Tuesday, February 13, 2007

ဖေဖော်ဝါရီ ၁၃ မှာ ….

ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေမယ်ဆိုရင် ဒီနေ့ဟာ ဗိုလ်ချုပ်ရဲ့ ၉၂ နှစ် ပြည့် မွေးနေ့ပဲ လို့ မနက် မိုးလင်းလင်းချင်း သတိရနေမိတယ်။ ဗိုလ်ချုပ် မရှိတော့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ဘာတွေများ ပြောင်းလဲ ခဲ့ပါသလဲ … ဘာတွေများ တိုးတက်ခဲ့ပါသလဲ … ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာ ကြရဲ့လား … လို့လည်း စိတ်ထဲ တွေးနေမိတယ်။

ဒီလို တွေးမိရာက … “ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ” ဆိုတဲ့ စာအုပ်ကိုရှာပြီး ပြန်လည် ဖတ်ခဲ့ပါတယ်။ ဒီစာအုပ်က စာမျက်နှာ ၄၅၀ကျော်ကျော် လောက်ရှိတဲ့ စာအုပ် ထူကြီးပါ။ ငယ်စဉ်ကတော့ အစအဆုံး ဖတ်ခဲ့ဖူးပါတယ်။ ခုတော့ အချိန်မရတာကြောင့် အစအဆုံး မဖတ်နိုင်တော့ဘူး။ ဒါပေမဲ့လည်း ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးတွေ အမှတ်တရ ဘလော့ပေါ် တင်ပေးချင်တာကြောင့် … လက်လှမ်းမီသလောက် ဖတ်ရှုပြီး ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
***
“ကျွန်တော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီးလုပ်တော့မယ်၊ ပြတ်ပြတ်သားသား လုပ်တော့မယ်၊ ကျွန်တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်းထောက်ပြီး ချီတုံ ချတုံ ဖြစ်နေမှုကြောင့် လူထု မနစ်နာစေချင်တော့ဘူး။ လူထုရဲ့ အကျိုးကို မျှော်ကိုးသောအားဖြင့် တိုင်းပြည် မှောက်သွားအောင် ကြိုးပမ်းနေတဲ့ သူတွေကို ကျွန်တော်တို့က ‘အစွမ်းကုန် ချရမှာဘဲ’ ဆိုတာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။”

“လူမျိုးရေး တရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ အခြားလူမျိုးတွေ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာ ကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး တရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုးကိုယ် ချစ်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားလဲ ဖြစ်ရမယ်။”

“လူမျိုးရေးတရား ဆိုတာဟာ ကိုယ့်အမျိုးသား ချစ်ပီး ဒိပြင်လူတွေ မလိုမုန်းထားတာ လူမျိုးရေးတရားပဲလား … မဟုတ်ဘူး။ ကိုယ့်အမျိုး ချစ်ရုံနဲ့ ဒိပြင် အမျိုးတွေကို မုန်းဘို့ မလိုဘူး။ သို့သော်လဲ ကိုယ့်အမျိုး အကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းက လူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ရိုက် နှိမ်နင်းရမှာပေါ့၊ ဒါက ငါတို့ အမျိုးရဲ့ ရန်သူ အဖြစ်ဖြင့်သာ နှိမ်နင်းခြင်းဖြစ်တယ်၊ ဘယ်လူမျိုး ဘယ်သူဘယ်ဝါ ဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး”

“အသရေ ပျက်မှု ဖြစ်စေတဲ့ စကားမျိုးကလွဲလျှင်၊ တရားဥပဒေအတွင်း ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဆဲချင်တာ ဆဲနိုင်တယ်။ ဝေဘန်ချင်တာ ဝေဘန်နိုင်တယ်၊ အသရေပျက်တဲ့ စကားမျိုးကို လက်မခံနိုင်ဘူး။ သတင်းစာတွေကိုလည်း ပြောလိုက်မယ်၊ ဒီအစိုးရလက်ထက်နှင့် တခြားအစိုးရလက်ထက် သေသေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်။ ကျုပ်တို့ကို ထောက်ခံချင် ထောက်ခံ၊ အားပေးချင်လဲ အားပေး၊ အတိုက်အခံ ဝေဘန်ချင်တဲ့ သတင်းစာကလဲ ဝေဘန်၊ သဘောအတိုင်းဘဲ”

“ကျုပ် နိုင်ငံရေး လုပ်လာတာ ကြွားချင်လို့လဲ လုပ်နေတာ မဟုတ်ပါဘူး၊ ဗမာပြည် လွတ်လပ်ရေး ရစေချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ၊ ကျုပ်က နိုင်ငံရေး မလုပ်ရလို့ ထမင်းငတ်သွားမဲ့ လူမျိုး မဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ ကျုပ်အဖို့မယ် မြတ်တယ်လို့ကို မထင်ဘူး၊ အရှုံးကြီးနဲ့ချည်း လုပ်နေရတာပဲ။”

***
ဗိုလ်ချုပ်မွေးနေ့ကို တချို့လည်း မေ့ချင် မေ့နေကြပါလိမ့်မယ်။ အဲဒီလို မေ့နေကြတာ အပြစ်တော့လည်း ဆိုလို့မရပါဘူး။ တကယ်တော့လည်း နေ့တွေ ရက်တွေထက်ကို ဗိုလ်ချုပ် ပြောခဲ့တဲ့ စကား … ဗိုလ်ချုပ် အဆုံးအမတွေကို လိုက်နာဖို့ကသာ ပိုအရေးကြီးတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ကို အလေးထားသူတွေ လေးစားသူ တွေကတော့ ဒီနေ့ ဒီရက် ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

အဲဒါနဲ့ ပတ်သက်လို့ ဟိုတနေ့က ပြန်ဖတ်ဖြစ်တဲ့ လွတ်လပ်ရေးတိုက်ပွဲ စာအုပ်လေးထဲမှာ ဗိုလ်သိမ်းဆွေ ရေးခဲ့တဲ့ ဆောင်းပါးလေးကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
ဗိုလ်သိမ်းဆွေဟာ အမေရိကန် ပြည်ထောင်စုမှာ စာကြည့်တိုက်ပညာ သွားသင်နေစဉ် ဗိုလ်ချုပ်မွေးနေ့နဲ့ ကြုံကြိုက်တဲ့အတွက် မွေးနေ့ပွဲ ကျင်းပခဲ့ကြပုံကို ခုလို ရေးသားထားပါတယ်။
***
ဝါရှင်တန်နှင့် ဗိုလ်ချုပ်မွေးနေ့

(ဗိုလ်သိမ်းဆွေထံမှ ပေးစာ)
မြန်မာ့အလင်း သတင်းစာ (၁၁-၂-၅၃)နေ့ထုတ်၌

မြန်မာ့အလင်း အယ်ဒီတာ ခင်ဗျာ၊

ဗိုလ်ချုပ်မွေးနေ့အတွက် အမှီ ရေးပို့လိုက်ပါတယ် ခင်ဗျာ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သံအမတ်ကြီး မစ္စတာ ဘယ်ရင်တန် နေအိမ်၌ သံရုံးသားအားလုံး ၀ါရှင်တန်မြို့တော်ရှိ ဗမာအားလုံးက ငွေစုဆောင်းပြီး ဗိုလ်ချုပ်မွေးနေ့ ကျင်းပကြပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သံအမတ်ကြီးက ပြော၍ ကျွန်တော်က ဗိုလ်ချုပ် ပြည်တောင်စု မည်ကဲ့သို့ ထူထောင် ဆောင်ရွက်ခဲ့ပုံကို ပြောပြပြီး ဗမာထမင်း ဗမာဟင်းနဲ့ ဧည့်ခံကျွေးမွေး၍ ဗမာအက အဆိုနဲ့ ဖြေဖျော်ရန် စီစဉ်နေကြပါသည်။
နယူးရောက်မြို့ရှိ ဗမာတစုကလည်း ပြုလုပ်ကြပါလိမ့်မည်။
x x x x x x x x
ဗမာပြည်မှာတော့ လုပ်ဖြစ်မဖြစ် မသိရပါ။ ဆိုရှယ်လစ် ညီလာခံကြီး ကျင်းပသည်မှာ အမေရိကန်အထိ ဂယက်တော့ ရိုက်လာပါတယ် ခင်ဗျား။ ဒါပေမယ့် ဗိုလ်ချုပ် မွေးနေ့ မကျင်းပဖြစ်ရင် သုံးနှစ်ဆက် ကျင်းပခဲ့ပြီးမှ မကျင်းပဖြစ်တာ ဖြစ်မှာစိုးပြီး ၀မ်းနဲစရာ ကောင်းနေပေလိမ့်မည်။
x x x x x x x x

စသည် … စသည် ရေးသားထားတာ ဖတ်လိုက်ရပါတယ်။

ခုတော့ဖြင့် ဗိုလ်ချုပ်မွေးနေ့ မပြောနဲ့ ဗိုလ်ချုပ် နာမည်ကိုတောင် သမိုင်းမှာ ဖျောက်လို့ရရင် ဖျောက်ထားချင် နေကြပါပြီ။ အစိုးရ ရုံးအဖွဲ့အစည်း တွေမှာ ဗိုလ်ချုပ်ဓာတ်ပုံ ရှိပါသေးရဲ့လား။ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်ထဲမှာ ဗိုလ်ချုပ်အကြောင်း သင်ကြားရပါသေးသလား။
သမိုင်းဆိုတာဟာ ဖျောက်ချင်တိုင်းရော ဖျောက်လို့ရပါ့မလား ….
အဲဒီလိုတွေ တွေးနေမိရင်းနဲ့

ဖေဖော်ဝါရီ ၁၃ -မှာ
ဗိုလ်ချုပ်မွေးနေ့ပါ …
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေဦးဖာ သား …

… … …. …. …. ဆိုတဲ့ ကဗျာလေး ကိုသာ စိတ်ထဲက ရွတ်ဆို နေမိပါတော့တယ်။
***
မေဓာဝီ
13.2.07
11:03 am

4 comments:

Anonymous said...

oh.. thanks but i can't read

Ka Daung Nyin Thar said...

တိုင်းပြည်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အလေးပြု!!!

Anonymous said...

ဘလော့ခ်တွေလိုက်ဖတ်ခြင်းရဲ့ အကျိုးကတော့ ကိုယ်မသိသေးတာတွေ၊ ကိုယ်မမှတ်မိပဲ/အမှတ်တမဲ့ဖြစ်နေတာတွေ ကို ပြန်လည် မှတ်မိသိရှိခွင့်ရပါတယ်၊ အားလုံးကိုယ်စား ကျေးဇူးပါ မမေ.... ညလေးလဲ မေ့နေပါတယ်၊ သတိမရတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတယ်။ မေ့ရကောင်းလားလို့..... :(
ကိုကဒေါင်းပြောသလို ဗိုလ်ချုပ်ကို ရိုသေစွာ အလေးပြုပါတယ်.....

ကလိုစေးထူး said...

ဒီဘလော့က ကုန်ကြမ်းအမြဲမပြတ်ရှိနေပြီး မှန်မှန်လည်ပတ်နေတဲ့ စက်ရုံကြီး တခုလိုပါပဲလား။ အချက်အလက် အထောက်အထားတွေလဲ ပြည့်စုံပါပေ့။ ရေးချင်တာကို အဲလို တိတိကျကျရေးနိုင်တာကို အားကျမိပါရဲ့။ ဗိုလ်ချုပ်မွေးနေ့ကို (တခါတရံ) မသိလိုက်မသိဘာသာ မေ့ဖူးတဲ့အထဲမှာ ကျနော်လဲ ပါပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်စကားတွေကိုတော့ အလေးထားလျက်ပါ။ ဒါကြောင့် ဗိုလ်ချုပ်ကို ကျနော်မမေ့ပါ။ မေ့အောင်လုပ်နေသူတွေကတော့....။