မနေ့က ကျမရဲ့ဆရာတယောက် ရောက်လာပြီး ကိစ္စတခုအတွက် အကူအညီ တောင်းတာနဲ့ လုပ်ပေးပြီးတော့ ဆရာနဲ့ စကားစမြည် ထိုင်ပြောဖြစ်တယ်။ ဆရာက ဟိုတခါ ကျမရေးဖူးတဲ့ ရန်ကုန်မြို့နဲ့ မနီးမဝေး တွံတေးမြို့အနားက ကော့မှူး မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတယ်ဆိုတဲ့ ဆရာပါ။ စကားပြောရင်းဆိုရင်း အလုပ်သမားတွေ အကြောင်း ရောက်သွားရာက ဆရာကပြောပါတယ်။
“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆရာအဲဒီကိုရောက်တော့ ဆရာ့အလုပ်သမား တယောက်ရဲ့ ကလေး နေမကောင်းဖြစ်နေတာလေ …”
“သွေးလွန်တုပ်ကွေးလား ဆရာ”
“အင်း … ဟုတ်မှာပေါ့ … ဒါပေမဲ့ သူတို့က ဘာဖြစ်လို့ဖြစ်မှန်း သိတာမဟုတ်ဘူး၊ … ဆိုတော့ …. ရမ်းသမ်းပြီး ကုနေကြတာပေါ့”
“ … … …”
“ဆရာသွားတဲ့နေ့မှာ ကလေးကို ၃-ရက် ဆေးထိုးပေးပြီးပြီ၊ အဖျားက မကျဘူး၊ ဆေးထိုးတယ် ဆိုတာကလည်း ဆရာဝန်နဲ့မဟုတ်ဘူးနော် … ရမ်းကုတွေနဲ့ ထိုးတာ”
“ဟင် .. ဟုတ်လား … အန္တရာယ်များလိုက်တာနော်”
“အင်း .. ပိုဆိုးတာက အဲဒီ ရမ်းကုတွေဆိုတာ အေဘီစီဒီတောင်မှ မတတ်တဲ့ ကောင်တွေ… ဒီကောင်တွေက ဆေးထိုးအပ် ကိုင်နေကြတာလေ”
“ကျန်းမာရေးဌာန တို့ဘာတို့ မရှိဘူးလား ဆရာ”
“ဘယ်ရှိမလဲ …ဆေးရုံကတော့ တွံတေးမှာ ရှိတယ်လေ၊ ဒါပေမဲ့ အဲဒီထိလည်း သူတို့သွားမပြကြဘူး၊ ရမ်းကုပဲ အားကိုးနေကြတာ … အဲဒါ အဲဒီကလေးကို ၃-ရက် ဆေးထိုးပြီး မသက်သာတော့မှ ဆေးရုံခေါ်သွားတယ်။ ဆေးရုံရောက်တော့ လက်လွန်ခြေလွန် ဖြစ်သွားပြီ”
“ဖြစ်ရလေ ဆရာရယ်”
“ဆရာရောက်တဲ့နေ့က ပြောခဲ့သေးတယ်၊ ဆေးထိုးတဲ့ကြားထဲက မသက်သာဘူး ဆိုရင် သိပ်တော့မဟုတ်ဘူးလို့ … ဆေးရုံသွားဖို့လဲ ပြောတာပဲ၊ မရပါဘူး … ။ သူတို့တွေက ပြောရင် မျက်လုံးအ၀ိုင်းသားနဲ့ နားသာထောင်နေကြတယ် … ဘာပြောမှန်း နားမလည်ဘူး သမီးရဲ့ …”
“အဲဒီရမ်းကုတွေက ဆေးထိုးအပ် ကိုင်ခွင့်ရှိလို့လား ဟင်”
“ဘယ်ရှိမှာလဲ … ဒါပေမဲ့ ကိုင်နေကြတာပဲ၊ အဲဒီရွာတင် ရမ်းကုက တယောက် မကဘူး၊ သုံးလေးယောက် ရှိတယ်၊ အဲဒီဒေသဆိုတာ ရန်ကုန်နဲ့ ၁၂-မိုင်ပဲ ဝေးတာနော်။ အဲဒီလို နေရာမျိုးက လူတွေတောင် တော်တော်လေး အသိပညာ ချို့တဲ့ခေါင်းပါးကြတာ သမီးရဲ့၊ သူတို့ကိုယ်တိုင်က ကကြီး ခကွေး တလုံးမှ မတတ်တော့ အေဘီစီဒီ မတတ်တဲ့သူကို အထင်ကြီးကောင်း ကြီးမှာပေါ့”
ဆရာဆက်ပြောနေတာတွေကို စိတ်မသက်မသာ နားထောင်ရင်း သက်ပြင်းသာ ကျိတ်ပြီး ချမိနေတယ်။ တီဗီထဲ လာလာနေတဲ့ ကျေးလက် ကျန်းမာရေးဌာန တို့ … ကျန်းမာရေးမှူးတို့ ဆိုတာ ဘယ်နေရာတွေမှာများ ရှိမှာပါလိမ့်။ ရန်ကုန်မြို့နဲ့ ၁၂- မိုင်အကွာ ရန်ကုန်တိုင်းထဲက ရွာလေးတရွာမှာတောင် ခုလိုဆိုတော့ ဒီ့ထက်ဒီ ဝေးလံသီခေါင်တဲ့ ဒေသတွေဆိုရင် ဘယ်လိုများ နေကြရှာမလဲ … ။ ကျမ တွေးနေမိတယ်။ ဆရာက ဆက်ပြောပါတယ်။
“မနှစ်တုန်းက ဆရာ့အလုပ်သမား တယောက်ဖြစ်ပုံကို ပြောရဦးမယ်၊ သူက စိုက်ပျိုးရေးကိစ္စနဲ့ တခြားနယ်ဘက် သွားပြီး ပြန်လာတော့ ငှက်ဖျားဖြစ်လာတယ် ထင်ပါရဲ့၊ ခရီးပန်းတာနဲ့ ဘာနဲ့ဆိုတော့ ခေါင်းတွေမထူနိုင်အောင် ဖြစ်ပြီး ဖျားတော့ တာပေါ့၊ အဲဒါ ထုံးစံအတိုင်း ရမ်းကုဆီသွား ဆေးထိုးတော့ ဒီနေရာကို ထိုးပေးတယ်”
ဆရာက သူ့လည်ဂုတ်နောက်ဘက် ဇက်နေရာကို လက်နဲ့ထိုးပြရင်း ပြောတယ်။
“ဟင် ..ခေါင်းကို ….. ဆရာဝန်တွေတောင် အဲဒီနား ထိုးတာမဟုတ်ဘူး … ဒုက္ခပါပဲ … ဘာမှမဖြစ်ဘူးလားဆရာ … အဲဒီနေရာထိုးတာ”
“အဲ .. တလုံးထိုးပြီး နောက်တလုံးဆက်ထိုးမယ်ကြံတော့ ဒီကောင် ဘယ်ခံနိုင် တော့မလဲ။ ကျနော့်ကို သတ်နေပါပြီ လုပ်ကြပါအုံး ဆိုပြီး ထအော်တော့တာပဲ”
“အော်သာ မအော်ရင် ရမ်းကုက ဆက်ထိုးဦးမယ့် သဘောပေါ့နော် …”
“အဟုတ်ပဲ …နောက်တလုံး ဆက်ထိုးတော့မှာ .. ဒီကောင် အော်လိုက်တော့မှ မထိုးဘဲရပ်လိုက်တာ ..နောက်တလုံး ဆက်ထိုးရင်လည်း လျှောမှာပဲ … စဉ်းစား ကြည့်လေ … အဲဒီနား ဆေးထိုးတော့ ဘယ်ခံနိုင်မှာတုန်း”
“ဆိုးလိုက်တာ ဆရာရယ် … ဆရာ့တပည့် ဘာဖြစ်သွားလဲဟင်”
“ဘာဖြစ်ရမလဲ ဂေါက်တောက်တောက်ကို ဖြစ်သွားတာ၊ နောက်ပိုင်း ကျန်းမာရေး လည်း သိပ်မကောင်းတော့ဘူး၊ ခုထိ တရှောင်ရှောင်ပဲ”
“အဲဒီရမ်းကုတွေကို တရားမစွဲကြဘူးလား၊ ဒီလောက် လက်လွယ်စပယ် လုပ်နေကြ တာ”
“ဘယ်သူက စွဲမလဲ … ဒီတိုင်းပဲ နေနေကြတာပဲ … သူတို့ ရှေ့မှာဖြစ်သွားကြ တာတွေ မြင်လည်း သူတို့အလှည့်ရောက်ရင် ဒီရမ်းကုတွေဆီပဲ သွားကြတာပဲ”
“ဆေးရုံကို ဘာလို့မသွားလဲ ဆရာ … တွံတေးနဲ့ဆို နီးနေတာပဲ မဟုတ်လား”
“နီးနီးလေး … တွံတေးနဲ့က၊ ဒါပေမဲ့ ဆေးရုံသွားရင် ကရိကထများမှာနဲ့ ကုန်ကျ စရိတ်ကလည်း ရှိသေးတယ်လေ၊ ရမ်းကုတွေကျတော့ တော်ရုံသင့်ရုံလောက် ပိုက်ဆံပေးလို့ရနေတာဆိုတော့ …. … ….”
ဆရာ့စကားနားထောင်ရင်း ကျမခေါင်းတွေကြီးသွားသလို အုံတုံတုံ ထုံတုံတုံနဲ့ ..။ အသိပညာ နည်းလွန်းတဲ့ လူတွေကိုပဲ အပြစ်တင်ရမလား၊ ဒီလိုလူတွေကို အခွင့်အရေးယူပြီး လုပ်စားနေကြသူတွေကိုပဲ အပြစ်တင်ရမလား၊ အသိပညာ နည်းပါးအောင် လုပ်ထားကြသူတွေကိုပဲ အပြစ်တင်ရမလား … ။ ဒီလိုနဲ့ အဖိုးတန်လှတဲ့ အသက်တွေ ဆုံးရှုံးနေရပေါင်း ဘယ်လောက်များနေပြီလဲ … လို့ မရဲတရဲ တွေးနေမိပါတယ်။
***
“ကျန်းမာခြင်းသည် လာဘ်တပါး” ဆိုတာ အမြဲကြားဖူးနေကျ … သုံးစွဲနေကျစကား တခုပါပဲ။ “ကျန်းမာမှ ချမ်းသာမယ်” လို့ ပြောလာရင် … ကျမတို့က “ချမ်းသာမှ ကျန်းမာမယ်” … လို့ ပြန်လည် နောက်ပြောင် ပြောဆိုခဲ့ကြဖူးတယ်။ ခုခေတ်ကြီးမှာ ကျန်းမာဖို့အတွက် ပိုက်ဆံရှိမှဆိုတာမျိုး ဖြစ်နေပြီမဟုတ်လား။ ရောဂါတခုခုဖြစ်ရင် ပိုက်ဆံရှိတဲ့သူကရှိသလို ဇာချဲ့ပြီး ကုသနိုင်ပေမယ့်လို့ ပိုက်ဆံမရှိသူတွေအဖို့မှာ တော့ ရောဂါကို ဒီတိုင်း ရင်ဆိုင်ဖို့ကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။
ဒီတော့ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်” ဆိုတဲ့ စကား ပေါ်လာပြန်ပါရော။ ရောဂါတခု မဖြစ်ခင်က ကြိုတင်ကာကွယ်ရမယ်ပေါ့။ ရောဂါ မဖြစ်အောင် ဆင်ခြင်ရမယ်ပေါ့။ ဘယ်လိုဆင်ခြင်ကြမလဲ … ။ လူရယ်လို့ ဖြစ်လာရင် စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး ဆိုတဲ့ အဓိက အရေးကြီး ၄-ပါးမှာ ကျန်းမာရေးနဲ့ ပြည့်စုံချင်ရင် အရှေ့က ၃-ရေးနဲ့ ပြည့်စုံဖို့ လိုတယ်လို့ ထင်ပါတယ်။
အစားအသောက် - သမမျှတအောင် စားသောက်နိုင်ရင် ..
အ၀တ်အထည် - အပူအအေး ရာသီဥတုဒဏ်ခံနိုင်အောင် ၀တ်စားဆင်ယင်နိုင်ရင်
အနေအထိုင် - သင့်တင့်လျောက်ပတ်တဲ့နေရာမှာ လုံခြုံစွာ နေထိုင်နိုင်ရင် …
တော်ရုံတန်ရုံတော့ ကျန်းမာရေး အတွက် ပူပန်စရာ မလိုတော့ပါဘူး။
ဒီအချက်တွေနဲ့ ပြည့်စုံဖို့ဆိုတာကရော … လူတိုင်းအနေနဲ့ လွယ်ကူပါ့မလား။ ဒီအချက်တွေနဲ့ ပြည့်စုံဖို့က …ငွေကအဓိက ဖြစ်မနေပြန်ဘူးလား … ။ ငွေရှိပြီး ဗဟုဿုတ နည်းတဲ့သူတွေလည်း ရှိသားပါပဲ။ ဒါကြောင့်မို့ လောလောဆယ် ကျန်းမာဖို့အတွက်ဆိုတာမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာရှိဖို့ လိုအပ်ပြန် ပါရော။ ကျန်းမာရေး အသိပညာရှိဖို့ဆိုရင်ရော …ပြောပြရင် နားလည် နိုင်စွမ်းတဲ့ အခြေခံပညာရှိဖို့ လိုအပ်မယ်လို့ ကျမကတော့ ထင်တာပါပဲ။ ပြီးတော့ ဒေသအလိုက် ရိုးရာအစွဲအလမ်းတွေက ရှိသေးတယ်။ ဒီလို အစွဲအလမ်းတွေ ကင်းဝေးစေဖို့ကျတော့ သူတို့ နားလည်အောင်၊ လက်ခံနိုင်အောင် ဘယ်လို ရှင်းပြ ရပါ့မလဲ။ ကျမလည်း တွေးရင်းတွေးရင်း ဉာဏ်မမီတော့ပါဘူး။
***
ဒီစာကို လွန်ခဲ့တဲ့ တပတ်လောက်က တ၀က်တပျက် ရေးထားရင်းတန်းလန်းနဲ့ ဆက်မရေးဖြစ်ဘဲ နေရာက မယ်လိုဒီမောင်ရဲ့ ဘလော့ မှာ “ကျမ၏တနင်္ဂနွေ” ဆိုတဲ့ စာလေးကို ဒီနေ့ ဖတ်လိုက်မိပါတယ်။ ကျမဆရာပြောတဲ့ရွာနဲ့ မယ်လိုဒီမောင် လုပ်အားပေး သွားတဲ့ ရွာက ဘယ်လောက်ဝေးသလဲတော့ မပြောတတ်ပါဘူး။ ကော့မှူးမြို့နယ်ချင်း အတူတူပဲမို့ သိပ်တော့ ဝေးလှမယ် မထင်ပါဘူး။
မယ်လိုဒီမောင်တို့ searchers-myanmar အဖွဲ့လေးရဲ့ လုပ်ဆောင်ချက်ဟာ အင်မတန်မှ မွန်မြတ်လွန်းလို့ စာဖတ်ပြီးတဲ့နောက် ၀မ်းမြောက်စွာ သာဓုခေါ်လိုက် ပါတယ်။
***
မေတ္တာဖြင့် …
မေဓာဝီ
၎၊ ဇွန်၊ ၂၀၀၇
ည ၁၁ နာရီ တိတိ

4 comments:
အဲဒီလို ရမ်းကုတာကို ကျနော်လဲ တွေ့ဖူးတယ်။ ကျနော်တွေ့ဖူးတာကတော့ ကျနော်တို့ နယ်ဖက်မှာလေ၊ တခါတလေကျတော့လဲ သူတို့ကုတာက သူတို့အခေါ် `ဆေးလိုက်ရင် မိုးရေထိုးတောင် ပျောက်တယ်´ တဲ့။ ရိုးသားတဲ့ ဒေသခံတွေမှာတော့ တယောက်တယောက်က ကြက်ကန်းတိုးလို့ ဖြစ်ဖြစ်၊ ရောဂါသက်သာသွားတယ်ထင်ရင်ပဲ အစွဲအလမ်းကြီးကြီးနဲ့ အဲဒီဆရာမှ အဲဒီဆရာ ဖြစ်တော့တာပဲ။ ဆရာဝန်အစစ်တွေကိုတောင် အယုံအကြည်နည်းလာတဲ့ အထိကို ရမ်းကုတွေရဲ့ အရှိန်က ကြီးမားတာကို တွေ့ခဲ့ရဖူးတယ်။ အခုကတော့ ရန်ကုန်နဲ့ ဒီလောက်နီးတဲ့ နေရာဆိုတော့ ပိုဆိုးတာပေါ့။
ညီမတို့ အသိထဲမှာ ဒေါက်တာရမ်းကု လင်မယားရှိတယ်... မမေပြောတဲ့ ဒေသဘက်မှာ သွားလုပ်တာပေါ့... သူတို့ကတော့ ပျော်လို့ မောလို့ပဲဗျ... တပတ်၊ တပတ် ဆေးကုပြီးပြန်လာရင် နောက်ထပ် နှစ်ပတ်လောက် ထိုင်စားတော့ပဲ...ဟိုက ပိုက်ဆံမပေးနိုင်ရင် ဆန်တွေ၊ ဆီတွေ သယ်လာကြတာ...သူတို့ကို တောသူတောင်သားတွေက ဆရာ၊ ဆရာကတော်နဲ့ ခေါ်ကြတာကိုလည်း ဂုဏ်ယူစွာနဲ့ ပြန်ပြောပြတတ်သေးတယ်...သူတို့ကိုယ် သူတို့တော့ ဒီလို ကူညီရတာ ကုသိုလ်ရတယ်လို့တောင် ပြောနေတာ...တကယ်ကို ရင်လေးစရာပါပဲ...
It is the cycle of poverty: poverty in Education leads to the poverty in General : knowledge, ethic, ability to differentiate between right and wrong. Neither can we blame on the villagers nor those faked doctors. Who are we to blame? The answer is simple : the leading bulls and the system. The system in Myanmar is so deteriorated even to the core and.. you can do the math for the leading bulls on how great their 'ideas' are.
ခက်တော့ခက်တယ်
ကျန်းမာရေးကိစ္စကလေ
သူကအသုံးဘဲ ရှိပြီးအရမရှိတော့  တခါတလေဦးစားပေးထဲမပါတာတွေရှိတယ်
ခုကိစ္စကဆေးရုံရှိရက်နဲ့  မသုံး နိုင်တာဆိုတော့ 
အင်းးးး
ဆေးရုံမှာချို့  ယွင်းတာတွေ ရှိနေပြီ
နောက်ဥပဒေက မရှိတာမဟုတ်ဘူးဒီဥပဒေတွေက ကြာလှပြီ
ဒီတိုင်းထင်မြငချက်ပေးဘို့  တော့မလွယ်လှဘူး
ပြောင်းလဲဘို့  ဆို အသေအချာပြန်စစ်ကြမှ
ခက်တာက အခုကိုသေနေကြတော့  အမြန်လုပ်ရမဲ့  အလုပ်တခုဘဲ
Post a Comment