Sunday, August 05, 2007

စော်ကားသူကို အပြစ်မယူ

တနေ့က အဖေ့ဆီကို ဖုန်းလာပါတယ်။ ဆက်သူက အဖေ့မိတ်ဆွေရဲ့ပုံနှိပ်စက်က အလုပ်သမားတယောက်ပါ။ အဲဒီအလုပ်သမားက အကြောင်းတခုကြောင့် အဖေ့ကို အထင်အမြင်လွဲပြီး ဖုန်းဆက် ရန်တွေ့ခြင်းပဲဖြစ်ပါတယ်။ သူနဲ့ဖုန်းပြောနေတဲ့ အဖေက ဖုန်းနားထောင်တဲ့ခွက်နဲ့ နားကို တထွာလောက်ခွါပြီး နားထောင်နေ ရပါတယ်။ အဲဒီလူ အသံက ဒေါသတွေနဲ့ ပူလောင်ပြီး အကျယ်ကြီး။ အဖေကတော့ အလုပ်သမားတယောက်က ခုလို မချေမငံပြောတာ ခံနေရပေမဲ့ ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. ဆိုပြီး ကောင်းကောင်းမွန်မွန် နားထောင်နေပါတယ်။ တဘက်လူဟာ အဖေ ဟုတ်ကဲ့ ကလွဲလို့ တခြားစကား ပြောခွင့်မရအောင် (အမှန်ကိုရှင်းပြခွင့် မရအောင်) သူချည်းပဲ ရေပက်မ၀င် ပြောနေတော့တာပဲ။

ကျမက အဖေ့ရှေ့တည့်တည့်မှာ ထိုင်နေရင်း အားလုံးကြားနေရတော့ စိတ်တွေတို လာမိပါတော့တယ်။ အဖေ့ဖုန်းခွက်ကို ဆွဲယူပြီး အဲဒီလူကို ပြောပစ်လိုက်ချင်တဲ့ စိတ်ကို မနည်းထိန်းထားရပါတယ်။ သူစကားနည်းနည်းပြတ်တော့မှ … အဖေက -
“ဒီမှာ ကျနော်ပြောမယ် နားထောင်” ဆိုပြီး လေသံအေးအေးနဲ့ သူ့ရဲ့ အထင်လွဲမှုကို ရှင်းပြပါတယ်။ တကယ်တော့ အဖေမှားတဲ့ ကိစ္စလည်းမဟုတ်ပါဘူး။ ဒီလူဟာ အလုပ်သမားဖြစ်ပေမဲ့ သူ့အလုပ်ရှင်ကိုတောင် ကောင်းကောင်းမဆက်ဆံပါဘူး။ သူ့ကိုယ်သူလည်း ကျွမ်းကျင်တဲ့ ပုံနှိပ်စက်ဆရာဆိုပြီး တော်တော်လေး ဘ၀င်မြင့် အထင်ကြီးနေပါတယ်။ သူတို့ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးနဲ့ ဒီအလုပ် သမားရဲ့ စရိုက်ကို အဖေက ပြောပြောပြလို့ အရင်ကတည်းက သိနေနှင့်ပါတယ်။

အဲဒီလူဟာ အဖေရှင်းပြတဲ့စကား နားဝင်မ၀င်တော့ မသိပါဘူး။ နောက်ဆုံးတော့ သူပြောချင်တာ ပြောပြီး ကျေနပ်သွားတဲ့အခါမှ ဖုန်းချသွားပါတယ်။ အဖေကတော့ ခပ်အေးအေးပါပဲ။ အဲဒီအကြောင်းကို အမေနဲ့ အမကြီး သိသွားတော့လည်း အဖေ့ ကိုယ်စား ဒေါသတွေထွက်နေကြပါတယ်။ အဲဒီပုံနှိပ်တိုက်ကို မသွားနဲ့၊ အဲဒီလို ကောင်တွေနဲ့ မဆက်ဆံနဲ့ ဒါ … သက်သက်စော်ကားခံရတာ … စသဖြင့် အမေက စိတ်တိုပြီးပြောတယ်။ အဲဒီလို ဘေးလူတွေက စိတ်တို စိတ်ဆိုး ဒေါသထွက်နေ ပေမဲ့ အဖေကတော့ အခုလို စော်ကားခံရတာ နည်းနည်းအံ့သြရုံကလွဲပြီး စိတ်ဆိုး ဟန် မပြပါဘူး။

“အဖေကတော့ သူ့ကို သနားတယ် …”
အဖေက အဲဒီလိုပြောတော့ ကျမတို့ မအံ့သြမိတော့ပါဘူး။ သဘောကောင်းလွန်း ပြီး သူများကို ဒေါသနဲ့ မတုန့်ပြန် သည်းခံတတ်တဲ့ အဖေဟာ ခဏခဏ ဒီလိုပုံစံမျိုး ခံရတတ်ပါတယ်။ ခံရတိုင်းလည်း ကျမတို့ကသာ ဒေါသတွေဖြစ်ခဲ့ကြပေမဲ့ အဖေ ကတော့ ၀ဋ်ကြွေးတခု ကုန်သွားပြီလို့ သဘောထားလားမသိပါဘူး။ အဖေ့ စိတ်ထဲ ပူလောင်တဲ့ ဒေါသတွေ မရှိသလိုပါပဲ။ သူ့ကိုဒေါသတကြီး ပြောခဲ့တဲ့သူကိုတောင် သနားနေသေးတယ်တဲ့ … ။ အဖေက အဲဒီလိုပါ။

“သူက ဒေါသတွေဖြစ်နေတာ … ပူလောင်နေတာ … အကုသိုလ်တွေ တိုးပွား နေတာ၊ ပြီးတော့ သူက အမြင်မှားနေတာလေ … ဘယ်လောက်သနားဖို့ ကောင်းသလဲ …”

အဖေကတော့ စော်ကားသူကို အပြစ်မယူတဲ့အပြင် သနားနေသေးတယ်။ ကျမ အနေနဲ့ကတော့ ကိုယ့်ဆရာသမား၊ ကိုယ့်ထက် အသက်ကြီးသူ၊ ဂုဏ်ကြီးသူက ကိုယ့်ကို အထင်အမြင်လွဲမှားလို့ ငေါက်ငမ်း အပြစ်တင်ခံရရင် ပြန်ရှင်းပြရုံက လွဲပြီး စိတ်ထဲ ဒေါသတကြီးခံစားရမှာ မဟုတ်ပေမဲ့ ကိုယ့်အောက် နိမ့်ပါးသူက ခုလို မဟုတ်တမ်းတရား စော်ကားလာရင်တော့ နည်းနည်းလေးမှ သည်းမခံချင်ပါဘူး။ တခါတလေ မသိမသာ စောင်းမြောင်း သွယ်ဝိုက်စော်ကားတာမျိုးကတော့ မသိချင် ယောင်ဆောင်နေလို့ ရပါသေးတယ်။ တိုက်ရိုက် ပြောင်ကျကျ စော်ကားလာ ရင်တော့ မေတ္တာတွေပို့၊ ခန္တီပရမံ တပေါတိ တိက္ခာ တွေ ရွတ်နေပေမဲ့လို့ သူကများ ငါ့ကို ဒီလိုပြောစရာလားလို့ စိတ်ထဲ ဒေါသထောင်းခနဲ ဖြစ်မိမှာပါပဲ။ ဒါနဲ့ အဖေ့ကို မေးရပါတယ်။

“အဖေ့စိတ်ထဲ ဘယ်လိုမှ မနေဘူးလား … ဒီလူ့ကို ဒေါသမထွက်ဘူးလား”
အဖေက သူ့အခန်းထဲက ၀ှိုက်ဘုတ်မှာ ရေးထားတာ ပြပါတယ်။ တကယ်တော့ အဲဒီစာသားကို ဖတ်ဖူး မြင်ဖူးပြီးသားပါပဲ။
ခံယူမှုအပိုင်း၊ တုန့်ပြန်မှုအပိုင်း၊ ပြန်လည်ရရှိမှုအပိုင်း … တဲ့ … ။
ဖတ်ဖူး မြင်ဖူးသလို အဖေက ကြုံရင် ကြုံသလို ခဏခဏလည်း ပြောပြနေကျပါ။ ကျမက အဖေ့ပြောစကားတွေ နားထဲရောက်ပေမဲ့ ရင်ထဲ မရောက်လို့များလား … ။

“ကိုယ့်ဆီကို ကောင်းတာတွေရော ဆိုးတာတွေရော တနေ့တနေ့ လာနေမှာပဲ။ အဲဒီ ကောင်းခြင်း ဆိုးခြင်းတွေကို ကိုယ်က ဘယ်လိုစိတ်နဲ့ ခံယူမလဲ။ ကိုယ်မနှစ်သက်တဲ့ အာရုံတခုခု ကိုယ့်ဆီရောက်လာရင် ဒေါသဖြစ်မယ်၊ စိတ်တိုမယ်။ များသောအားဖြင့်တော့ ဒီလိုပေါ့။ ဒါပေမဲ့ အဲဒီလို ဒေါသစိတ်နဲ့ ခံယူလိုက်ရင် ဒေါသအလျောက်ပြန်ပြီး တုန့်ပြန်မိမယ်။ အဲဒီအခါမှာ ကိုယ်က ဘာကိုရမလဲ … အကုသိုလ်တွေပဲ ရမယ်မဟုတ်လား …”

အဖေ ဒီလိုပဲပြောလိမ့်မယ်လို့လည်း မျှော်လင့်ထားပြီးသားပါပဲ။ ဒါပေမဲ့ အကျင့်ပါ နေလို့ စောဒကတော့ တက်မိတယ်။
“ဒါပေမဲ့ … မကောင်းတာတွေကို ကောင်းတဲ့စိတ်နဲ့ ခံယူနိုင်ဖို့တော့ ခဲယဉ်းတယ် အဖေ …”
“ဒါပေါ့ … ခဲယဉ်းတယ်၊ ခဲယဉ်းတာက လုပ်နိုင်မှ လူတော်၊ လွယ်လွယ်ကူကူ လုပ်နိုင်တာ ဆန်းမှ မဆန်းတာ၊ ခဲယဉ်းတာကို လုပ်နိုင်အောင် ကြိုးစားရမှာပေါ့”
မလွယ်လိုက်တာလို့ တွေးနေတုန်း အဖေက ဆက်ပြောပါတယ်။

“ဒါကြောင့် ဒီအပိုင်း ၃-ခုမှာ ခံယူမှုအပိုင်းက အဓိကပဲ၊ ခံယူမှု ကောင်းမှ တုန့်ပြန်မှု ကောင်းမယ်၊ အဲဒီတော့မှ ရရှိမှုလည်း ကောင်းမယ်။ ခံယူမှုကောင်းဖို့ဆိုတာ ယောနိသော ထားတတ်ဖို့ပဲ။ ယောနိသော ထားတတ်ဖို့က လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ဘူး။ လေ့ကျင့်ယူမှ ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုဆဲရင် ထစ်ခနဲဆို ပြန်ဆဲမိမှာပဲ။ ပြန်မဆဲမိတောင် အနည်းဆုံး စိတ်ထဲမှာတော့ ထောင်းခနဲ ဒေါသဖြစ်မိမှာပဲ။ အဲဒီလို မဖြစ်ဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး။ ဒါပေမဲ့ လေ့ကျင့်ယူရင် ရတယ်။ ဘယ်အရာမဆို အထပ်ထပ် လေ့ကျင့်ရင် ရတာ ချည်းပဲ …

“ဒီလိုလေ့ကျင့်ရင်းနဲ့ စစချင်းတော့ ကာယကံမြောက် မတုန့်ပြန်မိအောင် စောင့်စည်း နိုင်လာလိမ့်မယ်၊ နောက် … ၀စီကံ၊ တဖြည်းဖြည်းနဲ့ မနောကံကိုပါ စောင့်ထိန်း နိုင်အောင် လေ့ကျင့်ရမယ်”

ကျမ တွေဝေစွာ ငေးမောရင်း နားထောင်နေမိပါတယ်။
ကိုယ့်ကို စော်ကားခံရတဲ့အခါ … အပြုံးမပျက်နေနိုင်ဖို့ …
စော်ကားသူကို အပြစ်မယူမိစေဖို့ …
ခံယူမှုအပိုင်းကို ကောင်းစေဖို့ …
မလွယ်ပေမဲ့ လေ့ကျင့်ဖို့ …
အဖေ့စကားလုံးတွေက ကျမနားထဲမှာ … ကျမခေါင်းထဲမှာ ရစ်ဝဲနေတယ်။ တဖြည်းဖြည်းတော့ ရင်ထဲရောက်လာလေမလား … ။ ကျမ မပြောတတ်ပါဘူး။
လောလောဆယ်တော့ သက်ပြင်းသာချနေမိတယ်။
ယောနိသောတွေ … ခန္တီတွေ … မေတ္တာတွေ …
ဒါတွေ အစက မသိခဲ့ရင် အကောင်းသားလို့ တခါတလေတော့ မိုက်မိုက်ကန်းကန်း တွေးနေမိပါရဲ့။
***
မေဓာဝီ
၎၊ သြဂုတ်၊ ၂၀၀၇
ည ၁၁ နာရီ ၃၅ မိနစ်

6 comments:

Yan said...

“ဒါပေါ့ … ခဲယဉ်းတယ်၊ ခဲယဉ်းတာက လုပ်နိုင်မှ လူတော်၊ လွယ်လွယ်ကူကူ လုပ်နိုင်တာ ဆန်းမှ မဆန်းတာ၊ ခဲယဉ်းတာကို လုပ်နိုင်အောင် ကြိုးစားရမှာပေါ့”

အဲဒီ့စကားတစ်ခွန်းက ကျွန်တော့်ရဲ နှလုံးသားထဲကို သံမဏိစိတ်ဓာတ်တွေ ထည့်ပေးလိုက်တယ်.

တရားစကားနဲ့ ပြောရရင်တော့ အတိုက်ဓာတ်တွေက ရှိနေတာပဲ. အဲဒါကို ခံယူတတ်တဲ့ အခံဓာတ်ပေါ် မူတည်ပြီး ရလာဒ်တွေက ပြောင်းလဲသွားတတ်တာပေါ့ဗျာ. အခုကိစ္စမှာလည်း မမေရဲ့ ဖေဖေက အခံဓာတ်ကို တည့်မတ်အောင်ထားတယ်. ဒါကြောင့် အတိုက်ဓာတ်ရဲ့ ရိုက်ခတ်မှုကို သူမခံစားရဘူး. သူ့ရဲ့ အိနြေ္ဒမယိုယွင်းသွားဘူး. အဲဒါဗိုလ်ငါးပါးထဲက သမာဓိဗိုလ်ပဲပေါ့ဗျာ.

ဒီပို့စ်လေးကနေတစ်ဆင့် မမေဖေဖေရဲ့ စိတ်ဓာတ်ကြီးမားခိုင်ခံ့ပုံကို သိမြင်လိုက်ရပါတယ်. တရားရှာကိုယ်မှာတွေ့ဆိုသလိုပဲ မမေရဲ့ဖေဖေက ဒါကို တရားသဘောနဲ့ ရှုမြင်ပြီး ယောနိသောမနသိကာရကို မွေးမြူလိုက်တာ ချီးကျူးပါတယ် ခင်ဗျာ….


ဒီပို့စ်လေးအတွက် ကျေးဇူးအများကြီး တင်ပါတယ် မမေ….

ခင်မင်လေးစားလျက်

ရန်အောင်.

NwayLel said...

နှစ်သက်မြတ်နိုးလေးစားဘို့ကောင်းလှတဲ့ Post လေးပါဘဲ။
ကျွန်မအလွန်ဘဲသဘောကျမိပါတယ်။

Khine Khine said...

May,

Your father is such a great person.You are very lucky that he is your father because you can learn from him. We can get all the physical goal easily but it is very difficult to train yourself to be strong in mental.Thank you very much for this post.

khine

myalwaryone said...

မမ အရမ်းကောင်းတယ်... အရင်က မြလွှာရောက်ဘူးပါတယ်... လိပ်စာက မေ့သွားလို့...
အမြဲအားပေးနေမယ်နော်....

Gmail said...

HI Mawdar wii

Good to read.

Anything to say for tomorrow?

G

ညလေး said...

မမေ ဒီပို့စ်ကို ဒီနေ့မှ ဖတ်ရတယ်

ညလေးလဲ အဆဲခံရတိုင်း သည်းခံနိုင်အောင် ကြိုးစားနေတယ် သည်းလဲခံခဲ့ပါတယ်။ အရမ်းကြီး တရားလွန်လာတာတောင်မှ လေပြေနဲ့ ပဲ ပြန်ပြောဖြစ်တယ်။ အရမ်းလွန်လာတော့ ဒေါသထွက်ပြီး တစ်ခါတစ်ခါ ပြန်ပြောမိတယ်။ ဒေါသထွက်နေပြီလို့ သိလိုက်တာနဲ့ ကိုယ့်ဒေါသကို သတိနဲ့ ပြန်ထိန်းဖြစ်တယ်။ ပြန်ဆင်ခြင်တယ် ငါဘာလို့ ဒေါသထွက်ရတာလဲ သူအထင်လွဲတာ ငါ့မှာ ဘာများ ထိခိုက်သွားလို့လဲပေါ့။ ငါအသက်ရှင်နေသရွေ့ လုပ်နေသမျှ အရာအားလုံးဟာ နိဗ္ဗာန်ရောက်ဖို့ပဲ မဟုတ်လား ကျန်တာတွေ ဘာလုပ်ဖို့လဲပေါ့။

ဒါပေမယ့် တစ်ချို့တွေကျတော့ သည်းခံလေ ရောင့်တက်လေ ဖြစ်နေကြတယ်။ ကိုယ်သည်းခံတိုင်း သူဆဲဖို့ချည်းပဲ ဖြစ်ဖြစ်နေသလားလို့ မမေရဲ့ ဖေဖေကို မေးပေးပါ။ ညလး လူလာဖြစ်ရတာ သည်းခံဖို့ လောကကြီးက ငါ့ကို သည်းခံနိုင်စွမ်းရှိမရှိ စမ်းသပ်နေသလိုပဲ။

မမေ ဖေဖေပြောသလိုပဲ ညလေးကို ဆဲဆဲလာရင် ဆဲသူကို ပြန်သနားနေရတယ်။ သူမှာ အကုသိုလ်တွေ တအားများနေတာကိုး ကိုယ်က သည်းခံလေ သူ့မှာ အကုသိုလ်တွေများလေ မဟုတ်လား ဒီလိုဆိုတော့ ကိုယ်သည်းခံတာ သူ့ကို အပ္ပါယ်ရောက်အောင် တွန်းပို့နေသလို ဖြစ်နေသလား ????