးနီပြားတဆုပ် ကို မည်သည့်အဓိပ္ပါယ်နှင့် ကျနော်ပေးကမ်းခြင်း ဖြစ်ပါသနည်း။ ဆုလာဘ်ချီးမြှင့် ခြင်းလော။ လံချားသမားအား ဝေဘန်ဆုံးဖြတ်ရမည့် ကျနော်ကား အဘယ်လူစား မျိုးပါနည်း။ ဤမေးခွန်းတို့ကို ကျနော် မဖြေဆိုနိုင်ခဲ့ပါချေ။

ယခုအချိန်တိုင်အောင် ဤအဖြစ်အပျက်ကလေးသည် ကျနော်၏ စိတ်အစဉ်ထဲ၌ လန်းဆန်း ပေါ်လွင်လျက်ပင်ရှိသည်။ မကြာခဏလည်း ကျနော့်အား ဒုက္ခပေး တတ်၏။ ကျနော့်ကိုယ် ကျနော်လည်း ပြန်လှန် စဉ်းစားသုံးသပ်စေ၏။ ထိုခေတ်၏ နိုင်ငံရေးရာများနှင့် စစ်ရေးစစ်ရာများမှာ ငယ်စဉ်တောင်ကျေး အကလေးဘ၀က ဖတ်ခဲ့ရသည့် ဂန္ထ၀င်စာပေများကို မေ့ပစ်သည့်နည်းတူ လုံးဝမေ့ပျောက်သွားကြပြီ ဖြစ်သည်။ သို့တစေ ဤအဖြစ်အပျက်ကလေးကိုမူ မကြာခဏ ပြန်လည်သတိရမိ သည်။ တခါတရံ၌ မျက်စိဖြင့် တကယ်တွေ့မြင်ရသည်ထက်ပင် ရှင်းလင်း ပြတ်သားလျက်ရှိသည်။ ကျနော့်အား ရှက်တတ်ရန် သွန်သင်ပေးသည်။ ပြုပြင်ရန် တိုက်တွင်းသည်။ ၎င်းအပြင် အသစ်သော သတ္တိနှင့် မျှော်လင့်ယုံကြည်ချက်တို့ကို လည်း ပေးစွမ်းနိုင်လေသည်။

(၁၉၂၀-ခု၊ ဇူလိုင်လ)
***
ဒီဝတ္ထုလေးက တရုတ်စာရေးဆရာကြီး လူရွှန်းရဲ့ လက်ရွေးစင်စာပေထဲမှာပါတဲ့ ၀တ္ထုတိုလေး တပုဒ်ပါ။ ဆရာစိုးမြိုင်က ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုကို ငယ်ငယ်တုန်းက ဖတ်ခဲ့ပြီးပေမဲ့ မေ့မေ့လျော့လျော့ ဖြစ်နေခဲ့ပါပြီ။ အခုတခေါက် ပြန်ဖတ်ချိန်မှာ ၀တ္ထုရဲ့ ပထမစာပိုဒ်မှာ ရေးထားသလိုမျိုး ကျမလည်း ခံစားနေရချိန် မို့ သေသေချာချာ ပြန်ဖတ်ဖြစ်ပါတယ်။

ဝတ္ထုကလေးဖတ်နေရင်း ကျမကိုယ်တိုင် ဒီဝတ္ထုထဲက လူနေရာကို ရောက်သွား တယ်။ ကျမသာဆိုရင်လည်း အတ္တစိတ်နဲ့ သူ့လိုပဲ တွေးမိမှာပဲ။ ဒီမိန်းမကြီး မူယာမာယာများနေတာ လို့သာ တွေးပြီး ကိုယ့်ခရီးနှောင့်နှေးတဲ့အတွက် စိတ်ပျက် မိမှာ။ ဒီလိုနဲ့ နောက်ဆုံး ၀တ္ထုကလေးပြီးသွားချိန်မှာတော့ ကျမခေါင်းထဲ တွေးစရာ တွေ အများကြီး ကျန်ခဲ့ပါတယ်။

လူတိုင်းဟာ အတ္တသမားတွေချည်းမှ မဟုတ်ဘဲ … ။ တကယ်တော့ ရုပ်ဝတ္ထု၊ ဉာဏ်ပညာ၊ ဂုဏ်ဒြပ် အရှိန်အ၀ါ ဘယ်လောက် ပြည့်စုံ ကြီးမားနေလည်း တကယ်တမ်း လူ့လောကမှာ လိုအပ်နေတာ … အဲဒါတွေထက် အရေးကြီးတဲ့ အရာဆိုတာကို ဒီဝတ္ထုကလေးဖတ်ပြီး ကျမ သဘောပေါက်ခဲ့ရ တယ်။ ဒါကြောင့် ဒီဝတ္ထုလေးကို ကျမ ဘလော့မှာ တင်ထားလိုက်ပါတယ်။

အကြောင်းကြောင်းကြောင့် တပတ်လောက် ဘလော့နဲ့ ကင်းကွာနေဖြစ်ခဲ့ချိန်မှာ ကျမဘလော့ကို လာလည်သူ၊ စာတွေလာဖတ်သူ၊ ကွန်မန့်ရေးသူအားလုံးကို အားနာစွာ ကျေးဇူးတင်ပါတယ်ရှင်။
***
မေတ္တာဖြင့် …

မေဓာဝီ
၁၄၊ သြဂုတ်၊ ၂၀၀၇
နေ့လည် ၁ နာရီ ၃၅ မိနစ်

3 comments:

hana said...

MaMay,
Thank you for this post.
nice!
thanks for sharing.

ကလိုစေးထူး said...

တွေးစရာရတဲ့အထဲမှာ ကျနော်လဲ အပါအ၀င်ပဲ…။ တခါတရံမှာ ပထမအပိုဒ်က ခံစားချက်လိုလည်း ဖြစ်ဖူးတာပဲ။ ဒါပေမယ့် ကျနော်တို့ ကိုယ့်လမ်းကိုယ်လျှောက်နေကြတာလေ…။

NwayLeL said...

Ma May,

Thanks again for this post.