Thursday, February 15, 2007

ထောင်းထောင်းမကြေ သင့်တော့ပါ …

၇-၂-၂၀၀၇နေ့ထုတ်တဲ့ Weekly Eleven ဂျာနယ်ထဲက လူထုဦးစိန်ဝင်း ရေးတဲ့ “လူငယ်တွေ တွေးဆကြည့်စေချင်လို့”ဆောင်းပါးကို ဖတ်မိရာက … ဒီစာကို ရေးဖြစ်ပါတယ်။
***
ဆောင်းပါးထဲက တချို့ကို ဦးဆုံး ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
***
မြန်မာပြည်မှာ နှစ်ပေါင်း ၁၀၀ကျော်ထိ ဆက်လက်တည်တံ့ နေတဲ့ လုပ်ငန်းမျိုး မရှိသလောက် ရှားပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒီလို လုပ်ငန်းကြီးတွေကို အရှည်သဖြင့် တည်တံ့အောင် စနစ်တကျ ကုမ္ပဏီကြီးတွေ ဖွဲ့စည်း၊ အစုရှယ်ယာတွေ ထုတ်ရောင်း စီမံအုပ်ချုပ်ရေး ဒါရိုက်တာအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ကြတာ ဖြစ်လေတော့ နှစ်ပေါင်း ၁၀၀၊ ၂၀၀ ထိ တည်တံ့တာမျိုးတွေ အများကြီးရှိပါတယ်။
…… …… ……
…… …… ……
မြန်မာနိုင်ငံမှာတော့ မင်းတုန်းမင်းတရားကြီး လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ “ဟံသာဝတီ” ပိဋကတ် စာအုပ်တိုက်ကြီး တစ်တိုက်ကလွဲရင် ဒီလောက် သက်တမ်းရှည်ကြာတဲ့ လုပ်ငန်းဆိုလို့ တိုင်းရင်းဆေး လုပ်ငန်း တွေသာ ရှိလိမ့်မယ် ထင်ပါတယ်။
…… …… ……
ဟံသာဝတီ စာအုပ်တိုက်ကြီးဆိုတာတောင် ခုခေတ်မှာတော့ နာမည် မပျောက်ရုံ လောက်သာ ရှိပါတော့တယ်။ ရှေးကလို မြန်မာစာပေ လောကရဲ့ မီးရှူးတန်ဆောင် နေရာမှာ ရှိမနေတော့ ပါဘူး။ ၀မ်းနည်းစရာ ကောင်းလှပါတယ်။
…… …… ……
…… …… ……
မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်ဟာ ဟုန်းကနဲထတောက်ပြီး ချက်ချင်းငြိမ်းသွားတဲ့ ကောက်ရိုးမီးလိုပဲ လို့ တချို့ ပညာတတ် အသိုင်းအ၀ိုင်းက လူများ ပြောဆိုကြတာ မမှားလောက်ဘူး လို့လည်း ယူဆရမလိုလို ဖြစ်ပါတယ်။
တည့်တည့် ပြောရရင်တော့ ဒီဘက်ခေတ် လူငယ်တွေဟာ သူတို့ရဲ့ မိဘ ဘိုးဘွားများ ခေတ်က လူငယ်တွေထက် ကိုယ်စွမ်း ကိုယ်စ ညံ့ဖျင်းကြ လေသလား လို့တောင် တွေးနေမိပါတယ်။
အေ၀မ်း၊ ဗြိတိသျှဘားမား၊ ပဲရောက်၊ ဟံသာဝတီ စတဲ့ လုပ်ငန်းကြီးတွေကို တည်ထောင်ခဲ့ကြသူ မျိုးချစ် မြန်မာ လူကျော် ကြီးများရဲ့ မျိုးဆက် သားသမီး မြေးမြစ်တွေ တစ်ပုံ တစ်ပင်ကြီး ကျန်ရစ်ကြပါတယ်။
…… …… ……
…… …… ……
ကျောင်းသား တပည့်တစ်ယောက် တစ်ခါက ပြောခဲ့တဲ့ စကားကို ပြန်ပြီး အမှတ်ရမိပါတယ်။ အဲဒီတပည့်ရဲ့ အဖေက တစ်ခေတ်က နာမည်ကျော် မြို့မျက်နှာဖုံးကြီး တစ်ဦးပါ။ ကန်တော်ကြီးစောင်းမှာ ကြီးမားကျယ်ပြန့်တဲ့ ခြံဝင်းကြီးနဲ့ နေတာပါ။
‘အဖေ့လက်ထက်က ခြံတစ်ခြံ အိမ်တစ်လုံးသာ ရှိတာကို ကျွန်တော်တို့ လက်ထက်မှာ လေးငါးဆ ပွားအောင် လုပ်နိုင်ခဲ့တယ် ဆရာရဲ့’
တပည့်က ရယ်သလို မောသလို ပြောခဲ့တာပါ။ သူ့အဖေ လက်ထက်က ကျယ်ဝန်းလှတဲ့ ခြံကြီးကို ပိုင်းပိုင်းပြီး တပိုင်းပြီး တပိုင်း ရောင်းလိုက်တာ နောက်ဆုံးကျတော့ အဲဒီနေရာမှာ တိုက်သစ် တာသစ်တွေ တစ်ပုံကြီး ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။”

***
အဲဒီဆောင်းပါး ဖတ်ပြီး ကျမစိတ်ထဲ စိတ်မကောင်း ဖြစ်မိသလို ရှက်လဲ ရှက်မိတယ်။ ဘာကြောင့် ဆိုတော့ …. ဆရာကြီး ဥပမာပေးတဲ့ မျိုးချစ်မြန်မာ လူကျော်ကြီးတွေရဲ့ မျိုးဆက် သားသမီး မြေးမြစ် ဆိုတဲ့ အထဲမှာ ကိုယ်တိုင် ပါဝင်နေလို့ပါပဲ။ သို့သော်လည်း ကျမဟာ အစွန်အဖျား နေရာကမို့ ဘာမှ မစွမ်းဆောင်နိုင်ပါဘူး။ စွမ်းဆောင်ဖို့ အခွင့်အရေးလည်း မရှိပါဘူး။ ဒါကြောင့် လက်ရှိ အခြေအနေဟာ တကယ်ပဲ ဆရာကြီး ပြောသလို ကိုယ်စွမ်း ကိုယ်စ ညံ့ဖျင်းသူတွေ ဖြစ်နေခဲ့ပါတယ်။

ဘိုးဘွားတွေ ချွေးနဲ့ သွေးနဲ့ လုပ်အား ဥာဏ်အားတွေနဲ့ ရင်းပြီး တည်ထောင်ခဲ့တဲ့ လုပ်ငန်းကြီးတွေဟာ ဒီဘက်ခေတ်မှာ … တစ တစ မှေးမှိန်ရာက ပျောက်ကွယ်လု ဖြစ်နေပါပြီ။ နှမြောဖို့လည်း ကောင်းသလို … ရင်နာဖို့လည်း ကောင်းပါတယ်။ ဒါတွေကို ပြန်လည် ထူထောင်ဖို့ရာမှာ တယောက်ထဲနဲ့ မရပါဘူး။ စိတ်ဓာတ် ရှိတဲ့ ဆွေမျိုး သားချင်းတွေ ညီညီညွတ်ညွတ် လုပ်မှ ရနိုင်မှာပါ။

အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ … များသောအားဖြင့် ဒါတွေဟာ အဖိုးတန်မှန်းလည်း မသိဘူး။ ဘိုးဘွား အမွေကို စောင့်ရှောက်ရ ကောင်းမှန်းလည်း မသိဘူး။ အမွေဆိုတာ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ တည်ထောင်ခဲ့တဲ့ နာမည်ကို ဆိုလိုတာပါ။

မျိုးဆက်သစ်တွေဟာဘိုးဘွား အမွေကို မစောင့်ရှောက်နိုင်ဘဲ အားနည်းချက် ချို့ယွင်းချက်တွေ ဖြစ်နေရတာ ဘာကြောင့်များလဲ လို့ အတွေးတိမ်တိမ် နဲ့ စဉ်းစားကြည့်မိပါတယ်… ။ လူ မဟန်ရင် ကံ ကိုပုံချတယ်ပဲ ပြောမလား … ကျမတို့ ရှင်သန် ကြီးပြင်းလာရတဲ့ ခေတ်နဲ့ စနစ်ကြီး ကြောင့်လို့ ခေတ်ကိုပဲ လက်ညှိုးထိုး ကြရမလား … ။ တကယ်တော့ လူတွေ ညံ့လို့ ခေတ်က ညံ့ သွားရတာပါ။ လူတွေ ဆိုးလို့ ခေတ်က ဆိုးရတာပါ။

တနေ့ တနေ့ အဖေနဲ့ ကျမ ဒီအကြောင်းကို ခဏခဏ ပြောဖြစ်ကြပါတယ်။ ပြန်လည် ထူထောင်ဖို့ဆိုတာ စိတ်ဓာတ်သာ ရှိသော်လည်း လက်တွေ့မှာတော့ ကျမတို့ သားအဖလည်း မတတ်နိုင်ပါဘူး။ ဒီတော့ မတတ်နိုင် လက်မှိုင်ချပါလို့ … ရင်နာနာနဲ့သာ နေခဲ့ရပါတယ်။ သူများပြောလည်း ပြောစရာ ဖြစ်ခဲ့ပြီပေါ့။

အဖေကတော့ ခုလို ပြောပါတယ်။
“လယ်ယာ လုပ်တဲ့ သူတွေဟာ ၀မ်းစာအတွက် ဖယ်ပြီးရင် နောက်တခါ ထပ်စိုက်ပျိုးဖို့ မျိုး ဆိုတာ ပြန်ချန် ကြရတယ်။ မျိုးစပါးတို့ ဘာတို့ပေါ့၊ ဒါမှ … ဒီလယ်ယာက အမြဲတမ်း ရှင်သန်နေမယ်၊ အဆက်မပြတ် ဖြစ်ထွန်းနေမယ်။ မဟုတ်ရင် တခါစားပဲ ဖြစ်သွားမှာ။ အခု ဖြစ်ပုံက … ဘိုးဘွားတွေ ချန်ထားတဲ့ မျိုးစေ့တွေကို ထပ်မစိုက် ကြတော့ဘဲ ပြုတ်စား နေကြသလို ဖြစ်နေတယ်”

ဆွေမျိုးထဲက လုပ်ပိုင်ခွင့် ရှိသူတွေဟာ ရှိသမျှ မျိုးစေ့တွေကို ပြုတ်စား နေကြမှတော့ ကျမတို့လို အစွန်အဖျား လေးတွေက ဘာများ တတ်နိုင် ဦးမှာတဲ့လဲ။
ဒါဟာ … ကျမတို့ ဆွေမျိုး အသိုင်းအ၀ိုင်း တခုထဲမှာ ကိုပဲ ကြည့်ပြီးပြောနေတာပါ။
***
ကဲ … ကျမတို့ တိုင်းပြည်ကြီးကို ကြည့်ကြရအောင် … ။
လွတ်လပ်ရေး ရဖို့ … တိုင်းရင်းသားတွေ ညီညွတ်ဖို့ … တိုင်းသူ ပြည်သားတွေ ကောင်းစားဖို့ … အသက်ပေါင်းများစွာ သွေးတွေ ချွေးတွေ ဘ၀တွေ ရင်းနှီးခဲ့ကြရတယ်။ ကြိုးစား ခဲ့ကြရတယ်။
ခု … လက်ရှိ ကျမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေသလဲ …. ။
လွတ်လပ်ရေး ရခဲ့ပြီးပြီ … တိုင်းရင်းသားတွေ ညီညွတ် ရဲ့လား။
ပြည်သူလူထု ကောင်းစားရဲ့လား။ တိုင်းပြည်ရော အဆင့်အတန်း မြင့်နေပြီလား။

ကိုယ့်လက်ထဲမှာ ရှိတဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ဟိုလူ ဒီလူ လျှောက် ရောင်းစားပြီး ကိုယ့်ပြည်သားတွေ ကတော့ ငတ်မွတ်လို့။ ဒီတိုင်းပြည်ကို အမှီပြုပြီး ကြီးပွားသူတွေ ကြီးပွားသွားကြပေမဲ့ … အများပြည်သူ လုထုကတော့ ဖွတ်ကျောပြာစု ဘ၀မျှသာပါပဲ … ။ တိုင်းပြည်က အဖိုးတန် သယံဇာတတွေ အပြင် တိုင်းပြည် ထူထောင်ဖို့ အဓိကအရေးပါတဲ့ ပညာရှင်တွေပါ တဖြည်းဖြည်း လျော့ပါး လာကြပြီ။
သမိုင်းဝင် အဆောက်အဦးတွေ ဆိုတာလည်း ဟိုငှား ဒီငှားနဲ့ ဘာမှ မကျန်တော့ဘူး …နောက်ဆုံး ငွေသာ ရမယ်ဆိုရင် တိုင်းပြည်ကိုလည်း ဟိုတစု ဒီတစု ဖဲ့ပြီး ရောင်းချင် ရောင်းကြလိမ့်ဦးမယ်။

အဲဒီအခါ ဘယ်လိုပြောကြမလဲ …. ။
ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ တပည့် ပြောသလို …. အဖေ့လက်ထက်က ထက် ကျွန်တော့် လက်ထက်မှာ ပွားများအောင် လုပ်နိုင်တယ်လို့ ဆိုကြဦးမလား … ။

ဒီလိုနဲ့ …. ဘိုးဘွားတွေ ပျိုးထောင်ခဲ့တဲ့ လယ်ယာက မျိုးစေ့တွေဟာ တဖြည်းဖြည်း လုံးပါးပါးရင်း … တစေ့မှကို ကျန်တော့မှာ မဟုတ်ပါဘူး။

ရှေးရှေးက ကုဋေရှစ်ဆယ်သူဌေးသားဟာ အမြင်မကျယ် ပညာမရှိလို့ မိဘ ဘိုးဘွား အမွေအနှစ်တွေကို ဆက်လက် မစောင့်ရှောက် နိုင်ဘဲ နောက်ဆုံး ခွက်လက်စွဲပြီး တောင်းစားရတဲ့ ဘ၀ကို ရောက်ခဲ့ရပါတယ်။

ခုခေတ် အမြင်ကျယ် ပညာတတ်တဲ့ လူငယ်တွေရဲ့ လက်ထက်မှာ အရင်ခေတ်က ကုဋေရှစ်ဆယ် သူဌေးသားလို အိမ်ကိုရောင်းပြီး ထောင်းထောင်း မကြေသင့်တော့ဘူး မဟုတ်လား။

အဲဒါနဲ့ ပတ်သက်လို့ အဖေက ခုလို ကဗျာလေး ရေးခဲ့ဖူးပါတယ်။ ၁၉၇၄ ခုနှစ်ဆီကပေါ့။
***
“အိမ်ကိုရောင်းလေ ထောင်းထောင်းကြေ”

ရှေးသရော အခါ၊
ပြည်ဗာရာဝယ်၊ ကုဋေကြွယ်ငြား
သူဌေးသား … ။

သူကား ငယ်က၊ မရပညာ
မသင်ပါ၍၊ ဥစ္စာယိုယွင်း
ဆင်းရဲခြင်းဖြင့်၊ သက်ဆင်း ဒုက္ခ
ရောက်ခဲ့ရ၏။

ပညာမပြည့်၊ ဥာဏ်မရှိ၍
အသိမမြင်၊ မဆင်ခြင်ဘဲ
သူ့တွင်ဥစ္စာ၊ ရှိသည်ငှာကို
များစွာ ကျွန်ပေါင်း၊ မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊ အိမ်ကို ရောင်း၍
ထောင်းထောင်းကြေခဲ့ရပါသည်။

ခေတ်သစ်မှာဖွား၊ သူဌေးသားငဲ့
သင်ကားပညာ၊ သင်ခဲ့တာမို့
ဗာရာဏသီ၊ ပဝေနီက
မကြည်ဝိုးဝါး၊ သူဌေးသားနှင့်
လားလား မတူနိုင်ပါချေ။

ပညာရှိသူ၊ သင်တမူကား
ဥာဏ်ကူ ပိုင်းခြား၊ ဆင်ခြင်ပွား၍
မမှားစေရာ၊ လုပ်နိုင်ပါလည်း
များစွာဥစ္စာ၊ ရှိသည်ငှာကို
ဆုတ်ခွါစေကြောင်း၊ အိမ်ကိုရောင်း၍
ထောင်းထောင်းမကြေသင့်တော့ပါ။
(၁၉၇၄-ဇန်န၀ါရီ)
***
အိမ်ကို ရောင်း၍ ထောင်းထောင်းမကြေစေဖို့ ပညာရှိသူ အသင်လူငယ်တို့၏ တာဝန် မဟုတ်ပါပေလော။
***
မေဓာဝီ
14.2.07
10:07 pm

2 comments:

Anonymous said...

when i was in Myanmar, i went to Pagan and spent for three days. During i was there i went to all temples in there. Having seen those huge temples like Ananda, Dhamma yangyi, the thought came into my mind that my country would be a devolved country like Japan and England, if we, new Myanmar generation, could maintain the standards of Pagan.Meanwhile the other thought came into my my mind that and why the other countries are more and more devolved but ours is more and more falling down.

till now i have not the right answer for my thoughts.

The nearest answer, i think, is because of our blind and hard hearted Leaders. the other answer may be disunited of nation.

They all gave bad inherit to us and we, all generation also did not learn our old generation's bad attitude.

Till we know, we don't try to unite and cannot sacrifice like our Bogoke.

So we should try to learn what are the main sources which make us poor in material and spiritual in our myanmar's heart.

These are some ideas from my heart.


Thanks Ma May for your post which lightens us.

May all Myanmar new generation think the sources which make us poor in spiritual and material from our and may all can replace with good for our nation!!!!

Anonymous said...

မြန်မာပြည်နဲ့ပတ်သက်ပြီး ဘယ်အကြောင်းအရာပဲ ပြောမိပါစေ၊ အုပ်ချုပ်မင်းလုပ် နေသူနဲ့ကို မကင်းနိုင်ပါဘူး။

တိုင်းရင်းသားတွေ မစည်းလုံးလို့၊ ၈၈ အတွက်ကုစား နေရသေးလို့၊ နာလန်ထူနေဆဲ ကာလဖြစ်လို့ စသည် စသည် ပြောဆိုချက်တွေဟာ ကိုယ်ညံ့တာကို ဝန်မခံချင်တဲ့ ဆင်ခြေတွေသက်သက်ပါ။

၁၉၆၂ခုနှစ်ကစပြီး နာမည်အမျိုးမျိုးပြောင်းပြီး အုပ်ချုပ်တယ်၊ အနှစ်၄၀ ကျော်လာတဲ့တိုင် ဘာမှမတိုးတက်တဲ့ အပြင် တနိုင်ငံလုံး တဖြည်းဖြည်း ဆုတ်ယုတ်သွားတာ အားလုံးအသိပါပဲ။ ဒီယန္တရား အောက်မှာပုံမှန် လမ်းအတိုင်း လျှောက်နေလို့တော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး။ အနည်းဆုံး လာဘ်ထိုးခြင်း အတတ်ကို ကျွမ်းကျင်ရမယ်၊ ဆယ်စုနှစ် ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အဲဒီ ယဉ်ကျေးမှုကို အမြစ်ပြတ်အောင် ဖြေရှင်းဖို့ကြံဆတာ မတွေ့ရပါ၊ ကောက်ရိုးမီးလို ခဏပဲတောက်နိုင်တဲ့ လုပ်ရပ်တွေကိုတော့ မြင်ရပေါင်း များပါပြီ။ ဥပဒေ ဆိုတဲ့အရာဟာလည်း အာဏာပိုင်တွေရဲ့ ပါးစပ်ပေါက်က ထွက်တာပါ၊ ဒီလိုနိုင်ငံမှာ ပုံမှန်လုပ်ရိုး လုပ်စဉ်အတိုင်း ကျင့်သုံးပြီး အောင်မြင်အောင် လုပ်ဖို့အင်မတန်မှ ခဲယဉ်းပါတယ်။ ဆိုလိုတာကတော့ ပြဿနာအရင်းအမြစ်က ခေါင်းဆောင်တွေ ညံ့ဖျင်းလို့ပါပဲ၊ နိုင်ငံကိုကောင်းအောင် လုပ်ဖို့မကြိုးစားပဲကိုယ်ကျိုးအတွက်ပဲ အာဏာမြဲအောင် လုပ်နေသူတွေ အုပ်ချုပ်နေသ၍ မြန်မာပြည် ကြီးပွားချမ်းသာ နိုင်တဲ့အခြေအနေ ပြန်ရောက်ဖို့ လမ်းမမြင်သေးပါ။